လက်ရှိ ရခိုင်စစ်မျက်နှာတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) အကြား မောင်တောတိုက်ပွဲ၊ အမ်းတိုက်ပွဲ၊ ဂွတိုက်ပွဲနှင့် တောင်ကုတ်တိုက်ပွဲဟူ၍ တိုက်ပွဲကြီးလေးခု ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်ကို တွေ့ရ၏။
မောင်တောတိုက်ပွဲ
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက် စစ်ဆင်ရေးစကတည်းက မောင်တောဒေသ မြောက်ပိုင်းနှင့်တောင်ပိုင်းမှ စခန်းအချို့အား တိုက်ခိုက်သိမ်းပိုက်ပြီး မောင်တောဒေသ၏ ကုန်းလမ်းကြောင်းကို ပိတ်ဆို့ထားခဲ့၏။ ဘူးသီးတောင်တိုက်ပွဲ အဆုံးသတ်ချိန်တွင် မောင်တောရှိ စစ်ကောင်စီ၏ လက်ကျန် စခန်းများထဲကို ဇွန်လ ၂ ရက်မှစ၍ စတင်ထိုးစစ်ဆင် တိုက်ခိုက်ရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့အထိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ) ဌာနချုပ် ခုနစ်ခုနှင့် အခြား စခန်းငယ်များအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့၏။
မောင်တောတိုက်ပွဲကြီးတွင် မြို့သူကြီးစခန်းသည် နောက်ဆုံး စခန်းသိမ်းတိုက်ပွဲ ဖြစ်သည်။ မူလက အမှတ် ၅ နခခ စခန်း ဖြစ်၏။ ရခိုင်စစ်ပွဲကာလတွင် နယ်ခြားစောင့်ရဲသာမက အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) မှ စကခမှူးနှင့် စစ်တပ်အင်အားများ မွတ်စလင်ပျူစောထီးများပါ ပူးပေါင်းစခန်းထိုင်ထားပြီး အင်အား ၁ ထောင်ခန့်အထိ ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။
AA ဘက်ကလည်း မောင်တောမြို့နှင့် ပတ်လည် ရွာများအားလုံးကို သိမ်းပိုက်ပြီးနောက် မြို့သူကြီးစခန်းအား ရေတပ်မှ ထောက်ပို့လမ်းကြောင်းလည်း ဖြတ်တောက်ထားခဲ့ပြီဖြစ်ရာ စစ်ကောင်စီသည် လေတပ်အသုံးပြုပြီး ရိက္ခာ ခဲယမ်းများကို လေထီးဖြင့်သာ ချပေးနေသည်ကို တွေ့ရ၏။
မြို့သူကြီး စခန်းသိမ်းတိုက်ပွဲကို စက်တင်ဘာလ ၂၈ ရက်နေ့မှစ၍ အပြင်းအထန် ထိုးစစ်စတင်ခဲ့ရာ ယခုအခါ နှစ်လပြည့်ရန် ရက်အနည်းငယ်သာ လိုတော့သည်။ ထိုကာလအတွင်း AA ဘက်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေသကဲ့သို့ စခန်းတွင်း အချို့နေရာများသို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီဟု မြေပြင်သတင်းများက ဆိုသည်။
Y-12 လေယာဉ်ပေါ်မှ လေထီးနှင့်ချပေးသည့် လက်နက်၊ စားနပ်ရိက္ခာများကို ထွက်ကောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်လည်း AA လက်ဖြောင့်စစ်သည်များ၏ လက်ချက်ကြောင့် သေဆုံးမှုများ ရှိနေသည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီဘက် နေ့ရောညပါ လေကြောင်းပစ်ကူပေးနေပြီး ရိက္ခာနှင့်ခဲယမ်းများကို လေထီးနှင့် မပြတ်ချပေးနေသည်ကို တွေ့ရ၏။ သို့သော်လည်း ရဟတ်ယာဥ် မဆင်းနိုင်သဖြင့် ဒဏ်ရာရပါက နောက်တန်းဆေးရုံသို့ ပို့နိုင်ခြင်းမရှိဘဲ ဒဏ်ရာပြင်းထန်ပါက သေလူဟုသာ သဘောထားရမည့် အခြေအနေဖြစ်သည်။
မြို့သူကြီးစခန်းသည် ပိတ်မိနေသောစခန်းဖြစ်သည့်အပြင် ထွက်ပြေး၍လည်း မရ၊ ဆေးဝါးကုသခွင့်ပါ မရသည်ဖြစ်ရာ မြို့သူကြီးစခန်းတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ရေးရာ အခြေအနေမှာ ဆိုးဝါးနေသည်ဟု ဆိုကြ၏။
