စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း ကလေး-တမူးနှင့် ကလေး-ဂန့်ဂေါလမ်းမကြီးကို စစ်တပ်က အောက်တိုဘာ ၁၆ ရက်မှစ၍ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များ၏ စခန်းအချို့ လက်လွှတ်ခဲ့ရကြောင်း သိရသည်။
ကလေးမြို့လေယာဥ်ကွင်းကို ထောက်ပို့လေယာဉ်ဖြင့် အင်အားဖြည့်လာသည့် အင်အားတထောင်ခန့်ဖြင့် ကလေးမြောက် ပိုင်းသို့ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ထိုးနေခြင်းဖြစ်ကြောင်း၊ ယနေ့အချိန်ထိ ကလေးမြို့နယ်မြောက်ပိုင်းရှိ ကံကြီး၊ ကံသာ ယာ၊ နန်းစောင်းပု၊ ရာဇဂြိုလ်ကျေးရွာများတွင် တပ်စွဲထားသည့် တော်လှန်ရေးတပ်စခန်း ၄ ခု လက်လွှတ်ခဲ့ရကြောင်း သိရ သည်။
ကလေးမြောက်ပိုင်းတွင် လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကလေး-တမူး လမ်းပိုင်းကတော့ ၅၀/၅၀ အနေအထားပါပဲ။ အဲဒီစခန်းတွေက အခိုင်အမာစခန်းတွေ မဟုတ်ပါဘူး။ ရွေ့လျား (Mobile)စခန်းတွေပါ။ ပြည်သူ လူထု ထိခိုက်မှုရှိမှာစိုးလို့ ကျနော်တို့ ယာယီပြန်ဆုတ်တဲ့သဘောပါ” ဟု ဧရာဝတီကို ပြောသည်။
စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်များတွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းရှိ ကလေး-ခမ်းပတ်-တမူးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး အကြမ်းဖက်အုပ်စုများ၏ စခန်းကြီး ၄ ခုထက်မနည်း သိမ်းပိုက်ထားသည်ဟု ဖော်ပြထားကြသည်။
ကလေး-တမူးလမ်းမကြီးပေါ်ရှိ ရာဇဂြိုလ်ကျေးရွာအတွင်း ဝင်ရောက်နေသည့် အင်အား ၃၀၀ ၀န်းကျင်ပါ စစ်ကြောင်း တကြောင်း၊ လက်ပံချောင်းရွာကို ရောက်နေသော အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းတကြောင်းနှင့် ကလေးမြို့မှ မိုင် ၆၀ ခန့်အကွာ တမူးမြို့နယ်အစပ်ရှိ စော်ဘွားရေရှင်ရွာသို့ ရောက်ရှိနေသည့် အင်အား ၅၀၀ ပါ စစ်ကြောင်းတို့ဖြင့် ထိုးနေခြင်း ဖြစ်သည်။
အလားတူ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ဟံသာဝတီရွာနှင့် ကလေးမြို့နယ်၊ ကြံသာရွာတို့တွင် အထိုင်ချထားသည့် ပျူစောထီး နှင့် စစ်ကော်မရှင် ပူးပေါင်းတပ်များသည် အင်အား ၅၀၀ ခန့်ဖြင့် ကလေးမြို့နယ်တောင်ပိုင်းသို့ အောက်တိုဘာ ၁၆ ရက်၌ စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် မှန်တောရွာအား အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ ခြင်းကြောင့် အောက်တိုဘာ ၁၈ ရက်၌ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ကလေးတောင်ပိုင်းရှိ တော်လှန်တပ်ဖွဲ့၀င်တဦးက “လက်ရှိစစ်ရေးက တောင်ပိုင်းရော၊ မြောက်ပိုင်းရောကို အင်အားသုံးပြီး စစ်ကြောင်းထိုးနေတယ်။ မှန်တောမှာလည်း သူတို့ဘက်က ဒရုန်းသုံးပြီးဗုံးကြဲတယ်။ ဂန့်ဂေါနယ်အစပ်ဆိုတော့ သူတို့ဘက် က စစ်ကူပို့ဖို့ အသာစီးရတဲ့အနေအထား။ သူတို့ မှန်တောကနေ ဆက်မတိုးနိုင်အောင် ကျနော်တို့ဘက်က ထိန်းထားတယ်” ဟု ပြောသည်။
မှန်တောရွာတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ သေဆုံးမှုများသလို တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးလည်း သေဆုံးခဲ့ကြောင်း၊ လက်ရှိတွင် စစ်ကော်မရှင်တပ်များသည် ကလေးတောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးရင်း ဒေသခံ များအား ရွေးကောက်ပွဲအတွက် စည်းရုံးသိမ်းသွင်းနေကြောင်း သိရသည်။

