စစ်သွေးကြွ မြန်မာဗိုလ်ချုပ်တဦးသည် နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကမ္ဘာတဝန်းမှ ငြိမ်းချမ်းရေးတည်ဆောက်ရေးကို အထူးပြုသည့် ဆွစ်အခြေစိုက် အကျိုးအမြတ်မယူသည့် လူသားချင်းစာနာမှုတွေ့ဆုံဆွေးနွေးရေးဌာန (HD) တို့က ကျင်းပသည့် ကြားဝင်စေ့စပ်ရေး ကမ္ဘာ့ငြိမ်းချမ်းရေး ဖိုရမ် တက်ရောက်ခဲ့သည်။
မြန်မာ အာဏာသိမ်းစစ်ကောင်စီ၏ အမျိုးသားညီညွတ်ရေးနှင့် ငြိမ်းချမ်းမှုညှိနှိုင်းရေးကော်မတီ (NSPNC) အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနိုင်သည် အော်စလိုဖိုရမ် ၂၀၂၅ တက်ရောက်ရန် ဇွန်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် အော်စလိုသို့ရောက်ခဲ့သည်ဟု ထိုအစည်းအဝေးကို သိသည့် သတင်းရင်မြစ်များပြောသည်။
ဧရာဝတီက မြင်တွေ့ရသည့် ဓါတ်ပုံများတွင် သူသည် ဖိုရမ်တွင် ပါဝင်တက်ရောက်ခဲ့သည်။
ထိုဖိုရမ်သည် “အားလုံးလက်တွဲကူကြ- ပြောင်းလဲနေသောကမ္ဘာမှ ကြားဝင်စေ့စပ်ရေး All Hands on Deck: Mediation in a Changing World” ဆိုသည့် ဆောင်ပုဒ်ဖြင့် မြန်မာအကျပ်အတည်း အပါအဝင် ပဋိပက္ခဖြေရှင်းရေးကို ဆွေးနွေးရန် ကမ္ဘာ့ကြားဝင်စေ့စပ်သူများနှင့် မူဝါဒချမှတ်သူ ၁၀၀ ကျော်ကို စုစည်းထားသည်။
စေ့စပ်ညှိနှိုင်းသူများသည် ငြိမ်းချမ်းရေးသို့ တိုးတက်ရန် မည်သို့လုပ်မည်ကို ဆွေးနွေးစဉ် ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ယူကရိန်း၊ ဆူဒန်နှင့် မြန်မာကဲ့သို့ ပဋိပက္ခအခြေအနေများသည် ဆွေးနွေးပွဲ၏ အဓိက အစီအစဉ်များဖြစ်သည်ဟု ထိုဖိုရမ်ကြေညာချက်တွင် ဖေါ်ပြသည်။
ဒုဗိုလ်ချုပ်ကြီးမင်းနိုင် မည်သည်တို့ကို ဆွေးနွေးခဲ့သည် မသိရသေးပါ။ နိုင်ငံတကာ ပွဲများတွင် မည်သည့် တရားဝင်ဆွေးနွေးမှုကိုမျှ စစ်ကောင်စီအနေဖြင့် ကျယ်ကျယ်လောင်လောင် ပြောဆိုတင်ပြခြင်း မရှိသည့်အားလျော်စွာ အော်စလိုဆွေးနွေးပွဲအကြောင်း တရားဝင်ဖော်ပြမှု မရှိသေးပေ။
မြန်မာနိုင်ငံသည် အော်စလိုဖိုရမ်၏ အစီအစဉ်တွင် “ပုံမှန်” ရှိကြောင်းနှင့် “ပဋိပက္ခတွင် ဘက်ပေါင်းစုံမှ” ပါဝင်သူများကို နှစ်များတစ်လျှောက် ဖိုရမ်၏ မတူညီသောထုတ်ဝေမှုများသို့ ဖိတ်ကြားခဲ့ကြောင်း နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ဧရာဝတီသို့ ပြောသည်။
Mariken Bruusgaard Harbitz က “ဒီနှစ်မှာလည်း အဲဒီအတိုင်းပါပဲ” ဟု အီးမေးလ်ဖြင့် ဖြေကြားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သို့မဟုတ် စစ်ကောင်စီကို ဆန့်ကျင် တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) ထံမှ ကိုယ်စားလှယ်များအား ဤဖိုရမ်သို့ ဖိတ်ကြားခဲ့ခြင်း ရှိ/မရှိမှာ မသေချာပါ။ ဤအကြောင်းအရာနှင့်ပတ်သက်သော နောက်ထပ်မေးမြန်းမှုတခုကို ဝန်ကြီးဌာနထံပေးပို့ခဲ့သော်လည်း တုံ့ပြန်မှု မရှိခဲ့ပါ။
