ပြီးခဲ့သည့် လေးလအတွင်း တင်သွင်းခဲ့သောဆီဖိုးတွင် ဒေါ်လာငွေ မသမာမှုလုပ်သဖြင့် နိုင်ငံတော်နစ်နာသည်ဟုဆိုကာ စစ်ကော်မရှင်မှ စက်သုံးဆီ တင်သွင်းရောင်းချနေသော ကုမ္ပဏီပိုင်ရှင်များအား ငွေကျပ် ဘီလီယံ ၅၄၀ ကျော်ကို ဇန်နဝါရီ လနောက်ဆုံးထားပြီး အပြီးပေးသွင်းရန်နှင့် မပေးသွင်းပါက လိမ်လည်မှုဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များထံ မှ သိရသည်။
ပြည်ပမှ စက်သုံးဆီတင်သွင်းရာတွင် ဒေါ်လာဈေးကစားခြင်း၊ လာဘ်ပေးလာဘ်ယူ ကိစ္စများရပ်များကြောင့် စွမ်းအင်ဝန်ကြီး ဌာန ဒုဝန်ကြီး ဦးသန့်စင်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးရွှေမော်တို့ အပါအဝင် လုပ်ငန်းရှင်တချို့ကို စစ်ကော်မရှင်က ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဒုဝန်ကြီး ဦးသန့်စင်အား နိုဝင်ဘာ ၂၅ ရက်၌ တာဝန်မှ ရပ်စဲလိုက် သည်။
ထို့နောက် စက်သုံးဆီတင်သွင်းသည့် မန္တလေးအခြေစိုက် ဦးဝင်းဆွေ၏ Best Oil (BOC) ကုမ္ပဏီ၊ မြန်မာနိုင်ငံ စက်သုံးဆီ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်ပိုင် မြတ်မေတ္တာမွန်၊ ဦးဇော်ဇော်ပိုင် Max ကုမ္ပဏီ၊ ဦးချစ်ခိုင်ပိုင် Denko ကုမ္ပဏီ စသည်တို့ အပါအဝင် ကုမ္ပဏီတချို့အနေဖြင့် စက်သုံးဆီတင်သွင်းသည့် ပမာဏအလိုက် နစ်နာကြေးအဖြစ် စစ်ကော်မရှင်ကို ငွေကျပ် ဘီလီယံ ၅၀၀ ကျော် ပြန်လည်ပေးသွင်းရမည်ဟု လုပ်ငန်းရှင်များက ဆိုသည်။
ဒုဝန်ကြီး ဦးသန့်စင်အမှုနှင့် ပတ်သက်၍လည်း ငွေကြေးကိစ္စများ၌ မိသားစုအကောင့်များပါ အသုံးပြုထားသောကြောင့် စစ်ဆေးခံနေရပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရီးစဉ်များရှိနေသဖြင့် ၎င်း ပြန်ရောက်မှသာ ဆက် လက်ကိုင်တွယ်သွားမည်ဖြစ်ကြောင်း စက်သုံးဆီ လုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက “ပြီးခဲ့တဲ့ လေးလငါးလလောက်က ဖြစ်တာ။ အဲဒီကာလတုန်းက ပိုသွင်းခဲ့တဲ့ ကုမ္ပဏီတွေက သူတို့ ဆီထုတ်တဲ့ ပမာဏအတိုင်း ပြန်ပေးရမှာ။ ကုမ္ပဏီအားလုံးပေါင်း ကျပ် ဘီလီယံ ၅၄၀ ကျော် ရှိတယ်။ အခု ငွေ စသွင်းခိုင်းနေပြီ။ မသွင်းတဲ့သူကို ၄၂၀ နဲ့ စွဲတာ၊ လိမ်လည်မှုလည်း စွဲမယ်ပြောတယ်။ ပုဒ်မ ၄၀၆ နဲ့ စွဲမယ်လည်း ပြောတယ်။ အခုကတော့ ဆိုင်းငံ့ထားတဲ့ဆီတွေ ချပေးနေတယ်။ ဦးသန့်စင်ကတော့ မင်းအောင်လှိုင် ခရီးသွားနေတော့ သူပြန်မှပေါ့။ သူ့မိသားစု အကောင့်တွေပါ ခေါ်စစ်ထားတာတွေ့တော့ ထင်ရှားတယ်” ဟု ဧရာဝတီကို ပြောသည်။
ဦးသန့်စင်သည် ဝန်ကြီးချုပ် ဦးညိုစောနှင့် စစ်တက္ကသိုလ် အပတ်စဉ် ၂၃ အတူတက်ခဲ့ကြပြီး အလွန်ခင်မင်ရင်းနှီးသူများ ဖြစ်ကာ ၎င်းကိုယ်တိုင် ဦးသန့်စင်အား စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စက်သုံးဆီလုပ်ငန်းရှင်များအား တရားစွဲမည့် ရာဇသတ်ကြီး ပုဒ်မ ၄၀၆ ဆိုသည်မှာ “ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု”၊ ပုဒ်မ ၄၂၀ ဆိုသည်မှာ “လိမ်လည်မှု” ဖြစ်ကြောင်း၊ ပုဒ်မ ၄၀၆ အရ ပြစ်မှုထင်ရှားလျှင် ၃ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး ပုဒ်မ ၄၂၀ အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင် သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါပုဒ်မနှစ်ခုစလုံးသည် ဥပဒေအရ အာမခံပေးနိုင်သောပြစ်မှုအဖြစ် သတ်မှတ်ထားသော်လည်း ငွေကြေးလိမ် လည်မှုကြီးမားပါက တချို့အမှုများတွင် အာမခံမပေးခြင်းမျိုးလည်းရှိကြောင်း တရားလွှတ်တော်ရှေ့နေများက ဆိုသည်။
You may also like these stories:
ကျောက်ကုန်သည်များ တော်လှန်ရေးနှင့် မပတ်သက်ဖို့ သတိပေး
ထိုင်းသို့ ပို့သော ငရုတ်သီးများ၌ ဓာတ်ကြွင်းတွေ့၍ ကုမ္ပဏီများ သတိပေးခံရ
စစ်ပွဲကြားက မြန်မာကို တရုတ် လျှပ်စစ်ကားများက မည်သို့ ပြောင်းလဲစေသနည်း