၂၀၂၅ ဧပြီ ၁၁ ရက်တွင် မှန်တောရွာရှိ ပျူစောထီးနှင့် စစ်တပ်ပူးပေါင်းစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး ၆ လခန့်အကြာတွင် ပြန်လက်လွှတ်လိုက်ရခြင်း ဖြစ်သည်။
ကလေးမြို့နယ်နှင့် တမူးမြို့နယ်အစပ် အရှေ့ခုံသာနှင့် အနောက်ခုံသာကျေးရွာများသို့ စစ်ကြောင်းထိုးချိန် အောက်တိုဘာ ၁၇၊ ၁၈ ရက်များတွင် အရပ်သား ၁၀ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
“စစ်ကြောင်း၀င်ချိန် သတ်ဖြတ်ခံရတာတွေရှိတယ်။ လက်ရှိမှာ ၁၀ ဦးထက်မကဘူး။ ထွက်ပြေးရတဲ့ ဒေသခံတွေက ပြန့်ကျဲနေတော့ အတိအကျသိရနိုင်ဖို့ အခက်အခဲရှိပါတယ်။ အရှေ့/အနောက်ခုံသာရွာတွေကတော့ ကိုယ်လွတ်ရုန်းပြီး ပြေးရတဲ့အနေအထားပါ။ ကျန်ခဲ့တဲ့သူတွေနဲ့ စစ်ကြောင်းနဲ့တွေ့တဲ့သူတွေကို သတ်ဖြတ်တယ်လို့ ကြားသိရပါတယ်။ ဖမ်းခံထားရသူတွေလည်းရှိနေတယ်” ဟု ကလေးမြို့ လူသားချင်းစာနာထောက်ထားမှုအဖွဲ့ တာ၀န်ခံက ပြောသည်။
ထို့ပြင် စစ်ကြောင်းကြောင့် ကလေးတောင်ပိုင်းကျေးရွာများနှင့် ကလေးမြောက်ပိုင်းမှ ရာဇဂြိုလ်၊ အရှေ့ခုံသာ၊ အနောက် ခုံသာ၊ နန်းဟံနွဲ့၊ နန်းစောင်းပု၊ ကံကြီး၊ ကံသာယာ၊ ကြံစက်ကုန်း ၊ ၅၆ မိုင် စသည့် ကျေးရွာများမှ ဒေသခံ ၂ သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း အကူအညီပေးနေသူများက ဆိုသည်။
စော်ဘွားရေရှင်ရွာမှ စစ်ဘေးရှောင်တဦးက “ရပ်မိရပ်ဖတွေရဲ့ သတင်းပေးမှုကြောင့် ၁၆ ရက်နေ့ကစပြီး ရှောင်လာကြတာ။ ကျနော်တို့လည်း မိသားစုလိုက် အရေးကြီးပစ္စည်းတွေပဲ ရသလောက်သိမ်းပြီး ပြေးခဲ့တာ။ တရွာလုံးပြေးကြတာ။ စပါးတွေ၊ ၀က်တွေ၊ နွားတွေဆို ဒီအတိုင်းထားခဲ့ရတယ်။ အသက်ဘေးလွတ်ဖို့ အရေးကြီးတယ်ဆိုပြီး ပြေးခဲ့ရတာ၊ အကုန်ခက်ခဲတာပဲ” ဟု ပြောသည်။
စစ်ဘေးရှောင်များသည် နီးစပ်ရာ ဘေးလွတ်နိုင်မည့်နေရာများ၊ ကလေးမြို့ပေါ်နှင့် အိန္ဒိယနယ်စပ်များအထိ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း၊ စစ်ကြောင်းများကြောင့် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ခါမ်းပါတ်မြို့ရှိ ဒေသခံများ တိမ်း ရှောင်နေသလို တမူးမြို့ခံများလည်း အဆင်သင့်ပြင်ဆင်ထားကြောင်း သိရသည်။
စစ်ဘေးရှောင်များထဲ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသူငယ်များ ပါ၀င်ပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ ကျန်းမာရေးကူညီစောင့်ရှောက်မှု၊ အခြေခံစားသောက်ကုန် စသည့် အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ကလေး မြို့ လူသားချင်းစာနာထောက်ထားမှုအဖွဲ့ တာ၀န်ခံက ပြောသည်။
စစ်ကော်မရှင်တပ်သည် ချင်းပြည်နယ်ရှိ မြို့နယ်များနှင့် ကလေးမြို့နယ်၊ ခမ်းပတ်မြို့၊ တမူးမြို့နယ်မှ ၎င်းတို့ လက်လွှတ်ထား ရသည့် နယ်မြေများကို ပြန်သိမ်းယူမည်ဟုပြောထားပြီး အောက်တိုဘာ ၁၆ မှ ၁၈ ရက်ထိ ကလေးမြို့ လေယာဉ်ကွင်း၌ ထောက်ပို့လေယာဉ်များ မကြာခဏ ဆင်းသက်ကာ စစ်တပ်အခြေစိုက်စခန်းများသို့ လူအင်အား၊ လက်နက်ခဲယမ်းများ ထပ်မံဖြည့်တင်းနေသည်။
You may also like these stories:
စစ်ကိုင်း- ကျောက်မြောင်းဗျူဟာလမ်း စိုးမိုးရေး လေကြောင်းပစ်ကူဖြင့် စစ်ကြောင်းထိုး
ပုဏ္ဏားကျွန်းဘက် စစ်တပ်က ခံစစ်အခိုင်အမာပြင်
သပိတ်ကျင်းက အချက်အခြာကျ ဖော့တောလမ်းဆုံ စစ်တပ်ပြန်သိမ်း














