စစ်ရေးအချက်အခြာကျသည့် သပိတ်ကျင်းမြို့နယ်ရှိ ဖော့တောလမ်းဆုံကို စစ်တပ်က ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လေကြောင်းပစ်ကူများဖြင့် ဆက်လက် စစ်ကြောင်းထိုးနေရာ သပိတ်ကျင်းနယ် ရွှေလုပ်ကွက်များရှိရာ ဇရပ်ကွင်း ရွာအနီးထိ ရောက်ရှိလာပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ဇရပ်ကွင်းကျေးရွာသည် မန္တလေး-စဉ့်ကူး-မိုးကုတ်လမ်းပေါ်ရှိ စည်ကားသော ကျေးရွာကြီးတရွာဖြစ်ကာ ဒေသခံများသည် ရွှေလုပ်ငန်း အဓိကလုပ်ကိုင်ကြပြီး ၂၀၂၄ ဩဂုတ်လအတွင်း၌ တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက် ဘခဲ့သည်။
“သပိတ်ကျင်းအခြေစိုက် အမှတ် ၁၃ တန်းမြင့်လေ့ကျင့်ရေးကျောင်းထဲကို သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တွေနဲ့ အင်အား၊ ရိက္ခာတွေ ဖြည့်တင်းနေပါတယ်။ စစ်တပ်က မတ္တရာအရှေ့ခြမ်းဒေသကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေ တာနဲ့အတူ ဖော့တောလမ်းဆုံကနေ မြေပြင်စစ်ကြောင်းအပြင် ဒရုန်းတွေနဲ့ ဗုံးကြဲတာတွေလည်း နေ့တိုင်းလုပ်နေပါတယ်။ စစ်ကြောင်းက ကျောက်ဖျာ ဇရပ်ကွင်းအထိ ရောက်နေကြပြီ။ တိုက်ပွဲတွေပြင်းထန်ပြီး ဗုံးကြဲတာတွေ စိပ်လာတာမို့ ဇရပ်ကွင်းတရွာလုံးလည်း စစ်ရှောင်နေကြရပြီ” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။
ဖော့တောလမ်းဆုံကို အောက်တိုဘာ ၁၄ ရက်၌ စစ်တပ်မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကာ သပိတ်ကျင်းမြို့နယ်တခုလုံး ပြန်ထိန်း ချုပ်နိုင်ရေးအတွက် လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးအပြင် တပ်သားသစ်များသုံး၍ အင်အားအများအပြားဖြင့် ထိုးစစ် ဆင်တိုက်ခိုက်နေခြင်းဟု သိရသည်။
“ဖော့တောလမ်းဆုံဆိုတာ အဓိကလမ်းဆုံဖြစ်နေတာဆိုတော့ အထက်ကိုတက်မလား၊ မန္တလေး-မိုးကုတ်လမ်းအတိုင်း အောက်ကိုဆင်းမလား ပတ်ချာလည်သွားလာလို့ ရသွားတယ်။ ဖော့တောလမ်းဆုံ မရခင်ကတည်းက လမ်းလယ်ကျစ်ကို သိမ်းထားနိုင်တာဆိုတော့ အောက်ဘက်ဇရပ်ကွင်း၊ စဉ့်ကူးနယ်အထိ ဆင်းလာနိုင်ဖို့ လုပ်ဆောင်လာတာမျိုးပေါ့” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။
ထိုဒေသနှင် ဆက်စပ်နေသည့် မတ္တရာအရှေ့ခြမ်းရှိ ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်(အင်ကြင်းမြိုင်)၊ ဆည်တော်ကြီးတပ်စခန်းများကိုပါ ပြန်လည်ရရှိရန် လုပ်ဆောင်နေသော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း၊ စစ်ကိုင်း တိုင်း ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့ နွယ်ငြိမ်းကျေးရွာရှိ ဧရာဝတီမြစ်ကူးတံတား ရတနာသိင်္ဃမှ အရှေ့ဘက်ကမ်း စဉ့်ကူးမြို့နယ်သို့ပါ စစ်ကြောင်းထိုးဖောက်နိုင်ရေး ပြင်ဆင်နေမှုများ ရှိနေကြောင်း သိရသည်။
