အမေရိကန်က ယခုတိုးကောက်မည့် အခွန်နှုန်းထားကြောင့် လုပ်သား ၈ သိန်းခန့် ရှိ မြန်မာ့အထည်ချုပ်၊ အိတ်၊ ဖိနပ်ချုပ် လုပ်သော လက်ခစားစနစ် (CMP) လုပ်ငန်းများအပေါ် ထိခိုက်မှုများ ရှိလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြော သည်။
သမ္မတ ဒေါ်နယ်လ်ထရမ့်၏ နိုင်ငံပေါင်း ၁၂ နိုင်ငံကို သွင်းကုန်အခွန်နှုန်းထားတိုးမြှင့်မည့် အကြောင်းကြားစာတွင် မြန်မာ လည်း ပါဝင်လာပြီး လာမည့် ဩဂုတ်လ ၁ ရက်မှစ၍ မြန်မာမှ တင်ပို့နေသော ကုန်ပစ္စည်းများအပေါ် အခွန်၄၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံသွားမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်ထံလိပ်မူ၍ ဇူလိုင်လ ၇ ရက်က ပေးပို့ခဲ့သည်။
ရန်ကုန်မြို့ရှိ CMP စက်ရုံပိုင်ရှင်တဦးက “တကယ်စကောက်မယ်ဆိုရင်တော့ အထည်ချုပ်လုပ်ငန်းတွေလည်း ထိခိုက်နိုင် တယ်။ ဒါပေမယ့် ဖိနပ်တို့၊ အိတ်တို့ လုပ်တဲ့သူတွေက ပိုဆိုးမယ်။ ဘာလို့ဆို ဖိနပ်ချုပ်၊ အိတ်ချုပ်တို့က နဂိုထဲက ၁၀၀ ရာခိုင်နှုန်း အခွန်ကင်းလွတ်ခွင့်ရထားတော့ သူတို့အခု ၄၀ ရာခိုင်နှုန်း တင်မယ်ဆိုရင် တခဏအတွင်း အော်ဒါကတော့ လျော့သွားမှာ”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါစာအရ မြန်မာနှင့် လာအိုတို့မှ သွင်းကုန်များကို ၄၀ ရာခိုင်နှုန်း၊ ကမော္ဘဒီးယားနှင့် ထိုင်းနိုင်ငံမှ သွင်းကုန်ကို ၃၆ ရာခိုင်နှုန်း၊ မလေးရှား၊ ဂျပန် နှင့် တောင်ကိုရီးယားနိုင်ငံများအတွက် ၂၅ ရာခိုင်နှုန်း၊ ဗီယက်နမ်အား ၂၀ ရာခိုင်နှုန် ကောက်ခံသွားမည်အပြင် အခြားနိုင်ငံများအတွက် အခွန်နှုန်းထားသစ်များကိုလည်း ဖော်ပြထားသည်။
ထို့ပြင် နိုင်ငံများသို့ စည်းကြပ်ခွန်တိုးမြှင့်ရာတွင် သက်ဆိုင်ရာနိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့အကြား ဆက်ဆံရေး အပြောင်းအလဲပေါ်မူတည်၍ အခွန်သတ်မှတ်ချက် အလျှော့အတင်းရှိမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
အမေရိကန်သည် မြန်မာ့အထည်ချုပ်ကဏ္ဍ၏ စတုတ္ထအကြီးဆုံးဈေးကွက်တခုဖြစ်ပြီး ယခုလို အခွန်နှုန်းထားတိုးမြှင့်ခြင်း ကြောင့် နှစ်နိုင်ငံကြား အထည်ချုပ်လုပ်ငန်းများ၏ စီးပွားရေးကို သက်ရောက်မှု ရှိလာနိုင်ကာ လက်ရှိ မြန်မာ့စီးပွားရေး လုပ်ငန်းများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများစွာကို ပို၍ ဆိုးရွားစေနိုင်သည်ဟု ပြီးခဲ့သည့် ဧပြီလ ၇ ရက်က မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)က ထုတ်ပြန်ထားသည်။
“အမေရိကန်အော်ဒါက အထည်ချုပ်၊ ဖိနပ်တို့ အိတ်တို့ကတော့ ကိုဗစ်မတိုင်ခင်နဲ့ ယှဉ်ရင် စ ဝင်နေတာပေါ့။ အခု ဆက်တိုက် တက်နေတာ။ ဂျပန်အော်ဒါနဲ့ အမေရိကန်အော်ဒါက တက်တာ အမြန်ဆုံးပဲ။ အီးယူဘက်ကသာ ဝယ်လိုအား ကျသွားတာရှိတယ်။ ဒါပေမယ့် အမေရိကန်အခွန်နှုန်း တိုးမြှင့်ရင်တော့ ထိခိုက်နိုင်တယ်”ဟု CMP လုပ်ငန်းရှင်က ပြောသည်။
