စစ်ကော်မရှင်ရွေးကောက်ပွဲနှင့် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဆိုသည့် ဝါဒဖြန့်ဇာတ်ကားကို လူမှုကွန်ရက်ထက် ဝေဖန်သူ တရာခန့်အား ဖမ်းထားရာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ပိတ်ပင်ခံရသည့်အတွက် စစ်မှန်သည့်ရွေးကောက် ပွဲ မဖြစ်နိုင်ကြောင်း ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများက သုံးသပ်ကြသည်။
အောက်တိုဘာ ၃၀ ရက် စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲဥပဒေနှင့် ဖမ်းထားသူ အမျိုးသား ၈၅ ဦး၊ အမျိုးသမီး ၃ ဦး ၊ စုစုပေါင်း ၈၈ ဦး၊ နိုဝင်ဘာ ၃ ရက် ထုတ်ပြန်ချက်အရ ၇ဦး စုစုပေါင်း ၉၅ ဦးရှိပြီဖြစ်ကာ ထိုထဲမှ တောင်ကြီးမြို့၌ ဖမ်းဆီးခံရသည့် ကိုနေသွေးကို စက်တင်ဘာ ၉ ရက်နေ့တွင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။
ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတဦးက “ ဒီဥပဒေကတော့ လူသိရှင်ကြားဖမ်းဆီးမယ့် ဥပဒေပဲ။ ဆက်ပြီးတော့လည်း ဖမ်းလိမ့်မယ်။ အရင်က ၅၀၅ က နဲ့ အုပ်ချုပ်သလို အခုလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာမှ မဟရဲအောင် အုပ်ချုပ် တဲ့ ပုံစံမျိုးနဲ့ လုပ်လိမ့်မယ်။ ပြည်တွင်းမှာနေတဲ့သူတွေ နောင်ကြဉ်အောင်လုပ်တဲ့သဘောနဲ့ ဖမ်းဆီးကြလိမ့်မယ်။ ပိုများလာ လိမ့်မယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
နိုဝင်ဘာလ ၃ ရက် ထုတ်ပြန်ရာတွင် ပုသိမ်၊ ဘားအံ၊ ဒလ၊ ကမာရွတ်၊ တောင်ကြီးတို့၌ ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူ များ ဇာတ်လမ်းတိုအား ဝေဖန်သူ အမျိုးသမီး ၃ ဦးနှင့် PDF အဖွဲ့ဝင်ထံ ရွေးကောက် ပွဲ နှောင့်ယှက်ဖျက်ဆီးပေးရန် စာပို့ခြင်း၊ ဘားအံမဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဓာတ်ပုံနှင့်စာသား ပါ ဗွီနိုင်းစုတ်ဖြဲခြင်း၊ ဒလမြို့ နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်အား ဆဲဆိုခြိမ်းခြောက်ထိုး ကြိတ်မှုဖြင့် အမျိုးသား ၄ ဦး စုစုပေါင်း ၇ဦးကို အမှုဖွင့် အရေးယူခဲ့ကြောင်း ဆိုထားသည်။
လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူနှင့် သက်ဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံ ပိုစတာချိတ်ဆွဲခြင်း စသည်တို့အပြင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ထိခိုက်ပျက်စီးစေရန် နှောင့်ယှက်သူများကို ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် နေကြောင်း ဖော်ပြထားသည်။
ထို့အပြင် ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားနှင့်ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာ(Facebook)ပေါ် ဆန့်ကျင် ရေးသားချက်များအား ထောက်ခံအားပေးသည်ဆိုကာ ရုပ်ရှင်ဒါရိုက်တာ သက်လွင်(ခ) ဇမ္ဗူထွန်းသက်လွင်နှင့် အောင်ချမ်းလူ(ခ)အေးချမ်းအောင် တို့အား ဖမ်းဆီးထားပြီး ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ် ပေး ရေးဥပဒေအပါအဝင် ပြစ်မှုဆိုင်ရာဥပဒေများဖြင့် ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်တပ်က အောက်တိုဘာ ၃၁ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ထားသည်။
အောက်တိုဘာ ၂၉ ရက်နေ့ကလည်း ရွေးကောက်ပွဲမထောက်ခံသည့် စွပ်စွဲချက်များဖြင့် ဒါရိုက်တာမိုက်တီး(ခ) သန်းထွန်းဇော်၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ) ကျော်မင်းထွဋ်နှင့် ဟာသသရုပ်ဆောင်အုန်းဒိုင်း(ခ)ဇော်မြင့်တို့ကိုလည်း စစ်တပ်က ဖမ်းဆီးခဲ့သည်။