“ရွှေဘို ကျောက်မြောင်းနဲ့ မြစ်အရှေ့ဘက်ကမ်း စဉ့်ကူးမြို့ကို ချိတ်ဆက်ထားတဲ့ ရတနာသိင်္ဃတံတားကနေ မြေပြင်စစ် ကြောင်းတွေ ဝင်နိုင်ဖို့ ကျောက်မြောင်းတပ်မှာ စုဖွဲ့နေတာမျိုးတွေရှိလာတယ်။ ဖော့တောလမ်းဆုံကနေဆင်းလာတဲ့ စစ်ကြောင်းနဲ့ ကျောက်မြောင်းကနေ ထိုးဖောက်လားမယ့် စစ်ကြောင်းတွေသာ ချိတ်ဆက်မိသွားနိုင်မယ်ဆိုရင် ကာကွယ်ရေး အင်အားစုတွေအနေနဲ့ စစ်ရေးလှုပ်ရှားနိုင်ဖို့ အခွင့်အရေး အတော်နည်းပါးသွားနိုင်မယ့်အခြေအနေ ရှိနေတယ်။ နောက်တခု မတ္တရာမြောက်ခြမ်းကနေ စဉ့်ကူးနယ်ဘက် ထိုးဖောက်ဖို့ လှုပ်ရှားနေတဲ့ စစ်ကြောင်းတခုလည်း ရှိနေတာဆိုတော့ တော်လှန် ရေးအင်အားစုတွေအနေနဲ့ အလွန်သတိထားရမယ့် အခြေအနေတွေလို့ မြင်ပါတယ်” ဟု စစ်တပ် CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီခန့်တွင် ဇရပ်ကွင်းရွာရှိ ရွာလယ်တံတားအနီးသို့ ဖော့တောလမ်းဆုံမှ တက်လာသည့် ဒရုန်းများဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ၁ နှစ်အရွယ် ကလေးငယ် အပါအဝင် ၅ ဦး သေဆုံးပြီး ၈ ဦး ထက်မနည်း ဒဏ်ရာရခဲ့ ကြောင်း၊ ယမန်နေ့ည၌လည်း ဒရုန်းနှင့်ဗုံးကြဲမှု ရှိခဲ့ကြောင်း စစ်ရှောင်များအားကူညီနေသူတဦးက ပြောသည်။
သပိတ်ကျင်းမြို့နယ်သည် ဒီဇင်ဘာလ ၂၈ ရက် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း ၁ ၌ မပါဝင်သော်လည်း ရွေးကောက်ပွဲ မလုပ်နိုင်သည့် မဲဆန္ဒနယ် ၁၂၁ နေရာတွင် ပါဝင်ခြင်းမရှိသဖြင့် ဆက်လက်ပြုလုပ်မည့် ရွေးကောက်ပွဲများထဲ ထည့်သွင်းနိုင် ရေးအတွက် ယခုကဲ့သို့ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းမျိုးဟု စစ်ရေး၊ နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။
“မန္တလေးမြို့မြောက်ဘက်ခြမ်းမှာ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ် ဒီလိုမျိုး အစဉ်တိုင်းရှိတာလေ။ အဲဒီမှာ စဉ့်ကူး၊ မိုး ကုတ်က ရွေးကောက်ပွဲမလုပ်နိုင်ဘူးဆိုပြီး ကြေညာထားတယ်။ မန္တလေးနဲ့ကပ်နေတဲ့ မတ္တရာတောင် ရွေးကောက်ပွဲ အပိုင်း ၁ မှာ မပါနိုင်ဘူးဆိုတော့ စစ်ရေးအရရော၊ နိုင်ငံရေးအရပါ သိက္ခာကျစရာ ဖြစ်နေတယ်။ သပိတ်ကျင်းမြို့ကို မသိမ်းနိုင်ခင်က တည်းက ရွေးကောက်ပွဲမလုပ်နိုင်တာမှာ မပါဘူးဆိုတော့ မဖြစ်မနေပြန်သိမ်းမယ်ဆိုတာမျိုးဖြစ်နေတာမို့ လူသစ်တွေနဲ့ အသေခံ၊ အနာခံပြီး မရရအောင် လုံးသွားမယ့်အနေအထား မှန်းဆလို့ရတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
ရွေးကောက်ပွဲ အပိုင်း ၁ ၌ မန္တလေးတိုင်းမှ ကျောက်ဆည်၊ ညောင်ဦး၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ချမ်းအေးသာစံ၊ အောင်မြေသာစံမြို့နယ်တို့ ပါဝင်ပြီး ရွေးကောက်ပွဲ မလုပ်နိုင်သည့် မဲဆန္ဒနယ် ၁၂၁ နေရာတွင် ပြည်သူ့ လွှတ်တော်၊ တိုင်းလွှတ်တော်များအတွက် နွားထိုးကြီး၊ စဉ့်ကူး၊ မိုးကုတ်မြို့နယ်များ ပါဝင်သည်။
