ကျားဖြန့် နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်များ၌ ဖွင့်လှစ်ထားသည့် ဘဏ်အကောင့်များ၏ ငွေကြေးစီးဆင်းမှုကို စစ် ဆေးနေရာ မြန်မာနိုင်ငံသားများ၏ အကောင့်အများစုလည်း ယာယီပိတ်ခြင်း၊ ငွေကြေးလွှဲပြောင်းခြင်းနှင့် ဒေါ်လာလဲလှယ် ခြင်းတို့အား ကန့်သတ်/ရပ်ဆိုင်းခြင်းတို့ လတ်တလော ပိုမိုကြုံတွေ့လာရကြောင်း သုံးစွဲသူများထံက သိရသည်။
အပိတ်မခံရသည့် ဘဏ်အကောင့်အချို့မှာ ပြည်ပမှငွေလွှဲများ ဝင်ရောက်မလာခြင်းတို့ ကြုံနေရသလို တချို့လည်း Mobile Banking ကန့်သတ်ခံထားရသည်။
အဆိုပါ အကောင့်ပိတ်ခံရသူများစုမှာ ထိုင်းနိုင်ငံ၌ ကျောင်းတက်နေသူများ၊ အလုပ် လုပ်ကိုင်နေသူများ၊ ထိုင်းနိုင်ငံနှင့်ဆက် စပ်၍ စီးပွားရေးလုပ်ကိုင်နေသူများလည်း ပါဝင်ကြောင်း သိရသည်။
လတ်တလော ယာယီဘဏ်အကောင့် အပိတ်ခံရသူများထဲတွင် မိမိတို့၏ နေထိုင်ခွင့်လက်မှတ်ရှိ အချက်အလက်နှင့် ဖုန်းနံ ပါတ်အား မှတ်ပုံတင်ထားသော အချက်အလက်နှင့် ကွဲလွဲမှုရှိသူများလည်း ပါဝင်နေသည်။
ယင်းသို့ဖြစ်ရခြင်းမှာ ဘဏ်အကောင့် စတင်ဖွင့်လှစ်စဉ် အချက်အလက် မှားယွင်းဖြည့်မိခြင်း၊ စတင်ဖွင့်ထားသည့် ဖုန်းနံ ပါတ်အား အသုံးမပြုတော့ခြင်း၊ လစဉ်ရှိသင့်သည်ထက် ငွေသွင်း/ငွေထုတ် ပမာဏများနေခြင်း၊ ထိုင်းနိုင်ငံသို့ အလည် အပတ်ရောက်စဉ် ဘဏ်အကောင့်ဖွင့်ထားပြီး ထိုဖွင့်ထားသည့်ဖုန်းနံပါတ်ကို ကြာရှည်စွာ အသုံးမပြုခြင်းတို့ကြောင့်ဖြစ် ကြောင်း မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသားများကို ကူညီပေးနေသူတဦးက ပြောသည်။
၎င်းက “ကိုယ့်ဘဏ်ထဲမှာ ငွေအဝင်/အထွက် အရမ်းများနေရင် ဘဏ်ကတ်နှစ်ခုလောက် ရှိတာကောင်းတယ်။ ငွေအသွင်း အထုတ်က သူတို့ သတ်မှတ်ထားတဲ့ ပမာဏထက် ငွေသောင်းချီအဝင်၊ အထွက်တွေ အရမ်းများလာတယ်။ အကောင့်ဖွင့် လုပ်တုန်းက ရိုးရိုးအလုပ်သမားလို့ ပြောပြီးတော့ ငွေအဝင်/အထွက် အရမ်းများနေရင်လည်း အပိတ်ခံထိတယ်။ သူများဖွင့် ထားတဲ့ ဘဏ်ကတ်ကို ယူသုံးတယ်။ ငွေအဝင်/အထွက်က အရမ်းများနေပြီဆိုရင် သူတို့က အဲဒါကို ယာယီပိတ်လိုက်ပြီး တော့ ဘဏ်နဲ့ဆက်သွယ်ပါလို့ပြောရင် သက်ဆိုင်ရာဘဏ်ကို ဖွင့်ထားတဲ့ သူကိုယ်တိုင် သွားမှရတယ်။ ကိုယ်စားမရဘူး” ဟု ဧရာဝတီကို ပြောသည်။
