Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ရဲ့ Waymo Robotaxi တွေဟာ မိုင်ပေါင်း သန်း ၁၀၀ ကျော် ဒရိုင်ဘာ မပါဘဲ ခရီးဆန့် ပြီးပြီလို့ ဆိုပါတယ်။
ယှဉ်ပြိုင်မှုတွေ များလာတာကြောင့် အမေရိကန် မြို့ကြီးတွေမှာ ဝန်ဆောင်မှုကို အရှိန်မြှင့် တိုးချဲ့လာတဲ့ အတွက် ၆ လ အတွင်း ခရီးမိုင်ပေါင်း ၂ ဆခန့် ဖြစ်လာတယ်လို့ ကုမ္ပဏီရဲ့ ထိပ်တန်း အရာရှိတဦးက ပြောဆိုပါတယ်။
Waymo ရဲ့ မောင်းသူမဲ့ ကားတွေဟာ ၂၀၂၃ ဇန်နဝါရီက ခရီးမိုင်ပေါင်း ၁ သန်းပြည့်ခဲ့ပြီး ၂၀၂၄ ဇူလိုင်မှာ မိုင်ပေါင်း ၂၅ သန်း၊ ဒီဇင်ဘာမှာ မိုင်ပေါင်း သန်း ၅၀၊ ၂၀၂၅ မတ်လမှာ မိုင်ပေါင်း ၇၁ သန်းနဲ့ အခု ၂၀၂၅ ဇူလိုင်လမှာ မိုင်ပေါင်း သန်း ၁၀၀ ပြည့်မြောက်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ လက တက်စ်လာရဲ့ Robotaxi တွေ လမ်းပေါ် ရောက်မလာခင် အထိ Waymo ဟာ အမေရိကန်ရဲ့ တခုတည်းသော မောင်းသူမဲ့ တက္ကစီ ကုမ္ပဏီ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြိုင်ဖက်ဖြစ်တဲ့ တက်စ်လာက ပြီးခဲ့တဲ့လ အတွင်း သူတို့ရဲ့ Model Y SUV မောင်းသူမဲ့ကား တဒါဇင်ခန့်နဲ့ စမ်းသပ် မောင်းနှင်မှု ပြုလုပ်ခဲ့ပါသေးတယ်။
တက်စ်လာ CEO အီလွန်မတ်စ်က Robotaxi ဝန်ဆောင်မှုကို မြန်မြန်ဆန်ဆန်နဲ့ လုပ်ဆောင်ပြီး ၂၀၂၅ မကုန်ခင် အမေရိကန် မြို့ တော်တော်များများမှာ ဝန်ဆောင်မှု ပေးသွားမယ် လို့လည်း ပြောထားပါတယ်။
Waymo ကတော့ သူတို့ရဲ့ ဝန်ဆောင်မှုကို နှစ်နဲ့ချီ ဂရုတစိုက် တိုးချဲ့လာခဲ့ပြီး အခုဆိုရင် ကားအစီးရေ ၁၅၀၀ ခန့်နဲ့ ဆန်ဖရန်စ္စကို၊ လော့စ်အင်ဂျလိစ်၊ ဖီးနစ်၊ အော်စတင်နဲ့ အတ္တလန်တာမြို့တွေမှာ ဖြန့်ထားနိုင်ခဲ့ပြီလို့ သိရပါတယ်။
“အလိုအလျောက် စနစ်နဲ့ မိုင်ပေါင်း သန်း ၁၀၀ အထိ ရောက်ရှိလာတယ် ဆိုတာ အခုချိန်မှာ တာဝန်ယူမှု အပြည့်နဲ့ အရှိန်မြှင့် လာနိုင်တဲ့ နှစ်ပေါင်းများစွာ နည်းစနစ် မှန်မှန်နဲ့ တိုးတက်လာမှုကို ကိုယ်စားပြုတယ်” လို့ Waymo ရဲ့ ထုတ်လုပ်မှု တာဝန်ခံ အရာရှိ Saswat Panigrahi က ပြောပါတယ်။
“ပိုများတဲ့ မြို့တွေမှာ ပိုများတဲ့ စီးနင်းသူတွေကို ဝန်ဆောင်မှု တိုးချဲ့လာတာနဲ့အမျှ ကျနော်တို့ကို ပိုအားကောင်းစေမယ့် စိန်ခေါ်မှု အသစ်တွေကိုလည်း ရင်ဆိုင်သွားရလိမ့်မယ်” လို့လည်း သူက ပြောဆိုပါတယ်။
၂၀၀၉ ခုနှစ်က Google ရဲ့ အလိုအလျောက် မောင်းနှင်စနစ် အသေးစား စီမံကိန်း ကနေ စတင်ခဲ့တဲ့ Waymo ရဲ့ Robotaxi တွေဟာ စတင်ပြီး ၇ နှစ်အကြာ ဖြစ်တဲ့ အခုအချိန်မှာတော့ တပတ်ကို မိုင်ပေါင်း ၂ သန်း အထိ မောင်းနှင် နေရပြီလို့လည်း သိရပါတယ်။
Ref : Reuters