ဖော့တောလမ်းဆုံနှင့် ၁၀ မိုင်ကျော်သာကွာဝေးပြီး မန္တလေးမြို့နှင့် ကားလမ်းမှ ၈၂ မိုင်၊ ရေမိုင် ၇၇ မိုင်ကွာဝေးကာ ဧရာဝတီ မြစ် ဝဲဘက်ကမ်းဘေးရှိ သပိတ်ကျင်းမြို့ကိုလည်း ဇူလိုင် ၂၃ ရက်တွင် စစ်တပ်က ပြန်လည်ထိန်းချုပ် ထား နိုင်ခဲ့သော်လည်း သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာအများစုကိုမူ တော်လှန်ရေးအင်အားစုများက စိုးမိုးထား ဆဲဖြစ်ကြောင်း သိရသည်။
“ဇရပ်ကွင်းက ဖော့တောလမ်းဆုံနဲ့ နီးတယ်၊ ၆ မိုင်ကျော်လောက်ပဲကွာတာ။ ဇရပ်ကွင်းက သပိတ်ကျင်းနယ်ထဲမှာရှိတဲ့ ရွှေတောတွေကိုသွားနိုင်တဲ့ လမ်းဆုံတခုလည်းဖြစ်တယ်။ ဇရပ်ကွင်းရွာကို ဆက်သိမ်းနိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်လာတာ မျိုးပေါ့။ အဓိက ရွေးကောက်ပွဲလုပ်နိုင်ဖို့ သပိတ်ကျင်းမြို့နယ်တခုလုံးကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ အခုလိုမျိုး ထိုးစစ်ဆင် တာ” ဟု သပိတ်ကျင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

သပိတ်ကျင်းမြို့နယ်ရှိ မန္တလေး-စဉ့်ကူး- မိုးကုတ်ကားလမ်း၊ မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းများနှင့် သပိတ်ကျင်းမြို့၊ ခလရ ၁၄၈ တပ်ရင်း၊ ရွှေလုပ်ကွက်များဖြစ်သည့် ကွင်းသုံးဆယ်၊ လက်ပံပြန့်၊ ဖိုကုန်း၊ ဝက်သေ၊ ဖက်ရှည်၊ ကျောက်ဖြူ၊ လိပ်ကျ၊ ဇရပ်ကွင်း၊ ကွင်း(၅၀၀) တပ်စခန်းများကို ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF၊ ပြင်ဦးလွင်ခရိုင် ပကဖ၊ မိုးကုတ်ဗျူဟာ၊ မြို့နယ် ပကဖများ၊ ဒေသတွင်း PDF အဖွဲ့များက ၂၀၂၄ ဩဂုတ်လအတွင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ သည်။
သို့သော် သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာနှင့် တွင်းငယ်ကျေးရွာများဘက်ရှိ အမှတ် ၂ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၂)၊ အမှတ် ၁၃ တန်းမြှင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တကက ၁၃)၊ သတ္တုဗေဒဆိုင်ရာသုတေသနနှင့် နည်း ပညာဖွံ့ဖြိုးရေး တိုးတက်ရေးတပ် (သနသ ၁) တပ်များ သိမ်းရန်ကျန်နေသေးရာ ပြန့်ကျဲအင်အားစုများ ပြန်စုဖွဲ့ပြီး ယခုနှစ်ဇွန်လဆန်းပိုင်းက စ၍ ထိုးစစ်ဆင်လာမှုကြောင့် သပိတ်ကျင်းမြို့၊ ဖော့တောလမ်းဆုံများ လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။
ဖော့တောလမ်းဆုံမှ မိုးကုတ်သို့ မိုင် ၅၀ ကျော်သာဝေးပြီး ထိုမှ မိုးမိတ်၊ ဗန်းမော်၊ မြစ်ကြီးနားထိလည်းကောင်း၊ ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ၊ သီပေါသာမက တော်လှန်ရေးအင်အားစုများအတွက် သပိတ်ကျင်းတောင်ခြမ်း၊ စဉ့်ကူး၊ မတ္တရာ မြို့နယ်နှင့် မိုးကုတ် ရှမ်းမြောက်ဒေသတို့အား ချိတ်ဆက်ထားသည့် အညာနှင့် ရှမ်းမြောက်ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားနိုင်ကြောင်း နိုင်ငံရေး၊ စစ်ရေးလေ့လာနေသူတဦးက ပြောထားသည်။