မြို့သူကြီးစခန်းသည် ပိတ်မိနေသောစခန်းဖြစ်သည့်အပြင် ထွက်ပြေး၍လည်း မရ၊ ဆေးဝါးကုသခွင့်ပါ မရသည်ဖြစ်ရာ မြို့သူကြီးစခန်းတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ရေးရာ အခြေအနေမှာ ဆိုးဝါးနေသည်ဟု ဆိုကြ၏။
အမ်းတိုက်ပွဲ
အမ်းစစ်မျက်နှာ၌ တောဟိန်းတောင်ဗျူဟာကို ၂၀၂၄ ခုနှစ်၊ ဇွန် ၂၃ ရက်နေ့က သိမ်းပိုက်ခဲ့၏။ ထို့နောက် ခေတ္တစစ်နားနေရာမှ အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာအနီးတွင် စစ်ကောင်စီ လက်အောက်ခံ စစ်ကြောင်းတခုနှင့် AA တို့သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် အမ်းစစ်မျက်နှာတွင် တိုက်ပွဲများ တောက်လျှောက် ဖြစ်ပွားသည်ကို တွေ့ရ၏။
တောဟိန်းတောင်ဗျူဟာကုန်းနှင့် အမ်းမြို့ကြားရှိ အရေးပါသည့် မဲတောင်ဗျူဟာကုန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး AA က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် အောက်တိုဘာလ ၅ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့၏။ မဲတောင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် တပ်ရင်းတပ်ဖွဲ့များအား ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
အမ်းမြို့၌ နပခ အပါအဝင် တပ်ရင်းတပ်ဖွဲ့ ၁၈ ခု ရှိသည့်အနက် အမှတ် ၃၇၃ ခြေမြန်တပ်ရင်း၊ အမှတ် ၃၇၄ အမြောက်တပ်ရင်း၊ အမှတ် ၇၅၇ လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် ၃၄၅ စစ်လက်နက်ပစ္စည်းတပ်ခွဲ၊ အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း (တစသ)၊ အမှတ် ၂ – ခုတင် ၃၀၀ ဆံ့ တပ်မတော်စစ်ဆေးရုံ၊ လေကြောင်းရန် ကာကွယ်ရေးတပ်၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တို့အား တိုက်ခိုက်သိမ်းပိုက်ပြီးကြောင်း AA က နိုဝင်ဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီ ရဟတ်ယာဉ်ကို ထိမှန်အောင် ပစ်နိုင်ခဲ့သည်ဟု AA က နိုဝင်ဘာ ၁၂ ရက်တွင် အတည်ပြုခဲ့သည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်တွင် လက်ကျန်တပ်များထဲမှ အမှတ် ၉၂၆ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ (ထပခ ၉၂၆)၊ အမှတ် ၁၀ တပ်ထိန်းတပ်ခွဲ (တထခ ၁၀) နှင့် အမှတ် ၃၇၁ ခြေမြန်တပ်ရင်းတို့ကို AA က အပြီးသတ် သိမ်းပိုက်ခဲ့ပြီဟု ဒေသခံစစ်ရေးအရင်းအမြစ်များက ဆိုပါသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ စစ်သတင်းများအရ အမှတ် ၃၇၂ ခြေမြန်တပ်ရင်း၊ အမှတ် ၉၄၆ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ လေယာဉ်ကွင်းနှင့် ရဲစခန်းတို့ပါ AA က ထိန်းချုပ်ပြီး နပခ တိုင်းစစ်ဌာနချုပ်အား တိုက်ခိုက်နေပြီဖြစ်သည်ဟု သိရ၏။
လက်ရှိ အမ်းမြို့တွင် အမှတ် ၇၅၇/၂ လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် ၉ ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အမှတ် ၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ စုစုပေါင်း အခြေချ တပ်ရင်းတပ်ဖွဲ့ သုံးခုသာ သိမ်းရန်ကျန်ရှိ၏။
