ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဝိုင်းမော်မြို့နယ်အတွင်းရှိ တပ်မတော်စစ်ကြောင်း အခြေပြု နေရာသို့ မောင်းသူမဲ့လေယာဉ်(UAV) များ အသုံးပြု၍ ယမန်နေ့က ထောက်လှမ်းရာ တပ်မတော်စစ် ကြောင်းက လက်နက်ငယ်များဖြင့် ပစ်ခတ်ဖျက်ဆီးသဖြင့် KIA အဖွဲ့၏ UAV သုံးစီး ပေါက်ကွဲပျက်စီးကာ ကျန်တစီးမှာ ကျည်ထိမှန်ပြီး ပျက်ကျလာသည့်အတွက် သိမ်းဆည်းထားကြောင်း၊ ယင်း UAVကို စစ်ဆေးရာ ဖောက်ခွဲတိုက်ခိုက်ရန် TNTယမ်းထုပ် များ တပ်ဆင်ထားပြီး ဘက်ထရီ ၃ လုံး၊ အလို အလျောက်ပျံသန်းမှုစနစ် ၁ ခု၊ ကင်မရာ ၁ လုံး၊ မော်တာ ၅ ခု၊ GPS ၁ ခု၊ Auto Pilot Sensor ၁ ခုတို့ပါရှိ သည်ကို ကနဦးစစ်ဆေး တွေ့ရှိရပြီး လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း အစိုးရသတင်းတွင် ဖော်ပြထားသည်။
သို့သော် KIA အဖွဲ့က အသုံးပြုသည်ဆိုသော မောင်းသူမဲ့လေယာဉ်(UAV)နှင့် ပတ်သက်၍ ထုတ်လုပ်သည့် နိုင်ငံ၊ အမျိုးအစား၊ အရွယ်အစားကိုမူ ဖော်ပြထားခြင်းမရှိပေ။
တရုတ်နိုင်ငံလုပ် CH-3A အမျိုးအစား မောင်းသူမဲ့လေယာဉ်များကို မြန်မာတပ်မတော်ကလည်း အသုံးပြုလျှက်ရှိပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဝေဟင်မှ မြေပြင် ထောက်လှမ်းရေးနှင့် ရန်သူ့စစ်စခန်းကို ခွဲခြားတိုက်ခိုက်နိုင်ရေး ရည်မှန်းချက်ဖြင့် အသုံးပြုသည်။
CH-3A သည် CH-3 မောင်းသူမဲ့ လေကြောင်းတိုက်ခိုက်ရေးယာဉ် (UCAV) မျိုးကွဲတခု ဖြစ်၍ အများဆုံး ဝန်အလေး ချိန် ၁၈၀ ကီလိုဂရမ် သယ်ဆောင်နိုင်ပြီး ၆ နာရီကြာ ပျံသန်းနိုင်ကြောင်း သိရသည်။ CH-3A သည် CH-3 နှင့် အလားတူ ၉၆၀ ကီလိုမီတာ ပျံသန်းနိုင်သည်။ လက်နက်ကြီး အနေဖြင့် CH-3A က AR-1 အမျိုးအစား ဝေဟင်မှ မြေပြင်ပစ် လေဆာပဲ့ထိန်း ဒုံးကျည်များနှင့် YC-200 အမျိုးအစား ပဲ့ထိန်းဗုံးများ သယ်ဆောင်နိုင်သည်။ (ထိုစနစ်၂ မျိုးလုံးကို ဒရုန်းများ ဖြင့်တိုက်ခိုက်နေသည့် နိုင်ဂျီးရီးယား တပ်မတော်က အသုံးပြုသည်ဟု သိရသည်။)