“ဖော့တောမှာ ခြေကုပ်ယူထားတဲ့ စစ်ကြောင်းတွေက ပိုးဇာကနေတဆင့် ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေတာ တွေ့ရသလို ဖော့တောလမ်းဆုံမှာပဲ အင်အားဖြည့်တင်းစုဖွဲ့မှုတွေ လုပ်နေပြီး မိုးကုတ်ဘက်ကိုလည်း ဦးတည်ဖို့ စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတာတွေ့ရတယ်။ တော်လှန်ရေးအင်အားစုတွေကလည်း ကျောက်လှည်းဘီးကနေခံဖို့ ပြင်ဆင်နေတာမျိုးတွေ လုပ် ထားတော့ မိုးကုတ်ဘက်ကို ထိုးစစ်စမယ်ဆိုရင် ကျောက်လှည်းဘီးကို ကျော်နိုင်ဖို့ အတော်ကြိုးစားရဦးမယ့်အခြေအနေ တွေပဲ ဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
မိုးကုတ်မြို့ကို လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်ပြုလုပ်လျက်ရှိရာ အောက်တိုဘာ ၂၁ ရက် နေ့လယ်ပိုင်းက မိုးကုတ်မြို့ အရှေ့ပိုင်း ဘုရားငါးဆူအနီးဝန်းကျင်နှင့် ဖူဆယ်ဘောလုံးကွင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေး ၃ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် အောက်တိုဘာ ၂၆ ရက်တွင် မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်အစပ် ကောင်းဆက်သာ ဆီဆိုင်နှင့်အနီးတဝိုက်ကို ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ရာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ အောက်တို ဘာ ၁၉ ရက် ည ၁၁ နာရီကျော်၌ စဉ့်ကူးမြို့နယ်က လက်ပန်လှ၊ ဆီဆုံကျေးရွာများကို ဗုံးကြဲခဲ့ရာ သံဃာ ၃ ပါး ထိခိုက်ဒဏ် ရာရခဲ့သလို ဆီဆုံကျေးရွာ ဘုန်းတော်ကြီးကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။
ဖော့တောလမ်းဆုံ တိုက်ပွဲဖြစ်ပွားချိန်ကတည်းက အနီးဝန်းကျင်ရှိ ဇရပ်ကွင်း၊ ညောင်ပင်သာ၊ ပိုးဇာကျေးရွာများအား လေ ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သဖြင့် အရပ်သား သေဆုံးဒဏ်ရာရမှုရှိသလို တွင်းငယ်ဘက်သို့ ဗုံးကြဲမှုများရှိကြောင်း၊ လက်ရှိ တွင်းငယ်-မိုးမိတ်လမ်းကြော၌ တိုက်ပွဲမရှိသော်လည်း နှစ်ဖက်တပ်များ စစ်ဆိုင်ထားသဖြင့် မကြာခင် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ထို့ပြင် ဖော့တောလမ်းဆုံ တိုက်ပွဲများကြောင့် လမ်းဆုံအနီးရှိ ဖော့တော၊ ညောင်ပင်သာ၊ ပိုးဇာ၊ ဇရပ်ကွင်း၊ ဝါးဖြူတောင်၊ ဂွေးပင်မှော်၊ သင်ပေါင်းချောင်း၊ လမ်းလယ်ကျစ်၊ ကျောက်ဖြာ၊ ဖုန်ကုန်း၊ ရွှေမွှေးချောင်း၊ ညောင်ချိုအိုက်၊ ပေသောင်၊ ကဘဲ့ ကြီး၊ အုံးဇုံး၊ မြင်သာ၊ ၄ မိုင်၊ ၅မိုင်၊ ၆ မိုင်၊ ၇ မိုင်၊ ၉ မိုင်ကျေးရွာများမှ ဒေသခံများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း သိရသည်။
You may also like these stories:
သပိတ်ကျင်းက အချက်အခြာကျ ဖော့တောလမ်းဆုံ စစ်တပ်ပြန်သိမ်း
စစ်ကိုင်း- ကျောက်မြောင်းဗျူဟာလမ်း စိုးမိုးရေး လေကြောင်းပစ်ကူဖြင့် စစ်ကြောင်းထိုး
ကလေးမြောက်ပိုင်း တော်လှန်ရေးတပ်စခန်းအချို့ လက်လွှတ်ရ














