မြန်မာပြည်တွင်းစစ် လေးနှစ်အတွင်း အရပ်သားတွေကို အသေအဆုံးများစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ စစ်ကောင်စီဟာ ရုရှားက ရဟတ်ယာဉ်တွေ ထပ်ဝယ်မယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အတည်ပြုတယ်။
မင်းအောင်လှိုင် ဘယ်လာရုစ်က အပြန်မှာ ရုရှားနိုင်ငံ၊ အူလန်-အူဒီမှာ ခရီးတထောက်နားစဉ် အဲဒီ စစ်လက်နက် ပူးပေါင်းဆောင်ရွက်မှုကို ပြောလိုက်တာ ဖြစ်တယ်။
စစ်ခေါင်းဆောင်ဟာ အူလန်-အူဒီ လေကြောင်းစက်ရုံနဲ့ အဲဒီ စက်ရုံအနီးက ရထားစက်ခေါင်းစက်ရုံကို ဘာရီယာရှား အုပ်ချုပ်ရေးမှူး အလက်စီ ဆိုင်ဒန်နော့ဗ်နဲ့ သွားရောက်ခဲ့တယ်။
“ကျနော် ဒီနေ့ ရထားစက်ခေါင်းနဲ့ တွဲစက်ရုံသွားခဲ့ပြီး အဲဒီမတိုင်ခင် လေယာဉ်တပ်ဆင်စက်ရုံကို သွားခဲ့တယ်။ အဲဒီ နှစ်ခုလုံးဟာ ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာရှိတဲ့ နယ်ပယ်တွေဖြစ်တယ်” လို့ မင်းအောင်လှိုင်က ဒေသခံမီဒီယာကို ပြောတယ်။
အူလန်-အူဒီ လေကြောင်းစက်ရုံဟာ မြန်မာစစ်တပ်က ၁၉၉၅ ခုနှစ်က စတင်ပြီး အသုတ် လေးသုတ် ဝယ်ယူခဲ့တဲ့ Mi-17 ရဟတ်ယာဉ်တွေ ထုတ်လုပ်တယ်လို့ ယူကရိန်း စစ်ရေးဝက်ဘ်ဆိုက် MilitaryNYI က ဖော်ပြတယ်။
အဲဒီစက်ရုံကို စီမံတဲ့ Ural Avia LLC ဟာ မြန်မာစစ်ကောင်စီကို ရဟတ်ယာဉ် အစိတ်အပိုင်းတွေ ရောင်းချ ပြုပြင်ပေးလို့ ဗြိတိန်က ၂၀၂၂ ခုနှစ်မှာ အရေးယူပိတ်ဆို့ခံရတဲ့လုပ်ငန်း ဖြစ်ပါတယ်။
“အူလန်-အူဒီက ထုတ်လုပ်တဲ့ ရဟတ်ယာဉ်တွေကို မြန်မာမှာ သုံးနေတာ နှစ်ပေါင်းများစွာ ကြာပြီ” လို့ အဲဒီခရီးအတွင်း ဆိုင်ဒန်နော့ဗ်က သတင်းထောက်တွေကို ပြောတယ်။ “ကျနော်တို့ဟာ သယ်ယူ ပို့ဆောင်ရေး၊ အထူးသဖြင့် ရဟတ်ယာဉ်ကိစ္စ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်နေတယ်” လို့ သူကပြောတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေ ဝယ်ဖို့ ဘာရီယာရှား အာဏာပိုင်တွေနဲ့ စီစဉ်ထားကြောင်း အတည်ပြုတယ်။
ဆိုင်ဒန်နော့ဗ်ဟာ မြန်မာကို လွန်ခဲ့တဲ့ နိုဝင်ဘာလက လာရောက်လည်ပတ်ပြီး မင်းအောင်လှိုင်နဲ့ တန်ဆောင်တိုင်ပွဲတော် တက်ရောက်လို့ စစ်ခေါင်းဆောင်ရဲ့ မိတ်ဆွေကောင်း ဖြစ်တယ်။ သူဟာ သူ့နိုင်ငံသားတွေကို ယူကရိန်းစစ်ပွဲအတွက် အတင်းအကျပ် စစ်သားစုဆောင်းလို့ ၂၀၂၃ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စုက အရေးယူပိတ်ဆို့ခံရသူ ဖြစ်တယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အရင်ကလည်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှာ ဘာရီယာရှားကို ဆိုင်ဒန်နော့ဗ်၊ အရာရှိတွေနဲ့ အူလန်-အူဒီက နောက်ဆုံးပေါ် ရဟတ်ယာဉ်တွေအကြောင်း ဆွေးနွေးဖို့ သွားခဲ့တယ်လို့ စစ်ကောင်စီမီဒီယာက ဖော်ပြတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ စစ်ကောင်စီဟာ မြေပြင်ထိန်းချုပ်မှု အားနည်းလာလို့ လေကြောင်းကို အကြီးအကျယ် အားကိုးနေရတယ်။ ရဟတ်ယာဉ်တွေကို စစ်အင်အား၊ လက်နက်၊ ခဲယမ်းရိက္ခာ ထောက်ပံ့ရေးမှာသာမက တော်လှန်ရေး ထိန်းချုပ်ဒေသက စစ်ဘက် အရပ်ဘက် ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ပါ သုံးနေတယ်။
ပဋိပက္ခဒေသတွေမှာ စစ်ကောင်စီက ရဟတ်ယာဉ်တွေ ပိုမိုအသုံးပြုခြင်းဟာ တော်လှန်ရေးအင်အားစုအတွက် ပစ်မှတ်လည်း ဖြစ်စေတယ်။ မေလအတွင်း စစ်ကောင်စီရဲ့ ရဟတ်ယာဉ် နှစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တိုက်ပွဲမှာ ပစ်ချခဲ့တယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Russian Choppers on Myanmar Junta’s Shopping List: Min Aung Hlaing ကို ဘာသာပြန်သည်။)
You may also like these stories:
ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ
စစ်ကောင်စီက ရုရှား ဝဂ္ဂနာကြေးစားတပ်ကို အားကိုးရှာလာနိုင်သလား
အမြဲလို နွေးထွေးနေတဲ့ စစ်သွေးဆာ မြန်မာစစ်ကောင်စီနှင့် ရုရှားကြား ဆက်ဆံရေး
ဆုံးရှုံးနယ်မြေများကို ဗုံးကြဲရန် စစ်ကောင်စီက ရုရှားလုပ် လေယာဉ်များသုံးနေ
စစ်ကောင်စီဘက်က မားမားမတ်မတ်ရပ်တည်တာ တရုတ်နဲ့ ရုရှားပဲရှိတယ်