CDM တရားသူကြီးတဦးက “ဆိုရှယ်မီဒီယာမှာ React လုပ်ရုံနဲ့ ဖမ်းဆီးခံရတယ်ဆိုတာ ပုဒ်မ ၂၈ မှာ ဥပဒေတခုရဲ့ ပြဋ္ဌာန်း ချက် တခုကို ပူးပေါင်းကြံစည်တာ အားပေးကူညီတာလုပ်ရင် မူရင်းပြစ်ဒဏ်အတိုင်းပဲ ပြစ်ဒဏ် ချမှတ်နိုင်တယ်ဆိုပြီး ပုဒ်မ ၂၈ မှာပြောထားတယ်။ ဒီတော့ စစ်ကောင်စီရဲ့လူတွေက ဆိုရှယ်မီဒီယာမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရေးသားတဲ့ အပေါ်မှာ React ပေးခြင်းသည် အားပေးကူညီတာဆိုတဲ့ ရှုထောင့်ကနေ အဓိပ္ပါယ်ကောက်ယူတာဖြစ်ပါလိမ့်မယ်။ ဒီလိုကောက်ယူပြီးတော့ ပုဒ်မ ၂၃ အရ တယောက်ထဲလုပ်တာဖြစ်တဲ့အတွက် ၃ နှစ်ကနေ ၇နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေနဲ့ ဖမ်းသွားတာ” ဟု ပြောသည်။

အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ကျင်းပသည့် ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးသူများကို အရေးယူရန် ရွေးကောက်ပွဲနှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်း ကာကွယ်ပေးရေးဥပဒေကို ဇူလိုင်လ ၂၉ ရက်တွင် ပြဋ္ဌာန်းခဲ့ကာ လူမှုကွန်ရက်မှတဆင့် ရွေးကောက်ပွဲ ဝေဖန်ရေးသားသူများကို ဖမ်းဆီးရုံတင်မက ဝေဖန် ရေးသားထားသော ပို့စ်များအား React ပြုလုပ်သူများပါမကျန် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လာခြင်းဖြစ်သည်။
“ရွေးကောက်ပွဲဆိုတာ တကယ်တော့ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့်ကို အမြင့်ဆုံးကျင့်သုံးပြီးတော့ နိုင်ငံရေးမှာ ပါဝင် ရတာ၊ ဘယ်ကိုယ်စားလှယ်လောင်းကိုတော့ ကြိုက်တယ် မကြိုက်ဘူး။ ရွေးကောက်ပွဲကော်မရှင်က ဘယ်ဟာတော့ အားနည်းတယ်။ ဘယ်ဟာတော့ အားကောင်းတယ်ဆိုပြီး ဝေဖန်ရတာ။ ၂၀၁၂ ကစပြီး ဒီလိုမျိုး ကန့်သတ်ပြီးတော့ လုပ်တဲ့ ရွေးကောက်ပွဲ မရှိခဲ့ဘူး။ ၂၀၁၀ ကတော့ လွတ်လပ်ခွင့်တော့ အတိုင်းအတာတခုထိ မရှိပေမယ့် အခုလောက်တော့ ဆိုးရွားတဲ့ အခြေအနေမဟုတ်ခဲ့ဘူး” ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတဦးက ပြောသည်။
စစ်ခေါင်းဆောင်သည် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပမည်ဟု ကြွေးကြော် ထားသော်လည်း လက်တွေ့တွင် ၎င်းတို့ကိုဝေဖန်သူတိုင်းအား ဖမ်းဆီးအရေးယူမှုများကို ဆက်တိုက် ပြုလုပ်နေခြင်း ဖြစ်သည်။
ထို့ပြင် စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်များမှလည်း လူမှုကွန်ရက်အသုံးပြုသူများကို စောင့်ကြည့်ကာ ရွေးကောက်ပွဲ ဝေဖန်သူများနှင့် ဝေဖန်သူပို့စ်များကို React ပေးသူများအား ဖမ်းဆီးပေးရန် တောက်လျောက် လှုံ့ဆော်လျက်ရှိသည်။
ကမာ္ဘတဝန်း ဒစ်ဂျစ်တယ်အခွင့်အရေးများကို အားပေးမြှင့်တင်သည့် Access Now မှ အာရှ-ပစိဖိတ် မူဝါဒသုတေသီ မဝေဖြိုးမြင့်က “ စစ်တပ်လုပ်တဲ့ရွေးကောက်ပွဲကို စောင့်ကြည့်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရှိတယ်။ အခုဒီရက်ပိုင်း သူတို့ရဲ့ ရွေးကောက်ပွဲကို ဝေဖန်တာနဲ့ ပြည်တွင်းနေ လူတယောက်ယောက်က Like ၊ Love react ပေးတယ်ဆိုရုံနဲ့ ဖမ်းဆီးတယ်ဆိုတာက တော်ရုံလူ့အခွင့်အရေးချိုးဖောက်မှုမျိုးမဟုတ်ဘူး။ ဒီလိုဖမ်းဆီးမှုတွေက သူတို့ရွေးကောက်ပွဲပုံရိပ်ကို သူတို့ဘာသာ သူတို့ ပုံဖော်နေတယ်။ သူတို့ရွေးကောက်ပွဲဟာ မမျှတဘူး။ မတရားဘူး။ အတုအယောင်သာဖြစ်တယ် ဆိုတာကို သူတို့ကိုယ်တိုင်က ကမာ္ဘကိုပြနေတဲ့ ပြယုဂ်လို့ သုံးသပ်ပါတယ်” ဟု ပြောသည်။