အရှေ့တောင်အာာရှနိုင်ငံများအသင်း(ASEAN) အတွင်းရေးမှူးချုပ် ဒေါက်တာ ကောင်းခင်ဟွန်လည်း ထိုဖိုရမ် တက်ရောက်ပြီး “ဖရိုဖရဲဖြစ်မှု အန္တရာယ်လျှော့ချခြင်း- ပဋိပက္ခတားဆီးစီမံခြင်းအာရှနည်းအာရှဟန်” အမည်ရှိ မိန့်ခွန်းပြောသည်။
မြန်မာတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း လူမှုရေးနှင့် နိုင်ငံရေး ဖရိုဖရဲဖြစ်နေသည်။ ထိုအချိန်မှ စတင်ပြီး အရှေ့တောင်အာရှ မြန်မာတွင် အခြေကျပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် တနိုင်ငံလုံး ခုခံတော်လှန်ရေးအင်အားစုများက ဒီမိုကရေစီပြန်လည်ထိန်းသိမ်းရန် စစ်ကောင်စီကို ဆန့်ကျင်ပြီး လက်နက်စွဲကိုင်သောကြောင့် စစ်ဖြစ်နေသည်။ စစ်ကောင်စီက ထိုလှုပ်ရှားမှုကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများအပါအဝင် နည်းမျိုးစုံဖြင့် တုံ့ပြန်ကာ အရပ်သား တသောင်းကျော် သေဆုံးစေသည်။ ၄ နှစ်ကျော်ကြာသောအခါ နယ်စပ်ဒေသအများစုကို တော်လှန်ရေး အင်အားစုများထံ ဆုံးရှုံးသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် NSPNC ကဲ့သို့သော ကော်မတီများနှင့် အပစ်အခတ်ရပ်စဲရေးများ ဖွဲ့စည်းကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အများအပြား ပြုလုပ်သော်လည်း အပစ်အခတ်ရပ်စဲသည့် ကာလအတွင်းတွင်ပင် တော်လှန်ရေးထိန်းချုပ်ဒေသများကို ထိုးစစ်ဆင်ခြင်း၊ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းကြောင့် တိုးတက်မှု မရှိပေ။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းပြီးနောက် NSPNC ကို ဖွဲ့စည်းစဉ်ကပင် စစ်တပ်၏ စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်ဟောင်း ဒုဗိုလ်ချုပ်ကြီး မင်းနိုင်ကို အတွင်းရေးမှူးအဖြစ်ခန့်ထားသည်။ စစ်ကောင်စီ ငြိမ်းချမ်းရေး ညှိနှိုင်းသူအဖြစ် သူသည် စစ်ကောင်စီဆန့်ကျင်ရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တရုတ်ကျောထောက်နောက်ခံပြု ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်ပါဝင်သည်။
သူသည် တိုင်းရင်းသားပြည်နယ်များမှ တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် မြို့များကို အဆက်မပြတ် ဗုံးကြဲမည်ဟု ၂၀၂၃ ခုနှစ်က ညီနောင်မဟာမိတ် ကိုယ်စားလှယ်များနှင့် အစည်းအဝေးတွင် ခြိမ်းခြောက်သောကြောင့် ထင်ရှားသည်။ ညီနောင်မဟာမိတ်အဖွဲ့တွင် အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ပါဝင်သည်။

“ခင်ဗျားတို့ တိုင်းရင်းသားဒေသတွေမှာ မြို့တွေရွာတွေ သိမ်းလို့ရရင်တောင် ခင်ဗျားတို့ဒေသတွေ မငြိမ်းချမ်းဘူး။ ကျနော်တို့မှာရှိတဲ့ အဆင့်မြင့်လက်နက်တွေနဲ့ ခင်ဗျားတို့ကို လေကြောင်းက အမြဲတိုက်မယ်” ဟု ဒုဗိုလ်ချုပ်ကြီး မင်းနိုင်က အစည်းအဝေးတခုတွင် ပြောကြောင်း TNLA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြန်ပြောဖူးသည်။
