နေပြည်တော်နှင့် ရန်ကုန်မှ ရွှေကုန်သည် ၁၀ ဦးကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅၊ ရာဇသတ်ကြီး ပုဒ်မ ၁၀၉ တို့ဖြင့် ပြီးခဲ့သည့် ဇူလိုင် ၃ ရက်က ထောင် ၆ လစီ ချကာ ဖမ်းမိရွှေကိုပါ သိမ်းပြီးနောက် ရွှေဆိုင်များ သတ်မှတ်ဈေး၊ စည်းကမ်းနှင့် ညီမညီ ယခုလကုန် ၌ ဝင်စစ်မည်ဟု ရွှေလုပ်ငန်းရှင်များ ထံမှ သိရသည်။
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်နှင့် နီးစပ်သူတဦးက “ရွှေနဲ့ပတ်သက်ပြီး ကြီးကြပ်ရေးအာဏာပိုင်က ထွေအုပ် လက်ထဲမှာပဲရှိတယ်၊ ဇူလိုင်လကုန်နဲ့ ဩဂုတ်လ အစလောက် ဖြစ်နိုင်တယ်။ အသင်းကလည်း တရားဝင်ချပြ သတိပေး တယ်။ လုပ်တာကတော့ ထွေအုပ်ကပဲ။ သက်ဆိုင်ရာ ရွှေဆိုင်တွေ စာရင်း သူတို့လက်ထဲမှာရှိတော့ သူတို့ပဲ ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမှာပါ” ဟု ဧရာဝတီကို ပြောသည်။
ထိုသို့ ရွှေကုန်သည်၊ ပွဲစားများကို အရေးယူသည့် လုပ်ငန်းစဉ်များ စတင်လာပြီးနောက်ပိုင်း စစ်ကောင်စီ သတ်မှတ်ထား သော ရည်ညွှန်းဈေး၊ အလေးချိန်၊ အရည်အသွေး စသဖြင့် ရောင်းချခြင်းမရှိသည့် ရွှေဆိုင်များကိုပါ ဆက်လက်အရေးယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်နှင့် နီးစပ်သူက ဆိုသည်။
ယနေ့ရွှေပေါက်ဈေးမှာ ၁ ကျပ်သား ၇,၈၈၀,၀၀၀ ကျော် ရှိပြီး စစ်ကောင်စီကမူ ၁ ကျပ်သားလျှင် ၅,၈၉၀,၀၀၀ ကျပ်သာ ရောင်းရမည်ဟု သတ်မှတ်သည်။
အရေးကြီးကုန်စည်ဝန်ဆောင်မူ့ ဥပဒေပါ သတ်မှတ်ဈေးဖြင့် ရွှေကိုရောင်းဝယ်ရမည် ဖြစ်ပြီး စနစ်သစ်သတ်မှတ် အလေးချိန် တကျပ်သား ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်နှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချသည်ဆိုသည်ကို ရွှေဆိုင် ရှေ့တွင် ထင်ရှားစွာ ပိုစတာကပ်ရမည်ဖြစ်သည်။
စည်းကမ်းချက်များကို မလိုက်နာပါက အရေးကြီးကုန်စည်ဝန်ဆောင်မူဥပဒေ ပုဒ်မ ၅၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၀၉ဖြင့် အရေးယူခံရမည်ဖြစ်ပြီး ယင်းဥပဒေအရ ထောင်ဒဏ် ၆ လမှ ၃ နှစ်ထိ ချမှတ်နိုင်ကြောင်း သိရသည်။
ထိုဥပဒေကြောင့် ရွှေလုပ်ငန်းရှင်ကြီးများပါ အရေးယူခံရပြီး တရားရင်ဆိုင်နေရခြင်းမျိုးရှိနေရာ လက်ရှိ ရွှေဆိုင်များ ဘက်မှ လည်း စနစ်သစ် အရောင်းအဝယ်လုပ်၍ သတိထားနေရကြောင်း ဈေးကွက်အတွင်းရှိ လုပ်ငန်းရှင်များက ဆိုသည်။
ရွှေလုပ်ငန်းရှင်တဦးက “ရည်ညွှန်းဈေးထုတ်ပြန်တဲ့ အလေးချိန် ၁၆ ဒသမ ၃၂၉၃၂၅ နဲ့ ရောင်းဝယ်နေပါတယ်ဆိုပြီး ကြော်ငြာ နေကြတာရှိတယ်။ ရွှေဆိုင်တွေဘက်က လိုက်နာမှု အားကောင်းကောင်းနဲ့တော့ ပါလာနေပြီ။ ဒါပေမယ့် တချို့ ရွှေဆိုင်တွေကျ ဝယ်သူတွေနဲ့ သူတို့ ကြားထဲမှာ စနစ်ဟောင်းလေးနဲ့ပဲ အဆင်ပြေနေတော့လည်း ရောင်းနေတာ တွေ့နေရ တယ်” ဟု ရှင်းပြသည်။