ယခုလဆန်းပိုင်းမှာပင် ဧရာဝတီမှ ဆက်သွယ်မေးမြန်းသည့်သူ ၆ ဦးထက်မနည်း ဘဏ်အကောင့်အပိတ်ခံထားရပြီး လက်ရှိ တွင် ထိုင်းအစိုးရက ကျားဖြန့်နှိမ်နင်းရေးအကြောင်းပြချက်ဖြင့် ရွှေ့ပြောင်းအလုပ်သမားများအထိ ဘဏ်အကောင့်များ ပိတ် သိမ်းခြင်းများရှိနေကာ အရှုပ်အရှင်းမရှိသော ဘဏ်အကောင့်များကို ကာယကံရှင်ကိုယ်တိုင် ဘဏ်ဖွင့်ထားသည့်နေရာသို့ သွားရောက်ပြီး အလုပ်အကိုင်၊ အမည်ပေါက် ဖုန်းနံပါတ်ဖြစ်ကြောင်း ဖုန်းစင်တာရှိအမည်စာရင်းသွင်းထားသည့် အထောက်ထား အစရှိသည်တို့ပြ၍ တင်ပြရကာ ဘဏ်ဘက်မှစစ်ဆေးပြီးပါက တရက်၊ နှစ်ရက်အတွင်း ပြန်လည် ဖွင့်ပေး ကြောင်း သိရသည်။
ဘဏ်အကောင့်ပိတ်ခံရသူ ရွှေ့ပြောင်းမြန်မာအလုပ်သမားတဦးက “ကျမက ဒီလ ၁၂ ရက်နေ့က အပိတ်ခံရတာ။ ဘဏ်သွားတော့ ဖုန်းနံပါတ် Register လုပ်ရမယ်လို့ ပြောတယ်။ Register လုပ်ပြီးသားလို့ပြောတော့ လုပ်ထားတဲ့ စာရွက် အထောက်အထား ယူခဲ့ရမယ် ဆိုတော့ AIS ကို သွားတောင်းရမယ်။ ဘာပဲဖြစ်ဖြစ် အထောက်အထားအပြည့်စုံနဲ့ ဖွင့်ထား တာဖြစ်ပေမယ့် အဲဒီလို ပိတ်ချလိုက်တော့ အလုပ်ရှုပ်ပြီး အာရုံနောက်ရတယ်” ဟု ပြောသည်။
ဘဏ်အကောင့်များကို အဓိက ပိတ်သိမ်းရခြင်းမှာ ကျားဖြန့်လုပ်ငန်းများမှ ရရှိလာသော ငွေကြေးခဝါချမှုများ ပိုမို ပြုလုပ်မှု များကြောင့်ဖြစ်ကြောင်း ထိုင်းသတင်းများက ဖော်ပြကြသည်။
အထက်ပါ အခြေအနေများကြောင့် ယခုအချိန်တွင် ပြည်ပမှငွေလွှဲခွင့်မရသောကြောင့် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများ၊ အခြား ပြည်ပနိုင်ငံများမှ ထိုင်းနိုင်ငံရှိ မိသားစုများထံသို့ ငွေလွှဲပို့သူများအတွက် အခက်အခဲဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် မြန်မာ လူတန်းစားမျိုးစုံရှိရာ ငွေလွှဲလုပ်ငန်းများ ပိုမိုအလုပ်ဖြစ်လာကာ ငွေအဝင်/အထွက် များလာသဖြင့် ယင်းအချိန်မှစ၍ ငွေအဝင်/အထွက်များသည့် အကောင့်များကို ပိတ်သိမ်းမှုများ စတင်လာခြင်းဖြစ်သော်လည်း ယခုနှစ်အတွင်း အကောင့် အပိတ်ခံရသူ ပို၍များကြောင်း သိရသည်။
ဘဏ်အကောင့်အပိတ်ခံရသည့် ငွေလွှဲဒိုင်တချို့အနေဖြင့် လုပ်ငန်းရှင်ထောက်ခံချက်နှင့်အတူ ရဲစခန်းတွင် အထောက်အထား စုံလင်စွာတင်ပြရပြီးနောက် ထိန်းသိမ်းခံထားရသည့် ငွေကြေးများ ပြန်လည်ရရှိခြင်းရှိသော်လည်း တချို့မှာ လုပ်ငန်းရှင်က တာဝန်မခံပေးသောကြောင့် ငွေကြေးဆုံးရှုံးသူများရှိခဲ့ကြောင်း မြဝတီမြို့ရှိ ငွေလွှဲ လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “ကျမ အသိထဲမှာဆို ဆုံးရှုံးတာတွေ အများကြီးပဲ။ အခုတော့ အရင်လို ငွေကို အကောင့်ထဲ မထားရဲတော့ဘူး။ အရင်က ပိတ်တာက ငွေအလွှဲအထုတ်များတဲ့သူတွေပဲ၊ အခုလို အလုပ်သမားအကောင့်တွေပါ ပိတ်တာမျိုးတော့ မကြုံ ဖူးဘူး။ အခုကတော့ သူတို့ (ထိုင်းဘဏ်) က ကျားဖြန့်လုပ်ငန်းတွေ အကြောင်းပြပြီး အကောင့်တွေ ပိတ်တာ။ ဘဏ် အကောင့်ဖွင့်ရင်လည်း အရင်လို အထောက်အထားစုံရင်တောင် မရတော့ဘူး” ဟု ပြောသည်။
ထိုင်းတွင် ကျောင်းတက်နေသူဖြစ်ပါကလည်း ဘဏ်အကောင့်အပိတ်ခံရပါက သံရုံး ထောက်ခံစာပါမှသာ ပြန်လည် ဖွင့်ပေးကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ အပါအဝင် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို၊ တရုတ်နိုင်ငံသား အလုပ် သမားများပါ ရှိသော်လည်း မြန်မာတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်မှု အများဆုံးမှာ မြန်မာဖြစ်သလို ငွေအဝင်/အထွက်ပြုလုပ်မှု အများဆုံးမှာလည်း မြန်မာများသာ ဖြစ်သောကြောင့် ဘဏ် အကောင့်အပိတ်ခံရမှုအနေဖြင့် မြန်မာနိုင်ငံသားအများဆုံးဖြစ်ကာ ဒုတိယမှာ တရုတ်နိုင်ငံသားများဖြစ်ကြောင်း သိရသည်။
ထိုင်း- မြန်မာနယ်စပ်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ နှိမ်နင်းရန်အတွက် အထောက်အထား မခိုင်မာသော ဘဏ်အကောင့် နှစ်သန်းနီးပါးကို ၂၀၂၅ ခုနှစ် နှစ်စပိုင်းတွင် ပိတ်သိမ်းပြီးကြောင်း ထိုင်းအစိုးရက ဧပြီလအတွင်းက ထုတ်ပြန်ထားသည်။
မိမိ၏ ဘဏ်စာရင်းကို တခြားသူများအား အသုံးပြုခွင့်ပေး၍ လိမ်လည်မှုဖြစ်ပွားပါက အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ်သုံးသိန်း သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ ကြံရာပါနှင့်ထောက်ခံသူအဖြစ် ထပ်မံ တရားစွဲ ဆိုခံရနိုင်သလို ပြစ်မှုကျူးလွန်သူအား တရားစွဲဆိုနိုင်ကြောင်း ထိုင်းအစိုးရကလည်း သတိပေးထားသည်။
ထိုင်းနိုင်ငံတွင် အစိုးရနှင့်ပုဂ္ဂလိကဘဏ် စုစုပေါင်း ၂၇ ခုခန့်ရှိပြီး ယင်းအနက် Bangkok Bank၊, Kasikorn Bank၊ Krung Thai Bank ၊ Siam Commercial Bank အစရှိသည့် ဘဏ်များမှာ မြန်မာနိုင်ငံသားများ အသုံးပြုမှု အများဆုံးဘဏ်များ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်
ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ
ထိုင်းသို့ လုပ်သားစေလွှတ်မှု ရပ်သည့် နှုတ်မိန့်ကြောင့် ဆုံးရှုံးနစ်နာမှုများဖြစ်














