လွန်ခဲ့တဲ့ ရက်ပိုင်း အတွင်းက Oracle ရဲ့ ပူးတွဲ တည်ထောင်သူ လယ်ရီ အယ်လီဆင် (Larry Ellison) ဟာ Tesla ကုမ္ပဏီ CEO အီလွန်မတ်စ် ကို ကျော်တက်ပြီး ခဏတာ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်သွားခဲ့ပါတယ်။
လုပ်ငန်းသုံး ဆော့ဖ်ဝဲ ထုတ်လုပ်တဲ့ Oracle ကုမ္ပဏီရဲ့ ရှယ်ယာ တန်ဖိုးတွေ ဗုဒ္ဓဟူးနေ့က ရုတ်တရက် မြင့်တက်ခဲ့ပြီး ပူးတွဲ တည်ထောင်သူ လယ်ရီ အယ်လီဆင် ဟာလည်း အီလွန်မတ်စ်ကို ကျော်တက်ကာ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် အဖြစ် ရောက်ရှိ သွားခဲ့ကြောင်း Bloomberg ရဲ့ ညွှန်းကိန်းအရ သိရပါတယ်။
Oracle ရဲ့ ရှယ်ယာတွေ မြင့်တက်မှုကြောင့် ဒေါ်လာ ထရီလီယံချီ တန်တဲ့ ကုမ္ပဏီ ဖြစ်ဖို့အထိ နီးစပ်ခဲ့ပေမယ့် ကြာသပတေး နေ့မှာတော့ အနည်းငယ် ပြန်ကျသွားခဲ့ပြီး လယ်ရီ အယ်လီဆင် ဟာလည်း အီလွန်မတ်စ်ရဲ့ နောက် ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံး နေရာမှာ ရပ်တည်နေတယ်လို့ ဆိုပါတယ်။
ဘီလီယံနဲ့ ချီတဲ့ Cloud ဝန်ဆောင်မှု စာချုပ်တွေရဲ့ ဂယက်ကြောင့် ရှယ်ယာ တန်ဖိုးတွေ ထိုးတက်သွားခြင်းဟာ AI နည်းပညာမှာ ဦးဆောင်နိုင်ဖို့ ဒေါ်လာ ဘီလီယံနဲ့ ချီပြီး သုံးစွဲနေတဲ့ ကုမ္ပဏီကြီးတွေရဲ့ Computing Power အတွက် ပြိုင်ဆိုင်နေမှုကို ပေါ်လွင်စေတယ် လို့လည်း ဆိုပါတယ်။
Oracle ရဲ့ ရှယ်ယာတွေဟာ ၃၅ ဒသမ ၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ၄ ရာခိုင်နှုန်းခန့် ပြန်လည် ကျဆင်းသွားတယ်လို့ သိရပါတယ်။
ကုမ္ပဏီရဲ့ တန်ဖိုးဟာလည်း ဒေါ်လာ ၉၃၃ ဘီလီယံ အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ၈၉၄ ဘီလီယံ သို့ ပြန်လည် ကျဆင်း နိုင်ချေ ရှိတယ်လို့ ဆိုပါတယ်။

Oracle ရဲ့ ရှယ်ယာ ၄၁ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ လယ်ရီ အယ်လီဆင် ရဲ့ ပိုင်ဆိုင်မှုဟာလည်း ဒေါ်လာ ၃၇၁ ဒသမ ၇ ဘီလီယံ ဝန်းကျင်မှာ ရှိနေပြီး ကမ္ဘာ့ အချမ်းသာဆုံး စာရင်းမှာ အီလွန်မတ်စ် နောက် ဒုတိယ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
“ဝယ်သူတွေရဲ့ အရှိန် အနည်းငယ်လေ့ကျသွားတယ်။ ဒါပေမယ့် ဈေးအကျမှာ အလုံးအရင်းနဲ့ ဝယ်မယ့်သူတွေလည်း ပြန်ထွက်ပေါ်လာနိုင်တယ်”လို့ Stock Trader Network ရဲ့ နည်းဗျူဟာ ခေါင်းဆောင် Dennis Dick ကလည်း ပြောပါတယ်။
သူက ဆက်လက်ပြီး“ဦးတည်ချက်က မယုံနိုင်လိုက်အောင်ပါပဲ။ ဒီဇာတ်လမ်း ပြီးဆုံးသွားပြီလို့ တွေးဖို့ ခက်ပါတယ်” လို့လည်း ထပ်လောင်း ပြောဆိုပါတယ်။
ကုမ္ပဏီရဲ့ အမှာစာတွေဟာ လာမယ့် လတွေအတွင်း ဒေါ်လာ ထရီလီယံ တဝက် အထိ ရောက်ရှိနိုင်မယ့် လမ်းကြောင်း ပေါ်မှာ ရှိနေတယ် လို့လည်း Oracle က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါသေးတယ်။

OpenAI ကုမ္ပဏီက Computing power အတွက် Oracle နဲ့ သမိုင်းတလျှောက် အများဆုံးတွေထဲက တခုဖြစ်တဲ့ ဒေါ်လာ ၃၀၀ ဘီလီယံတန် စာချုပ်တခု ချုပ်ဆိုခဲ့ကြောင်း Wall Street Journal ကလည်း ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။
Oracle ရဲ့စတော့ ရှယ်ယာတွေဟာ ဒီနှစ်ထဲမှာပဲ ၂ ဆခန့် တန်ဖိုး မြင့်တက်သွားခဲ့တာဖြစ်ပြီး S&P 500 ညွှန်းကိန်းမှာ ထိပ်တန်း စွမ်းဆောင်သူတွေထဲ ဝင်ရောက် သွားနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Magnificent Seven လို့ ခေါ်တဲ့ ထိပ်တန်း ကုမ္ပဏီကြီး ၇ ခုထက်တောင် စွမ်းဆောင်ရည် ကောင်းမွန်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
လက်ရှိ ရှယ်ယာ တခု တန်ဖိုးဟာ ၃၁၄ ဒသမ ၄၅ ဒေါ်လာကနေ ၃၄၂ ဒေါ်လာ အထိ ၉ ရာခိုင်နှုန်းခန့် တန်ဖိုး တက်လာမယ်လို့ ပညာရှင်တွေကလည်း ခန့်မှန်းထားပါတယ်။
Price-to-earnings လို့ ခေါ်တဲ့ ရှယ်ယာ တန်ဖိုးနဲ့ ရှယ်ယာတွေ ဆီက ပြန်ရလာမယ့် အမြတ်ငွေ အချိုးဟာလည်း ပြိုင်ဖက် ကုမ္ပဏီတွေထက် များပြားနေပြီး 12-month price-to-earnings မှာ Oracle က 45.3 ထိရှိကာ Amazon က 31.3 နဲ့ Microsoft က 31 ပဲ ရှိတယ်လို့လည်း သိရပါတယ်။
Ref : Reuters , Bloomberg