ယခင်က အမေရိကန်နိုင်ငံက မြန်မာနိုင်ငံမှ အထည်ချုပ်တင်ပို့မှုကို အခွန် ၂၀ ရာခိုင်နှုန်းဝန်းကျင်ကောက်ခံရာမှ လက်ရှိ ၄၀ ရာခိုင်နှုန်း တိုးမြှင့်ခြင်းဖြစ်သဖြင့် အခွန်နှုန်း ထက်ဝက်တိုးလာခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ CMP လုပ်ငန်းများအပါအဝင် စီးပွားရေးမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာ အရေးယူပိတ်ဆို့မှုအခြေအနေများကြောင့် ဈေးကွက်ကို ခက်ခက်ခဲခဲ ရှာဖွေထိုးဖောက်နေရခြင်း၊ လုပ်ငန်းများအတွက် လုံလောက်သော လျှပ်စစ်မီးပုံမှန်မရရှိခြင်း၊ လောင်စာဆီ အခက်အခဲရှိခြင်း၊ စစ်ကောင်စီ၏ ပို့ကုန်မူဝါဒအရ CMP လုပ်ငန်းများ၏ ရငွေကို တဒေါ်လာလျှင် ၃၆၀၀ ကျပ်ဖြင့် ဖြတ်ယူခြင်း စသောအခက်အခဲများ ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ အခွန်နှုန်း တိုးမြှင့်ခြင်းကလည်း စိန်ခေါ်မှုဖြစ်စေကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ နိုင်ငံပေါင်း ၈၀ ကျော်သို့ အထည်ချုပ်အပါအဝင် CMP လုပ်ငန်းများမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် တင်ပို့လျက်ရှိပြီး တင်ပို့သည့် နိုင်ငံများတွင် ပိုလန်၊ စပိန်၊ ဂျာမနီ၊ ယူကေ၊ နယ်သာလန်၊ အီတလီ၊ ပြင်သစ်၊ ဒိန်းမတ်၊ ဘယ်ဂျီယံ၊ အမေရိကန်နှင့် အာရှတွင် ဂျပန်၊ ကိုရီးယား၊ တရုတ် နိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မြန်မာ့အထည်ချုပ်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီလျံတင်ပို့ထားပြီး ၂၀၂၄ ခုနှစ်တွင် ၄ ဒသမ ၄၆ တင်ပို့ထားကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာနတွင် ဖော်ပြထားသည်။
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)မှ လုပ်ငန်းရှင်ကြီးတဦးက “အမေရိကန်ကို တင်ပို့နေတဲ့ လုပ်ငန်းတွေကတော့ ထိခိုက်နိုင်ပါတယ်။ အဓိကတော့ အများစုက အထည်ချုပ်လုပ်ငန်းတွေ၊ အိတ်ချုပ်၊ ဖိနပ်ချုပ် လုပ်ငန်းတွေ ရှိပါတယ်။ ကုန်ချောအနေနဲ့ တင်ပို့နေတာပေါ့။ US Market ကို မှီခိုနေတဲ့သူတွေကတော့ ထိခိုက်မှု ရှိနိုင်ပါတယ်။ လုပ်ငန်းအပေါ် လည်း မူတည်ပါတယ်။ ဥပမာ ရေထွက်ကုန်ပို့လို့ အခွန်များရင် တခြားနိုင်ငံက ထွက်တဲ့ ပစ္စည်းထက် ဟိုဘက်ရောက်လို့ ဈေးပိုကြီးသွားရင် ဝယ်တဲ့သူက မဝယ်နိုင်ဘူး။ ဒီလိုဆို ကျနော်တို့ဘက်က အော်ဒါမရတာ ဖြစ်သွားနိုင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်ရေးကဏ္ဍတွင် ပို့ကုန်တင်ပို့မှု၌ အမေရိကန်နိုင်ငံသည် အဓိက မဟုတ်ကြောင်း၊ ကုန်သွယ်မှု အနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ဝန်းကျင်သာ ရှိသဖြင့် ပမာဏနည်းပါးကြောင်း ၎င်းက ဆိုသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမေရိကန်အနေဖြင့် အမေရိကန်နှင့် မြန်မာနိုင်ငံတို့ကြား ကုန်သွယ်ရေးမှာ ကြီးမားစွာ မရှိသော်လည်း သွင်းကုန်များအပေါ်အခွန်တိုးမြှင့်ကောက်ခံခြင်းမှာ မဖြစ်သင့်ကြောင်း ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ရုရှားနိုင်ငံသို့ သွားရောက်သော ခရီးစဉ်တွင် မော်စကိုမြို့၌ RTသတင်းဌာန၏ မေးမြန်းမှုကို ပြောဆိုသည်။