ထိုအခြေချတပ်ဖွဲ့များအပြင် မဲတောင်တိုက်ပွဲ မတိုက်ခင် ရောက်ရှိနေသော စကခ ၁၀ လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ ၃၆၂၊ ခမရ ၃၆၅၊ ခမရ ၃၆၉ တပ်ရင်းသုံးရင်းပါ ဗျူဟာတခုအပြင် အမ်းတိုက်ပွဲကာလက လေကြောင်းဖြင့် ထပ်မံပို့ဆောင်ထားသည့် တပ်မ ၆၆ မှ အနည်းဆုံး တပ်ရင်းသုံးရင်းခန့် ပါဝင်သည့် ဗျူဟာတခုလည်းရှိသည်ဟု သိရ၏။
လက်ရှိ အမ်းတိုက်ပွဲတွင် စစ်ကောင်စီအင်အား အများအပြား ချေမှုန်းခံထားရပြီး စစ်သုံ့ပန်း ၃၀၀ မှ ၈၀၀ ခန့်အထိ အဖမ်းခံထားရသည်ဟု သိရသည်။ တပ်ပြေးအများအပြား ထွက်ပြေးနေသည်။ ယခုအခါ လေကြောင်းမှ စစ်ကူပို့ပေးနိုင်ခြင်း မရှိတော့ဘဲ နိုဝင်ဘာလ ၇ ရက်ကတည်းက မင်းဘူးဘက်မှ အမ်းမြို့သို့အဝင် ပဲပဒုံဂိတ်နှင့် စခန်းကို AA က သိမ်းပိုက်လိုက်ပြီး မင်းဘူးမှ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ခဲ့သည်။
သို့ဖြစ်ရာ နိုဝင်ဘာလ ၂၀ ရက်ခန့်တွင် တပ်မ ၈၈ မှ စစ်ကူ ဗျူဟာတခု အင်အား ၅၀၀ ခန့်အား မင်းဘူးမှ နတ်ရေကန်အထိ ကား ၂၆ စီးဖြင့်ပို့ပြီး အမ်းသို့ လမ်းလျှောက်ချီတက်စေ၍ စစ်ကူပို့ရာ AA နှင့် မဟာမိတ်များက လမ်းမှ ဖြတ်တောက်တိုက်ခိုက်သဖြင့် စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရသူ များပြားပြီး ရခိုင်ရိုးမပေါ်၌ တကွဲတပြားဖြင့် တပ်ပျက်နေသည်ဟု သိရ၏။
သို့ဖြစ်ရာ နိုဝင်ဘာလ ၂၀ ရက်ခန့်တွင် တပ်မ ၈၈ မှ စစ်ကူ ဗျူဟာတခု အင်အား ၅၀၀ ခန့်အား မင်းဘူးမှ နတ်ရေကန်အထိ ကား ၂၆ စီးဖြင့်ပို့ပြီး အမ်းသို့ လမ်းလျှောက်ချီတက်စေ၍ စစ်ကူပို့ရာ AA နှင့် မဟာမိတ်များက လမ်းမှ ဖြတ်တောက်တိုက်ခိုက်သဖြင့် စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရသူ များပြားပြီး ရခိုင်ရိုးမပေါ်၌ တကွဲတပြားဖြင့် တပ်ပျက်နေသည်ဟု သိရ၏။
သို့သော်လည်း နိုဝင်ဘာ ၂၄ ရက်နေ့အထိ ထိုလမ်းမှ စစ်ကူအင်အားအချို့ ပို့နေဆဲဟု သိရသည်။
ဂွတိုက်ပွဲ
AA သည် သံတွဲနှင့် ငပလီကို သိမ်းပိုက်ပြီးနောက် တောင်ဘက်သို့ ဆက်လက်ချီတက်ရာ မောင်ရွှေလေး ရေတပ်စခန်းအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် သိမ်းပိုက်ရယူပြီးနောက် ဂွမြို့သို့ ဦးတည်သည့် ရခိုင်တောင်ပိုင်း စစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲခဲ့၏။ စစ်ကောင်စီသည် သံတွဲနှင့် ဂွကားလမ်းပေါ်ရှိ ကျိန္တလီမြို့၊ ကုလားပြင်၊ ဆပ်သွား၊ ကမ်းသာယာတို့မှ အဆင့်ဆင့် ခုခံသည်ကို တွေ့ရ၏။
ကျိန္တလီမြို့၊ ကျောက်ပါးစပ်ရွာနှင့် ကုလားပြင်ကြား၌လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်ခဲ့ပြီး စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေ တို့ဖြင့် ပူးပေါင်း ခုခံနေသည့်ကြားမှ ကျိန္တလီမြို့ကျပြီး AA က ကုလားပြင် တံတားထိပ်ရှိ ကိုင်းခုန်နှင့် ကံကော်တောင်၌ တပ်စွဲထားသော စစ်ကောင်စီ၏ စခန်းများကို ၂၀၂၄ ခုနှစ်၊ အောက်တို ဘာလလ ၆ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့၏။
ကျိန္တလီချောင်းအား ဖြတ်သန်း တည်ဆောက်ထားသည့် ကုလားပြင်တံတားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် စစ်ကောင်စီတပ်များက ဖောက်ခွဲဖျက်ဆီးပြီး ဆပ်သွားမှ နောက်တဆင့် ခုခံပြန်သည်။
