စစ်တပ်ခေါင်းဆောင်များကို ဝေဖန်ပြောဆိုခဲ့သည့် စစ်တပ်လော်ဘီ ဇော်ဘုန်းဟိန်းကို အမှု ၄ ခုဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်လိုက်ကြောင်း ပေါက်ကိုယ်တော်က Tiktok အကောင့်တွင် ယနေ့ ပြောသည်။
“ကိုဇော်ဘုန်းဟိန်းကို ဒီနေ့အမိန့်ချလိုက်ပါပြီ၊ ကိုဇော်ဘုန်းဟိန်းကို ၁၁နှစ်လို့ ဦးဇင်းတို့ သိရတယ်၊ ၄ မှုပေါင်း ၁၁နှစ်လို့ သိရတယ်” ဟု ပေါက်ကိုယ်တော်က ပြောသည်။
ဇော်ဘုန်းဟိန်းအား ဇွန်လ ၂ ရက် နေ့လယ်ပိုင်းက ပြင်ဦးလွင်နေအိမ်မှ ဖမ်းဆီးကာ မန္တလေးနန်းတွင်းစစ်ကြောရေးသို့ ပို့ဆောင် စစ်ဆေးပြီးနောက် ယနေ့တွင် ပုဒ်မ ၅၀၅(က)၊ ၆၆(ဃ)၊ ၃(ခ)(၁၅)၊ ၄၄ တို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၁နှစ် ချလိုက်ခြင်းဖြစ်သည်။
လူမှုကွန်ရက်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များကို ပြင်းပြင်းထန်ထန် ဝေဖန်ဆဲဆိုလေ့ရှိသည့် ဇော်ဘုန်းဟိန်း ဖမ်းဆီးခံရရေး စစ်လော်ဘီဟန်ငြိမ်းဦးက အဓိက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းသည် တပ်မတော်ကို ချစ်မြတ်နိုးသူဖြစ်၍ ခံဝန်ဖြင့် ပြန်လွှတ်ပေးရန် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) ဦးဆောင်သူတချို့နှင့် စစ်တပ်ထောက်ခံသူများက ရေးသားခဲ့ကြသည်။
စစ်ခေါင်းဆောင်အပါအဝင် စစ်အရာရှိကြီးများကို ဆဲဆိုသည့်အတွက် ယခုနှစ် မေလ ၅ ရက်တွင် ရန် ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ် ရဲစခန်း၌ (ပ)အမှတ် ၃၅၈/၂၀၂၅ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် မဘသနှင့် စစ်တပ်ထောက်ခံသူ ဒေါ်မိုးမိုးခိုင်က ဇော်ဘုန်းဟိန်းကို အမှုဖွင့်ထားပြီး ယင်းအမှုကိုလည်း အကျဉ်းထောင်တွင်းမှပင် ဆက်လက် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဘုန်းဟိန်းသည် စစ်တပ်ထောက်ခံသူအဖြစ် လူသိများပြီး လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျပါက မိမိကိုယ် မိမိ မီးရှို့ကာ သတ်သေမည်ဟု ကြုံးဝါးခဲ့ဖူးသလို ရခိုင်ပြည်နယ် အမ်းအခြေစိုက် နပခ တိုင်းစစ်ဌာနချုပ်ကျပါက ဆိုရှယ်မီဒီယာ မသုံးတော့ဟု ပြောဆိုခဲ့သူလည်း ဖြစ်သည်။
အာဏာသိမ်းစစ်တပ်သည် ၎င်းတို့အား ဝေဖန်သူများကို ဖမ်းဆီး၍ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထောင်ချသည့် ပုဒ်မများဖြစ်သော နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က)၊ ၁၂၄ ဥပဒေများဖြင့်ပါ အရေးယူထောင်ချလျက်ရှိရာ ဦးသန်းရွှေသားမက် ဒေါက်တာနေစိုးမောင်၊ ဦးသိန်းစိန်လက်ထက် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်မှစ၍ တပ်ထောက်ခံသူ ငါးမင်းဆွေ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ဇေယျ၊ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး မြင့်လှိုင်တို့အထိ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။
ထို့ပြင် စစ်တပ်ထောက်ခံသူ သတင်းထောက်တဦးဖြစ်သည့် ကျော်စိုးဦးကိုလည်း ရဲတပ်ဖွဲ့က ၅၀၅(က)ဖြင့် အမှုဖွင့်လှစ် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေးခဲ့သလို ၂၀၂၅ ဇန်နဝါရီလအတွင်းမှာ စစ်တပ်နှင့် စစ်ခေါင်းဆောင်အား ပြစ်တင်ဝေဖန်ခဲ့မှုကြောင့် ဒုတိယအကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ထို့အတူ မဘသအဖွဲ့ဝင် စစ်တပ်လော်ဘီတဦးဖြစ်သူ မပုတု(မဟာသွေး)သည်လည်း ၂၀၂၄ ခုနှစ်အတွင်းက စစ်ကောင်စီ၏ ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်ခံခဲ့ရသလို မဘသဒုတိယမျိုးဆက်အဖြစ် ပြောဆိုလေ့ရှိသည့် ပြည်သူ့စစ်အမည်ခံ ပျူစောထီး ခေါင်းဆောင် မဘသဘုန်းကြီး ပေါက်ကိုယ်တော်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က ပြင်ဦးလွင်မြို့တွင် ပြုလုပ်ခဲ့သည့် စစ်တပ်ထောက်ခံပွဲတွင် စစ်ခေါင်းဆောင်အား ရာထူးစွန့်လွှတ်ရန် ပြောဆိုခဲ့သဖြင့် စစ်ကောင်စီ၏ ခေါ်ယူစစ်ဆေးမေးမြန်းမှု ခံခဲ့ရသေးသည်။
You may also like these stories:
စစ်ကောင်စီကို ဝေဖန်၍ အဖမ်းခံရသည့် တပ်ထောက်ခံသူ များလာ
ပွဲကြိုက်မောင်နှင့် သူ၏ လော်ဘီများ
တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ
ထောင်မှ ထွက်ပြီး စစ်မှုထမ်းသော စစ်သားဟောင်းများ ပြန်ထွက်မရ













