ရခိုင်ပြည်နယ် မောင်တော ဒေသရှိ နေရပ်စွန့်ခွာသူများအတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC)မှ ကူညီထောက်ပံ့သည့် ပစ္စည်းများ တင်လာသည့် သော်တာဝင်း စက်လှေကို ယမန်နေ့ညက လူစုလူဝေးဖြင့် ဟန့်တားခဲ့သူများထဲမှ ၈ဦးကို ထိန်းသိမ်းကာ စစ်ဆေးလျှက် ရှိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီကဆိုပါတယ်။
ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲ ၂နာရီက ICRC မှ သယ်ယူပို့ဆောင်ရေး တာဝန်ခံ ဦးနိုင်လင်းဝေသည် စစ်တွေမြို့ ဆတ်ရိုးကျ ကယ်ဆယ်ရေးအကွက် (၁) ဘူးသီးတောင်စက်လှေဆိပ်ရှိ ဦးရွှေဦး မောင်းနှင် သည့် သော်တာဝင်းစက်လှေအား ဌားရမ်းပြီး ကူညီကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်နေစဉ် လူ ၂ဦး ရောက်ရှိလာကြောင်း၊ ညနေ ၅နာရီခန့်တွင် လူ ၅၀ခန့် အစုအဝေး ဖြင့် ရောက်ရှိလာပြီး ပစ္စည်း များကို ဆိပ်ကမ်းတွင် ပြန်ချရန်နှင့် လှေမထွက်ရန် ဟန့်တားရာ လုံခြုံရေးတပ် ဖွဲ့များ သံဃာတော်များ ရောက်ရှိလာပြီး ညှိနှိုင်းသော်လည်း ည ၈နာရီခန့်တွင် လူပေါင်း ၃၀၀ခန့်ဖြစ်လာပြီးနောက် ခဲများ၊ ဓာတ်ဆီပုလင်းများနှင့် ပစ်ပေါက်မှုများ ရှိသဖြင့် ရဲအင်အား ၂၀၀ခန့်ဖြင့် လူစုခွဲသော်လည်း ပြန်လည် တိုက်ခိုက်မှုများ ရှိဖြင့် ရဲတပ်ဖွဲ့ဝင်က (၁၂)ဗို့ ဂရီနာ ၂၀ လက်ဖြင့် ပစ်ဖောက်၍ ရှင်းလင်းခဲ့ရကြောင်း သိရပါတယ်။
စစ်တွေမြို့ ဒေသစစ်ဆင်ရေး ကွပ်ကဲရေးမှူးနှင့် တပ်မတော်သားများ ရောက်ရှိလာပြီး အင်အား ဖြည့်တင်းပြီးနောက် ည ၁၁နာရီခန့်မှာ လူစုကွဲသွားကြောင်း ဆိုပါတယ်။
စက်လှေပေါ်သို့ တင်ဆောင်နေသည့် ICRC မှ ကူညီထောက်ပံရေးပစ္စည်းများမှာ ဆိုလာမီးအိမ် (၇၇၄)ခု၊ အမျိုးသမီးသန့်စင်ရေးသုံး (၁၃၀၀)၊ အဝတ်အစား(၆၄၀၇၁)ထည်၊စောင်(၁၃၃၁)ထည်၊ တာပေါ်လင်(၁၂၄၀)၊ ရေပုံး (၁၄၉၄)လုံး၊ ခြင်ထောင်အလုံး(၃၀၀၀)နှင့် မီးဖိုချောင်သုံးပစ္စည်း အထုပ်(၃၀၀) ခန့်မှန်းတန်ချိန် (၅၀)ဖြစ်ကြောင်းသိရပါတယ်။
ဤဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့ပြီး၊ လူတချို့ကို ထိန်းသိမ်းစစ်ဆေးနေ သလို၊ လုံခြုံရေးအင်အား လုံလောက်စွာ ချထားတယ်လို့ သိရပါတယ်။
ဖြစ်ပွားရတဲ့ အကြောင်းရင်းမှာ ICRC အဖွဲ့က ဘူးသီးတောင်ကို ပို့ဆောင်မယ့် ကယ်ဆယ်ရေးပစ္စည်းတွေကို ဆတ်ရိုးကျ ချောင်းအတွင်းရှိ စက်လှေတစီးပေါ် တင်ဆောင်နေစဉ် ဒေသခံတချို့က အကြမ်းဖက်သမားများထံ ပို့ဆောင်မယ့် ပစ္စည်းများဟုဆိုကာ လာရောက် တားမြစ်ရာမှ လူများ ဝိုင်းအုံရောက်ရှိလာပြီး ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။