တရုတ်စစ်တပ်က အမျိုးသားလုံခြုံရေးနှင့် နယ်စပ်လုံခြုံရေးကို ရည်ရွယ်ပြီး ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနယ်စပ်တလျှောက်မှာ ကျည်ဆန်အစစ်တွေကို အသုံးပြုကာ စစ်ရေးလေ့ကျင့်မှု မနေ့က ပြုလုပ်ခဲ့ပါတယ်။
တရုတ်သတင်း ဆင်ဟွာရဲ့ ဖော်ပြမှုမှာတော့ တရုတ်လေတပ်နဲ့ ကြည်းတပ် ပူးတွဲစစ်ရေးလေ့ကျင့် မှုဟာ ပုံမှန်လေ့ကျင့် မှုတခုဖြစ်ပြီး၊ ခြေလျင်တပ်၊ အမြောက်တပ်၊ လေကြောင်း ကာကွယ်ရေး၊ လေတပ်တို့ ပါဝင်ကြောင်း၊ စစ်သည်တွေရဲ့ လျှပ်တပျက် တိုက်ခိုက်မှု စွမ်းရည်၊ တိကျတဲ့ ဖျက်ဆီးမှု၊ ရန်သူကို ဝိုင်းဝန်းပိတ်ဆို့ခြင်းနဲ့ ပူးပေါင်းတိုက်စစ်ဆင်ခြင်း ကို စမ်းသပ်ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလို စစ်ရေးလေ့ကျင့်မှုပြုလုပ်မယ်ဆိုတာကို မြန်မာတပ်မတော်နဲ့ အာဏာပိုင်များကိုလည်း အသိပေး ထားတယ်လို့ ဆိုလိုက်ပြီး ဘယ်နေရာ တွေမှာ ပြုလုပ်တယ်ဆိုတာကိုတော့ တိတိကျကျဖော်ပြ မထားပါဘူး။
ဒါဟာ နယ်စပ်မှာရှိတဲ့ သူတို့ရဲ့ ပြည်သူတွေကို ကာကွယ်ပေးနိုင်တယ်ဆိုတာကို ပြသတာဖြစ်တယ်လို့ တရုတ်စစ်တပ် ဗိုလ်မှူးကြီးတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး တရုတ်ဆင်ဟွာသတင်းမှာ ဆိုပါတယ်။
မတ်လ ၂၇ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော်နေ့ မှာ မြန်မာစစ်တပ်ရဲ့ အင်အားပြသပြီး နောက်တရက်မှာ တရုတ်က နယ်စပ်မှာ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မကြာခင်က ဖြစ်ပွားခဲ့တဲ့ ကိုးကန့်ဒေသတိုက်ပွဲမှာ လူ ၃သောင်းနီးပါး တရုတ်ဘက်ကို ထွက်ပြေးခဲ့ပါ တယ်။ ဒီလိုဖြစ်ပွားခဲ့တဲ့ နယ်စပ်လက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီး မြန်မာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ကချင်မြောက်ပိုင်း ဒေသနဲ့ အရှေ့မြောက်ဒေသ မုံးကိုး၊ လောက်ကိုင်၊ မူဆယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ နိုင်ငံအချုပ်အချာ ကို ထိပါးလာတဲ့အတွက် တပ်မတော်က ကာကွယ်တိုက်ခိုက်ရတာဖြစ်တယ်လို့ တပ်မတော်နေ့မှာ ပြောဆိုပါတယ်။