စစ်အုပ်စုသည် Facebook နှင့် Telegram ကဲ့သို့သော ပလက်ဖောင်းများကို စောင့်ကြည့် ခြိမ်းခြောက်ရေး ကိရိယာများ အဖြစ် ပြောင်းလဲအသုံးပြုကာ အသုံးပြုသူများကို စောင့်ကြည့်ခြင်း၊ တက်ကြွ လှုပ်ရှားသူများကို ခြေရာခံခြင်းနှင့် ၎င်းတို့၏ ရာဇဝတ်မှုများကို လိမ်ညာဖုံးဖိရန်နှင့် ဒီမိုကရေစီ ခုခံတွန်းလှန်မှုများကို ပျက်ပြားစေရန် သတင်းမှား ဖြန့်ဝေရေး ပူးပေါင်းဆောင်ရွက်လှုပ်ရှားမှုများကို ပြုလုပ်လျက်ရှိကြောင်း နိုဝင်ဘာလ ၄ ရက်က အကြိမ် (၈၀) မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ “သတင်းအချက်အလက်များနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အထွေထွေဆွေးနွေးမှု၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။
ယနေ့မြန်မာနိုင်ငံအတွင်းရှိ မီဒီယာ လွတ်လပ်ခွင့်သည် လုံးဝဥဿုံ ပြိုလဲပျက်စီးသွားခဲ့ပြီး လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာများအနေဖြင့် ရပ်တည်ရန် မဖြစ်နိုင်တော့ကြောင်း၊ အရပ်သားများသည်လည်း လူမှုကွန်ရက်ပေါ်၌ပင် ၎င်းတို့၏ အတွေး၊ အမြင်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိတော့ဘဲ အမြဲတစေ ကြောက်ရွံ့မှုတို့ဖြင့် ရှင်သန်နေထိုင်ရလျက်ရှိကြောင်း ဦးကျော်မိုးထွန်းက ဆိုသည်။
ယင်းလုပ်ရပ်များသည် နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (ICCPR) ၏ အပိုဒ် ၁၉ တွင် ပြဋ္ဌာန်းထားသည့် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်စသည့် အခွင့်အရေးများကို အတိအလင်း ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်အုပ်စု၏ စနစ်တကျ ဆင်ဆာ ဖြတ်တောက်မှု၊ ဝါဒဖြန့်မှုနှင့် အွန်လိုင်းစောင့်ကြည့်မှုများသည် နိုင်ငံသားများ၏ သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ အခြေခံအခွင့်အရေးများကို ဖျက်ဆီးကာ သန်းနှင့်ချီသော မြန်မာပြည်သူများ၏ လွတ်လပ်သော အသံများကို ဆုံးရှုံးစေခဲ့ကြောင်း ဦးကျော်မိုးထွန်းက ဆိုသည်။
စစ်ကော်မရှင် စီစဉ်ထားသော ရွေးကောက်ပွဲများသည် အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှု ပိုမိုနက်ရှိုင်းလာစေနိုင်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က ပြောကြားထားသလို နိုင်ငံရေး အတိုက်အခံ ခေါင်းဆောင်များအား ဖမ်းဆီး၊ ချုပ်နှောင်၊ ထောင်ချ၊ ညှဉ်းပန်းနှိပ်စက်ထားပြီး ပြုလုပ်သော ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတခု မဖြစ်နိုင်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူးစ်ကလည်း ပြောထားသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအထိ လူမှုကွန်ရက်များပေါ်တွင် စစ်ကော်မရှင်ကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် တော်လှန်ရေးအဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားပြောဆိုမှုများကြောင့် ဖမ်းဆီးခံရသူ ၁၉၉၃ ဦးရှိခဲ့ကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။ ထိုထဲတွင် ရန်ကုန်၊ မန္တလေး၊ ပခူး၊ ဧရာဝတီ၊ မကွေး၊ ရှမ်း စသည့် တိုင်းနှင့် ပြည်နယ် ၆ ခု တွင် အဖမ်းအဆီးများခဲ့ပြီး စုစုပေါင်း ၁၅၇၃ ဦးရှိကြောင်း သိရသည်။
You may also like these stories:
ရုပ်ရှင်သရုပ်ဆောင်များ ရွေးကောက်ပွဲကြွေးကြော်သံ ရိုက်ရမည်
ရုပ်ရှင်လောကကို အသုံးချပြီး စကမ ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေး လုပ်လာ
မြန်မာပြည် သတင်းအမှောင်ကျနေမှုက ငလျင်ဒဏ် ပိုခံရသည်
ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေး ဇာတ်သဘင်ကို စကမ အသုံးချ
သမ္မတဖြစ်ရေး စစ်ခေါင်းဆောင် မင်းအောင်လှိုင် မဲ စ ဆွယ်














