ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ သမီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လူငယ်တာဝန်ခံ မမိုးဆန်းစုကြည် ကို သာယာဝတီထောင်မှ ချုပ်ရက်စေ့၍ ပြန်လွှတ်ပေးခဲ့သော်လည်း စစ်ကော်မရှင်က အကြမ်းဖက် ပုဒ်မ ၅၂(က)နှင့် ထပ်တိုး တရားစွဲဆိုကာ ထောင်သို့ ပြန်ပို့ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။
ဩဂုတ်လ ၇ ရက်က လွတ်လာရမည့် မမိုးဆန်းစုကြည်ကို မိသားစုက သာယာဝတီထောင်ဘူးဝ၌ သွား၍ စောင့် ခဲ့သော်လည်း တွေ့ခွင့်မရခဲ့ဘဲ ၎င်းအား ရဲတပ်ဖွဲ့၏ ထပ်မံဖမ်းဆီး၊ ပုဒ်မတိုးတရားစွဲဆိုမှုကိုသာကြုံခဲ့ရခြင်းဖြစ် သည်ဟု သိရသည်။
မိသားစုနှင့် နီးစပ်သူတဦးက “မိသားစုက ထောင်ဝင်စာသွားတွေ့တာ မတွေ့ရဘူး သိခွင့်လည်း မရဘူး၊ ထောင်ကနေ ကားနဲ့ အပြင်ကို တိတ်တဆိတ်ထုတ်သွားပြီး ညမှောင်မှ ထောင်ထဲပြန်ပို့တယ်၊ အဓိကတော့ လွတ်ရက်စေ့နေလို့ နောက်အမှုတခုပြပြီး ထောင်ထပ်ချလို့ရအောင် လုပ်ကြတဲ့သဘောပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
မမိုးဆန်းစုကြည်ကို ထောင်အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့က ရဲစခန်းသို့ ခေါ်သွားပြီး မြို့နယ်ရဲမှူးက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)နှင့် တရားလိုလုပ်၍ တရားစွဲကာ သာယာဝတီထောင်သို့ ပြန်ပို့ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခု ထပ်တိုး စွဲဆိုလိုက်သည့် ပုဒ်မ ၅၂(က)သည် အနည်းဆုံး ထောင် သုံးနှစ်မှ ခုနှစ်နှစ်ထိ ချမှတ်နိုင်သည့် ပုဒ်မ တခုဖြစ်သည်။
မမိုးဆန်းစုကြည်မှာ စစ်တပ်အာဏာသိမ်းပြီး သုံးလကျော် အကြာ ၂၀၂၁ ခုနှစ် မေလ ၉ ရက် ရန်ကုန်မြို့၌ ဖမ်းဆီး ခံခဲ့ရပြီး နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၂၇ (၁) တို့နှင့် ထောင် ၆နှစ် ချခံခဲ့ရပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်၌ အင်းစိန်ထောင်မှ သာယာဝတီ ထောင်သို့ ရွေ့ပြောင်းခံခဲ့ရသည်။

“ပထမ ၅၀၅ နဲ့ စွဲတာ၊ လွတ်ခါနီး ၁၇(၁) နဲ့ ထပ်ပြီး ထည့်ထားတာ၊ ခုလည်း လွတ်ရက်စေ့တော့ ၅၂(က)နဲ့ ထပ်စွဲတာ၊ စစ်ကော်မရှင်က မလွှတ်ချင်သေးသရွေ့ ဖမ်းဆီးထောင်ချထားမှာပါပဲ၊ ဒါကြောင့် မနေ့က လွှတ်ရမယ့်ရက်မှာ ရဲကားနဲ့ အပြင်ကို တိတ်တိတ်ထုတ်ပြီးတော့ နောက်အမှုထပ်လုပ်လိုက်တာ” ဟု မမိုးဆန်းစုကြည်နှင့် ခင်မင်ရင်းနှီးသည့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တဦးက ဩဂုတ်လ ၈ ရက်နေ့တွင် ပြောသည်။
ယင်းသို့ ထပ်တိုးပုဒ်မဖြင့် တရားစွဲခံရသည့် မမိုးဆန်းစုကြည်ကို ဩဂုတ်လ ၈ ရက်နေ့က မိသားစုမှ ထောင်ဝင် စာတွေ့ခဲ့ရကြောင်း ၎င်းက ဆိုသည်။
မမိုးဆန်းစုကြည်၏ ဖခင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကိုလည်း ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ)၊ အဂတိ လိုက်စားမှု ပုဒ်မ ၅၅ တို့နှင့် ထောင်ဒဏ် ၁၁ နှစ်ထိ ချမှတ်ထားပြီး ထောင်ဝင်စာပုံမှန်တွေ့ခွင့်၊ ဆေးကုသခွင့်တို့ ပုံမှန်ပေးမထားကြောင်း မိသားစုဝင်များက ပြောထားကြသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား သုံးသောင်းနီးပါး ရှိ ပြီဖြစ်ပြီး ထိုထဲမှ နှစ်သောင်းနှစ်ထောင်ကျော်သည် ထိန်းသိမ်းခံနေရဆဲဖြစ်ကာ တသောင်းကျော်မှာ ထောင်ဒဏ်ချ မှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။
You may also like these stories:
ရခိုင်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဝန်ကြီး ၅ ဦးကို အဂတိမှုဖြင့် စွဲချက်တင်
ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်








