ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ၂၀၂၅ ခုနှစ်ရဲ့ အာရှတိုက် အကောင်းဆုံးမြို့အဖြစ် Travel + Leisure မဂ္ဂဇင်းက သတ်မှတ်လိုက် ပါတယ်။
အမေရိကန်နိုင်ငံ နယူးယောက် အခြေစိုက် Travel + Leisure မဂ္ဂဇင်းဟာ ကမ္ဘာ့ ခရီးသွားတွေကြား လွှမ်းမိုးမှု အရှိဆုံး မဂ္ဂဇင်း တစောင် ဖြစ်ပါတယ်။
အဆိုပါ သတ်မှတ်မှုဟာ ကမ္ဘာတဝန်း ခရီးသွားပေါင်း ၁ သိန်း ၈ သောင်းကျော် (၁၈၀,၀၀၀ ကျော်) ကို မေးမြန်း ကောက်ခံမှု ကနေ ရရှိလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆင့် သတ်မှတ်ဖို့ အတွက် ကမ္ဘာလှည့် ဆွဲဆောင်မှု နေရာတွေ၊ ယဉ်ကျေးမှု၊ အစားအသောက်၊ ဖော်ရွေမှု၊ ဝယ်ချင်စရာတွေ နဲ့ အသုံးစရိတ် ကုန်ကျမှု စတဲ့ အချက်တွေကို ထည့်သွင်း စဉ်းစားခဲ့တယ် လို့လည်း သိရပါတယ်။
Travel + Leisure မဂ္ဂဇင်းက ချင်းမိုင်မြို့ကို အေးချမ်းပြီး တောင်တန်းတွေ ဝန်းရံထားတဲ့ တချိန်တုန်းက လန်းနား နိုင်ငံတော် ရဲ့ မြို့တော်လို့ ဆိုထားပြီး ယဉ်ကျေးမှု သမိုင်းဝင် နေရာတွေ၊ ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ၊ ပေါများတဲ့ စားစရာတွေ နဲ့ သဘာဝ အလှတရားကို ခံစားနိုင်တဲ့ မြို့လို့ ဖော်ညွှန်းထားပါတယ်။
၂၀၂၅ အာရှတိုက်ရဲ့ အကောင်းဆုံးမြို့ ၁၅ မြို့စာရင်းမှာ အဆင့် ၂ အနေနဲ့ ဂျပန်နိုင်ငံရဲ့ တိုကျိုမြို့ကို သတ်မှတ်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်က အဆင့် ၃ မှာ ရှိနေပါတယ်။
ထိုင်းနိုင်ငံဟာ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတဲ့ နိုင်ငံတခုဖြစ်ပြီး ကိုဗစ် ၁၉ ကပ်ရောဂါ စတင် ဖြစ်ပွားတဲ့ ၂၀၁၉ နောက်ပိုင်းက စပြီး ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှု ကျဆင်းခဲ့ရပါတယ်။
ချင်းမိုင် ခရီးသွား လုပ်ငန်း အနေနဲ့ ၂၀၂၅ ခုနှစ်မှာ ကိုဗစ် ကာလ မတိုင်ခင်က ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှုပမာဏ ကို ပြန်လည် ပြည့်မီဖို့ မျှော်လင့်ထားကြောင်းလည်း သိရပါတယ်။
Ref : Khaosod English , travelandleisure.com














