အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်မှု ဘေးကင်း လုံခြုံရေး အဖွဲ့ (NHTSA) လက်ထဲမှာ ရှိတဲ့ ယာဉ်တိုက်မှု အချက် အလက်တွေကို တောင်းယူနေမှုအား ပယ်ချပေးဖို့ တက်စ်လာ (Tesla) က တောင်းဆိုလိုက်ပါတယ်။
အဆိုပါ အချက်အလက်တွေကို လူသိရှင်ကြား ထုတ်ပြန်လိုက်မယ်ဆိုရင် တခြား ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်မှုမှာ ထိခိုက်နိုင်တယ်လို့ တက်စ်လာက ဆိုထားတာပါ။
တောင်းဆိုထားတဲ့ အချက်အလက်တွေက လျှို့ဝှက်ထားရမှာဖြစ်ပြီး ပြိုင်ဖက်တွေအနေနဲ့ တက်စ်လာရဲ့ နည်းပညာတွေကို ရရှိသွားနိုင်တယ်လို့ ဝါရှင်တန် တရားရုံးတခုက ကြားနာမှုမှာ တက်စ်လာက ပြောကြားခဲ့တာပါ။
အကူ ယာဉ်မောင်းစနစ် အသုံးပြုနေစဉ် အတွင်း ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှု အချက်အလက်တွေကို ရလိုမှုနဲ့ The Washington Post နဲ့ NHTSA တို့ ပြီးခဲ့တဲ့နှစ်က တရား ရင်ဆိုင်ရပါတယ်။
အဆိုပါ အမှုနဲ့ ပတ်သက်ပြီး တက်စ်လာက အထက်ပါအတိုင်း တောင်းဆိုလိုက်တာဖြစ်ကြောင်း သိရပါတယ်။
တက်စ်လာဟာ Autopilot နဲ့ Full Self-Driving (FSD) အပါအဝင် သူတို့ရဲ့ နည်းပညာမြင့် အကူ ယာဉ်မောင်း စနစ်တွေနဲ့ နာမည်ကျော်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
အလိုအလျောက်မောင်း ဆော့ဖ်ဝဲဟာ ယာဉ်မောင်းသူရဲ့ ကြီးကြပ်မှု လိုအပ်မှာဖြစ်ပြီး ယာဉ်တွေကို လုံးဝ အလိုအလျောက် ဖြစ်စေတာ မဟုတ်ဘူးလို့လည်း တက်စ်လာက သူတို့ရဲ့ နည်းပညာကို ခုခံပြောဆိုထားပါတယ်။
NHTSA ဟာ ယာဉ်တိုက်မှု သတင်း အချက်အလက် တချို့ကို ထုတ်ပြန်ခဲ့ပေမယ့် အသုံးပြုထားတဲ့ နည်းပညာတွေ၊ ယာဉ်တိုက်မှု အခြေအနေတွေ၊ တည်နေရာတွေ နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အသေးစိတ် အချက်အလက်တွေ မပါဝင်ဘူးလို့ The Washington Post က ဆိုပါတယ်။
တက်စ်လာကတော့ လမ်းအခြေအနေတွေနဲ့ ယာဉ်မောင်းသူရဲ့ အပြုအမူအပါအဝင် ယာဉ်တိုက်မှုနဲ့ ဆက်စပ်တဲ့ အချက် အလက်တွေကို လျှို့ဝှက်ချက်အဖြစ် NHTSA ကို ဆက်လက် သိမ်းဆည်းထားခွင့် ပြုသင့်ကြောင်း ပြောဆိုပါတယ်။
ယာဉ်တိုက်မှုတွေ ဖြစ်စဉ်မှာ အသုံးပြုထားတဲ့ အကူ ယာဉ်မောင်းစနစ် အချက်အလက်တွေ မျှဝေဖို့ NHTSA ကို အတင်းအကျပ် ဖိအားမပေးနိုင်ကြောင်းလည်း တက်စ်လာက ဆိုပါတယ်။
သတင်း အချက်အလက်တွေကို လူသိရှင်ကြား မျှဝေခြင်းက တက်စ်လာရဲ့ ပြိုင်ဖက်တွေ အနေနဲ့ ဆော့ဖ်ဝဲဗားရှင်း တခုချင်းစီရဲ့ ထိရောက်မှုကို အကဲဖြတ်နိုင်သွားမှာ ဖြစ်ပြီး ဘယ်စနစ်တွေက ယာဉ်တိုက်မှု ဘယ်လောက်နဲ့ ဆက်စပ်နေလဲ ဆိုတာကိုပါ တွက်ချက် ရယူနိုင်သွားမှာဖြစ်တယ်လို့ တက်စ်လာက ပြောပါတယ်။
Washington Post ရဲ့ ရှေ့နေတွေကတော့ တက်စ်လာရဲ့ ဆော့ဖ်ဝဲနဲ့ ဟာ့ဒ်ဝဲတွေဟာ လျှို့ဝှက်ထားတာ မဟုတ်ဘဲ တက်စ်လာ ကားပိုင်ဆိုင်သူတွေ အနေနဲ့ ကားအတွင်းမှာ ကိုယ်တိုင် လေ့လာလို့ ရတယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။
၂၀၂၃ ခုနှစ်က လူသေဆုံးခဲ့တဲ့ ယာဉ်တိုက်မှု အပါအဝင် ယာဉ်တိုက်မှု ၄ ခု အပြီးမှာ အပြည့်အဝ အလိုအလျောက် မောင်းစနစ် ပါဝင်တဲ့ တက်စ်လာ ကားပေါင်း ၂ ဒသမ ၄ သန်းကို NHTSA က အောက်တိုဘာလမှာ စုံစမ်းစစ်ဆေးမှု စတင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
နည်းပညာမြင့် Autopilot အကူ ယာဉ်မောင်းစနစ် ပါဝင်တဲ့ ကားအစီးရေ ၂ သန်းကျော်ကို အကာအကွယ်တွေ တပ်ဆင်ဖို့ ၂၀၂၃ မှာ တက်စ်လာက ပြန်လည် ခေါ်ယူခဲ့သေးကြောင်းလည်း သိရပါတယ်။
Ref : Reuters