စစ်ကောင်စီက လက်ဝတ်ရတနာ အပါအဝင် ရွှေရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး နောက်ဆက်တွဲ လိုင်စင်လျှောက်ထားခြင်း၊ တားမြစ်အမိန့်၊ စည်းမျဉ်းသတ်မှတ်အမိန့်၊ ကြီးကြပ်အမိန့်၊ ကာကွယ်အမိန့်၊ မလိုက်နာလျှင် အရေးယူမည့်အမိန့်များကို ၂၀၂၄ အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ယင်းစနစ်သစ် အား လိုက်နာခြင်းရှိမရှိ တင်းကျပ်လာခြင်းဖြစ်သည်။
ထို့ပြင် ပြီးခဲ့သည့် လပိုင်းက စစ်ကောင်စီသည် အလေးချိန်သတ်မှတ်သည့် ချိန်ခွင်ကုမ္ပဏီများကို အစည်း အဝေးခေါ်ပြီး ရွှေချိန်စနစ်များ အမြန်ဆုံးပြင်ဆင်ရန်နှင့် ယင်းနှင့်ပတ်သက်သော စစ်ဆေးမှုများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ အပါအဝင် ပြည်နယ်နှင့်တိုင်းများသို့ ကွင်းဆင်းဆောင်ရွက်မှုများလုပ်သွားမည်ဟု သတိပေးခဲ့ ကြောင်း ရွှေလုပ်ငန်း ရှင်များထံမှ သိရသည်။
ရန်ကုန်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တဦးက “ရွှေဆိုင်တွေအကုန်လုံးကတော့ စနစ်သစ် ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်နဲ့ ရောင်းချဖို့ ပြောထားတယ်။ စစ်ဆေးလို့တွေ့ရှိရင် အရေးယူမယ်ဆိုတော့ ဆိုင်တွေမှာ ဆိုင်းဘုတ်တွေ ကပ်ထားတာပေါ့။ ဈေးကွက် အခြေအနေကတော့ သူတို့သတ်မှတ်ဈေးက ကျပ်သိန်း ၅၀ ကျော်၊ အပြင်ဈေးက ကျပ် ၇၈ သိန်းကျော်ဆိုတော့ ဒီလိုပဲ ကိုက်အောင် အဆင်ပြေအောင် လုပ်ရတာပဲ။ အခု အရေးယူထောင်ချလိုက်တာက ဖမ်းထားတာကြာပါပြီ၊ ၆ လ လောက်ရှိပြီ။ အခုမှ အမိန့်ချတာ။ ရွှေဆိုင်ပိုင်ရှင်တွေတော့ မပါပါဘူး။ အဓိက လေပတ်ကား ရောင်းဝယ်တဲ့သူတွေပဲ” ဟု ဧရာဝတီကို ပြောသည်။
စစ်ကောင်စီ၏ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးကော်မတီသတ်မှတ်ရေးမှ ထုတ်ပြန်သောရွှေဈေးမှာ လက်ရှိ အချိန်ထိ ဈေးကွက်အတွင်း အလုပ်မဖြစ်သလို ၎င်းတို့ သတ်မှတ်ထားသည့် စံချိန်မီရွှေ ၁ ကျပ်သားလျှင် ၅,၈၉၀,၀၀၀ ကျပ် ဖြစ်ပြီး ပြင်ပဈေးမှာ ၁ ကျပ်သား ၇,၈၈၀,၀၀၀ ကျော် ရှိသောကြောင့် နှိုင်းယှဉ်ပါက တကျပ်သား ကျပ်သိန်း ၂၀ ဝန်းကျင် ကွာဟချက်ရှိနေသဖြင့် ရွှေဆိုင်များက အလျော့တွက်၊ လက်ခ စသဖြင့် ဈေးတင်ကာ ရောင်းချခဲ့သော်လည်း ဝင်ရောက်စစ် ဆေးမည့် သတင်းများကြောင့် သတိထားလုပ်ကိုင်နေရကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
စစ်ကောင်စီဘက်ကလည်း အာဏာသိမ်းပြီးချိန်မှစ၍ ရွှေဈေးနှင့် ဒေါ်လာဈေးများ မြင့်တက်လာပါက ဈေးကွက်အတွင်း ဈေးကစားသူများကြောင့်ဟုဆိုကာ လုပ်ငန်းရှင်၊ ကုန်သည်များကို ခေါ်ယူမေးမြန်းခြင်း၊ စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
You may also like these stories:
မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ
အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်
သတ်မှတ်ချက် မလိုက်နာက ထောင်ချမည်ဆို၍ ရွှေဆိုင်ငယ်များ ပိတ်သိမ်းနိုင်













