အီလွန်မတ်စ် ရဲ့ တက်စ်လာ (Tesla) ကုမ္ပဏီက အင်ဂျင်နီယာဟောင်း တဦး နဲ့ သူ့ရဲ့ Startup လုပ်ငန်းကို လျှို့ဝှက် အချက်အလက်များ ခိုးယူမှုနဲ့ တရားစွဲထားတယ်လို့ ဆိုပါတယ်။
ကယ်လီဖိုးနီးယား ပြည်နယ် ဖက်ဒရယ်တရားရုံးမှာ တက်စ်လာ အင်ဂျင်နီယာဟောင်း တဦးနဲ့ သူ့ရဲ့ Startup လုပ်ငန်းကို တက်စ်လာ ရိုဘော့ ပရောဂျက်တခု ဖြစ်တဲ့ Optimus စက်ရုပ်နဲ့ ပတ်သက်တဲ့ လျှို့ဝှက် အချက်အလက်များ ခိုးယူကာ စက်ရုပ် လက်များ ဖန်တီးတဲ့ လုပ်ငန်းကို အပြိုင် တည်ထောင်ရာမှာ အသုံးပြုခဲ့တယ်လို့ ဆိုကာ တက်စ်လာ ကုမ္ပဏီက တရားစွဲထားခြင်း ဖြစ်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တင်သွင်းခဲ့တဲ့ အထက်ပါ တရားစွဲဆိုချက်ထဲမှာ တက်စ်လာ အင်ဂျင်နီယာဟောင်း တဦးဖြစ်တဲ့ Jay Li ဟာ တက်စ်လာကနေ အလုပ် မထွက်ခင် ကုမ္ပဏီရဲ့ လျှို့ဝှက်ဖိုင်များကို ယူဆောင်သွားခဲ့ပြီး သူ့ရဲ့ Startup ကုမ္ပဏီ ဖြစ်တဲ့ Proception ရဲ့ ရိုဘော့ လက်များ ဖန်တီးရာမှာ ပုံမှန် လုပ်ငန်းစဉ်ထက် ပိုမို မြန်ဆန်စေဖို့ အတွက် အဆိုပါလျှို့ဝှက် အချက်အလက် များကို အသုံးပြုခဲ့ကြောင်း ဖော်ပြထားပါတယ်။
Li ခိုးယူခဲ့တဲ့ အချက်အလက်များကြောင့် တက်စ်လာ က အချိန် ၄ နှစ်ကျော်ကြာအောင် ဝန်ထမ်း ရာ နဲ့ ချီ၊ ဒေါ်လာ ဘီလီယံ နဲ့ ချီ သုံးစွဲ ကြိုးစားခဲ့ရတဲ့ အောင်မြင်မှုများကို Li ရဲ့ ကုမ္ပဏီ Proception က လအနည်းငယ် အတွင်းမှာပင် ရရှိခဲ့တယ် လို့လည်း တရားစွဲဆိုချက်မှာ ပါရှိပါတယ်။
တရားစွဲဆိုချက် နဲ့ ပတ်သက်ပြီး Proception ရဲ့ ပြောရေးဆိုခွင့် ရှိသူများ ဘက်က လည်းကောင်း၊ တက်စ်လာ ပြောရေး ဆိုခွင့် ရှိသူများနဲ့ ဥပဒေပညာရှင်များ ဘက်က လည်းကောင်း၊ ကြာသပတေးနေ့ အထိ မှတ်ချက် တစုံတရာပေးခြင်း မရှိသေးပါ။
တရားစွဲဆိုချက်ထဲမှာ AI နည်းပညာ အသုံးပြုထားတဲ့ လူပုံစံ စက်ရုပ်ဖြစ်တဲ့ Optimus ကို ဖန်တီးရာမှာ “အထူး ကောင်းမွန် တဲ့ အရင်းအမြစ်များ” ကို ရင်းနှီးမြှုပ်နှံ၊ သုံးစွဲထားခဲ့တယ်လို့ တက်စ်လာက ဆိုထားပါတယ်။
Jay Li ဟာ ၂၀၂၂ ခုနှစ် ကနေ ၂၀၂၄ အထိ Optimus ရဲ့ အာရုံခံ ကိရိယာ အဖွဲ့မှာ လုပ်ကိုင်ခဲ့တယ် လို့လည်း တရား စွဲဆိုချက်မှာ ဖော်ပြထားပါတယ်။
တက်စ်လာရဲ့ ပြောဆိုချက်အရ Li ဟာ ၂၀၂၄ ခုနှစ်မှာ ကုမ္ပဏီက မထွက်ခွာမီ Optimus ရဲ့ ရိုဘော့လက် လှုပ်ရှားမှု ဆိုင်ရာ သုတေသနနဲ့ ပတ်သက်တဲ့ အထူး လျှို့ဝှက်ဖိုင်များကို ဒေါင်းလုဒ် လုပ်ခဲ့ပြီး အဒီအချိန် သူဟာ Optimus စက်ရုပ် လက်နဲ့ ပတ်သက်တဲ့ လုပ်ငန်းများမှာ ဝင်ရောက် လုပ်ဆောင်နေခြင်း မရှိတော့ကြောင်း သိရပါတယ်။
တရားစွဲဆိုချက်အရ Li ဟာ တက်စ်လာက ထွက်ခွာပြီး ၆ ရက်အကြာ Proception ကို တည်ထောင်ခဲ့ပြီး၊ ၅ လ အကြာမှာ သူ့ရဲ့ Startup လုပ်ငန်းဖြစ်တဲ့ Proception က ရိုဘော့ လက်များကို ဖန်တီးနိုင်တဲ့ စွမ်းရည်ရှိကြောင်း ကြေညာခဲ့တယ် လို့လည်း သိရပါတယ်။
Proception ရဲ့ ရိုဘော့လက်များဟာ တက်စ်လာ ရိုဘော့လက်များနဲ့ “သိသိသာသာ တူညီမှုများ” ရှိနေတယ် လို့လည်း တရားစွဲဆိုချက်မှာ ဖော်ပြထားပါတယ်။
တက်စ်လာက သူ့ရဲ့ ငွေကြေးပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများ အတွက် ဖော်ပြမထားတဲ့ ငွေပမာဏတခုကို ပေးဆောင်ဖို့နဲ့ သူတို့ရဲ့ လျှို့ဝှက် အချက်အလက်များကို အလွဲသုံးစားလုပ်ခြင်းမှ ကာကွယ်ဖို့ အတွက် Li နဲ့ Proception ကုမ္ပဏီ တို့ကို ပိတ်ပင် တားမြစ်မယ့် အမိန့် ချမှတ်ပေးဖို့ တရားရုံးကို တောင်းဆိုထားကြောင်း သိရပါတယ်။
ဒီအမှုကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်းခရိုင် တရားရုံးရဲ့ “Tesla Inc v. Proception Inc” တက်စ်လာ နဲ့ Proception အမှုလို့ ခေါ်ဆိုပြီး အမှုနံပါတ်မှာ 5:25-cv-04963 ဖြစ်တယ်လို့ ဆိုပါတယ်။
တက်စ်လာ၏ တရားစွဲဆိုလွှာကို ကိုင်တွယ်သူများမှာ Josh Krevitt, Orin Snyder နဲ့ Angelique Kaounis (Gibson Dunn & Crutcher)၊ Proception နဲ့ Jay Li အတွက် တာဝန်ယူတဲ့ ဥပဒေပညာရှင် အချက်အလက်မှာ မသိရှိရသေးပေ။
Ref : Reuters