“ကျနော်တို့နဲ့ အမေရိကန်နဲ့ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတော့ သိပ်တော့ကြီးကြီးမားမား မရှိဘူး။ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ဒေါ်လာသန်း ၉၀၀ လောက်ကိုပဲ ကုန်သွယ်မှုရှိတယ်။ တနှစ်ကိုဒေါ်လာသန်း ၈၀၀ ကျော်ကျော်လောက် ကုန်သွယ်မှုရှိတယ်လို့ ပြောရပါလိမ့်မယ်။ တချို့ နှစ်တွေမှာလည်း ကျနော်တို့ဘက်က ပို့တာတွေများပြီးတော့ တချို့နှစ် တွေမှာလည်း အမေရိကန်က ပို့တာတွေ များတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတခုအနေနဲ့ အခွန်တိုးကောက်တာတော့ မလုပ်သင့်ဘူးလို့ ကျနော်တော့ ယူဆပါတယ်”ဟု ၎င်းက ပြောသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပေးပို့သည့် စာနှင့် ပတ်သက်၍ စစ်ကောင်စီ အနေဖြင့် အပြုသဘောဆောင်သော ညှိနှိုင်း ပြန်ကြားမှု လုပ်မည်ဖြစ်ပြီး ထိုမှတဆင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် ရလဒ်များရရှိမည်ကိုမျှော်လင့်သည် ဟု သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြောင်း စစ်ကောင်စီလိုလားသော ပေါ်ပြူလာ နယူးစ်သတင်းတွင် ဖော်ပြထားသည်။
မြန်မာနှင့် အမေရိကန်တို့၏ ကုန်သွယ်မှုပမာဏမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ်တွင် အမေရိကန်ဒေါ်လာ(၇၀၁ ဒသမ ၉)သန်းရှိခဲ့ပြီး ၂၀၂၄- ၂၀၂၅ ဘဏ္ဍနှစ်တွင် အမေရိကန်ဒေါ်လာ(၅၈၈ ဒ သမ ၃)သန်းကျော်သာ ရှိရာ အမေရိကန်ဒေါ်လာ ၁၁၃. ၆သန်း လျော့ကျခဲ့သည်။
မြန်မာနှင့် အမေရိကန်သံတမန်ဆက်သွယ်မှုကို ၁၉၄၇ ခုနှစ်တွင် စတင်ခဲ့ပြီး နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် မူဘောင်သဘောတူ စာချုပ် (Trade and Investment Framework Agreement –TIFA) ကို ၂၀၁၃ ခုနှစ်၊ မေလ ၂၁ ရက်က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ၌ လက်မှတ်ရေးထိုးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းပြီးနောက် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် စစ်ကောင်စီအတွက် နိုင်ငံခြားငွေ အဓိကရှာ ဖွေပေးနေသော နိုင်ငံပိုင်လုပ်ငန်းများဖြစ်သည့် မြန်မာ့သစ်လုပ်ငန်း၊ မြန်မာ့ပုလဲနှင့် ကျောက်မျက်ရတနာလုပ်ငန်း တို့ကို စီးပွားရေးအရ အရေးယူ ပိတ်ဆို့ခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ CMPလုပ်ငန်းများမှ အထည်၊ ဖိနပ်၊ အိတ် အစရှိသည့် ကုန်ပစ္စည်းများ၊ ဒစ်ဂျစ်တယ် လျှပ်စစ်ပစ္စည်းများ၊ ရေထွက်ကုန်၊ တိရိစာ္ဆန်သားရေများ၊ ပရိဘောဂ ၊ စားသောက်ကုန်အချို့ တင်ပို့ကြောင်း သိရသည်။
You may also like these stories:
ကမ္ဘာ့ဘဏ် စီးပွားရေးခန့်မှန်းချက် မတိကျဟု စစ်ခေါင်းဆောင် ပြော
တရုတ် စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ရဖို့ စစ်ကောင်စီ ကြိုးစား
MOGE နှင့် အနောက်နိုင်ငံများ၏ ဆန်ရှင်