ဒုဗိုလ်ချုပ်ကြီး မင်းနိုင်၏ စကားများကို “NSPNC အတွင်းရေးမှူး၏ တိုင်းရင်းသား ပြည်သူများနှင့် နိုင်ငံအပေါ် ချစ်စိတ်” ဟု TNLA ဒု စစ်ဦးစီးချုပ်က ရွဲ့ပြီး ဆိုရှယ်မီဒီယာပေါ်တွင် ရေးသည်။
၂၀၂၃ ခုနှစ်တွင် မင်းနိုင်သည် ဖင်လန်အစိုးရက CMI–Martti Ahtisaari Peace Foundation မှတဆင့် ဖင်လန်နိုင်ငံ ဟယ်စင်ကီတွင် အစည်းအဝေး ဖိတ်ကြားခံရသည့် စစ်ကောင်စီဘက်မှ အဖွဲ့ဝင်ဖြစ်သည်။
ထိုအစည်းအဝေးကို အရပ်ဘက်အဖွဲ့အစည်း ၆၆၁ ခုက အိတ်ဖွင့်ပေးစာဖြင့် ရှုတ်ချပြီး ဖင်လန်အစိုးရသည် ဒီမိုကရေစီမူများကို လုံးဝချိုးဖေါက်ကာ မြန်မာပြည်သူများ၏ ဆန္ဒကို အထူးချိုးဖေါက်ပြီး စစ်ကောင်စီကို အသိအမှတ်ပြု လက်ခံကာ ထောက်ခံနေသည်ဟု စွပ်စွဲသည်။
ထိုနှစ် အောက်တိုဘာလ ၁၆ မှ ၁၈ ရက်နေ့တွင် ဆွစ်ဇာလန်အစိုးရသည် အော်စလိုဖိုရမ် ၂၀၂၅ ကို ပူးတွဲ ကျင်းပခဲ့သည့် Centre for Humanitarian Dialogue နှင့် Swisspeace အဖွဲ့နှင့် အတူ နေပြည်တော်တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပသည်။
ထိုအလုပ်ရုံဆွေးနွေးပွဲသည် စစ်ကောင်စီ၏ အချည်းနှီးသော ငြိမ်းချမ်းရေးအားထုတ်မှုအတုဖြစ်သည်ဟု လူမှုအခြေပြုအဖွဲ့အစည်းများရှုတ်ချသည်။
မြန်မာစစ်ကောင်စီ၏ NSPNC သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်၊ ရှမ်းပြည်တိုးတက်ရေးပါတီ အပါအဝင် NCA လက်မှတ်မထိုးသည့် လက်နက်ကိုင်အဖွဲ့များ၊ စစ်ကောင်စီ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားသည့် နိုင်ငံရေပါတီများ၊ လူမှုအခြေပြုအဖွဲ့များမှ ကိုယ်စားလှယ်များဖြင့် နေပြည်တော်တွင် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပသည်။
အမျိုးသားညီညွတ်ရေးအစိုးရ သစ္စာခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် စစ်ကောင်စီကို တက်တက်ကြွကြွ တိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိုဖိုရမ်သို့ မတက်ရောက်ပေ။
You may also like these stories:
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို ကုလသမဂ္ဂ လက်မခံ (ရုပ်/သံ)
အတုအယောင် ရွေးကောက်ပွဲဖြင့် မင်းအောင်လှိုင် အာဏာ ဆွဲဆန့်ဖို့ ပြင်
စစ်ခေါင်းဆောင် ဘူရာတီယာကို ဘာကြောင့်သွားသလဲ (ရုပ်/သံ)
တရုတ်အားကိုး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်ပစွက်ဖက်မှုကို ရှုတ်ချ
တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ (ရုပ်/သံ)
ငြိမ်းချမ်းရေးဖိုရမ်ကျင်းပနေချိန် စစ်ကောင်စီ ဗုံးလိုက်ကြဲ (ရုပ်/သံ)