ထို့နောက် ဆပ်သွားအား အခြေပြုပြီး ကြွေချိုင်၊ တိုင်ကြိုးနှင့် ဆပ်သွားအရှေ့ဘက် ဆားချက်လေးတို့မှ စစ်ကောင်စီတပ်များ ခုခံသဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ နိုဝင်ဘာ ၁၄ ရက်တွင် AA က ဆပ်သွားကို တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၅ ရက်တွင် စစ်ကောင်စီတပ်သည် ဂွမြို့နယ်မြောက်ပိုင်း သံတွဲ – ဂွ – ရန်ကုန် ကားလမ်းပေါ်ရှိ ဆပ်သွားတံတားကို မိုင်းခွဲဖျက်ဆီးပြီး ထပ်မံဆုတ်ခွာသည်။ ရခိုင်ပြည်အတွင်း စစ်ကောင်စီဖျက်ဆီးသည့် ၂၉ စင်းမြောက်တံတား ဖြစ်သည်။
AA သည် ဆပ်သွားကို သိမ်းပြီးနောက် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရွှေဦးကွင်း၌ ဟန်ပြတိုက်ပြီး ဂွမြို့ရှေ့မှ ကာကင်းခံစစ်များကို ဝင်ရောက်တိုက်ခိုက်ရာ ဆပ်သွားနှင့် ချင်းကွင်းကြားရှိ ခံစစ်စခန်းများ ပိတ်မိသွား၏။
စစ်ကောင်စီတပ်များက ကားလမ်းအတိုင်း တံတားတစင်းပြီးတစင်း ဖျက်ဆီး၍ ဆုတ်ခွာနေပြီး AA ကမူ ကားလမ်းအတိုင်းရော ရခိုင်ရိုးမတောင်ကြောနှစ်ခုအတိုင်းပါ ထိုးစစ်ဆင်လျက်ရှိသည်။
လက်ရှိ ဂွမြို့တွင် စကခ ၅ လက်အောက်ခံ ခမရ ၅၆၂ နှင့် ခမရ ၅၆၃ တပ်ရင်းဌာနချုပ်များအပြင် နတခ တိုင်းစစ်ဌာနချုပ်မှ တပ်ဖြည့်တင်းပြီး ခံစစ်ယူထားသည်။ ဂွမြို့စစ်ဆင်ရေးတလျှောက် လေတပ်ရော ရေတပ်ပါ ပစ်ကူပေးခဲ့ပြီး တပ်ကူများ ဖြည့်တင်းပေးခဲ့သော်လည်း တဆုတ်တည်း ဆုတ်နေရသည်ကို တွေ့ရ၏။ တပ်ကူဖြည့်တင်းရာတွင် တပ်သားသစ်အများစုဖြစ်သဖြင့် ထွက်ပြေးသူ များပြားသည်ဟု သိရ၏။
မောင်ရွှေလေး ရေတပ်ကျပြီး ဆက်တိုက် ထိုးစစ်ဆင်ရာ နှစ်လခွဲအတွင်း ဂွမြို့အနီးသို့ AA ရောက်ရှိလာပြီး မကြာမီ ဂွမြို့အား ပိတ်ဆို့ဖြတ်တောက်ကာ မြို့သိမ်းတိုက်ပွဲ စတင်ဖွယ်ရာရှိ၏။
တောင်ကုတ်တိုက်ပွဲ
တောင်ကုတ်တိုက်ပွဲကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ တွင် စတင်သည်ကို တွေ့ရ၏။ မြို့အပေါ်စီးမှ နေရာယူထားသည့် ဗျူဟာမြောက် ပန်းမြောက်တောင် အမြောက်စခန်းနှင့် မြို့ဝင်ဂိတ်ကို AA က စတင်တိုက်ခိုက်ခဲ့၏။
နိုဝင်ဘာလ ၃ ရက်နေ့တွင် ပန်းမြောက်တောင်အား သိမ်းပိုက်ရရှိပြီး နိုဝင်ဘာလ ၇ ရက်နေ့တွင် တောင်ကုတ်တက္ကသိုလ်အနီး ဦးထွန်းလှိုင် ရာဘာခြံရှိ လက်နက်ကြီး အထိုင်တပ်၊ တက္ကသိုလ်ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ် ကာကင်းစခန်း၊ တောင်ကုတ်တက္ကသိုလ်ဝင်းထဲ၌ အထိုင်ချထားသည့် စစ်တပ်တို့ကိုပါ AA က သိမ်းပိုက်ရရှိခဲ့၏။
နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ တောင်ကုတ်မြို့အခြေစိုက် စကခ ၅ ဌာနချုပ်၏ လက်အောက်ခံ ခမရ ၃၄၆ နှင့် ခမရ ၅၄၄ တပ်ရင်းများကို AA က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၏။ တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ပြီး မြို့ဝင် ကိုင်းရှည်တံတားမှ ခုခံနေသည့် စစ်ကောင်စီတပ်သားများ အထိနာကာ နိုဝင်ဘာလ ၁၀ ရက်တွင် ဆုတ်ခွာပြီး မြို့တွင်းရှိ စိုက်ပျိုးရေးရုံး၊ စည်ပင်သာယာရုံး၊ မူလတန်းကျောင်းနှင့် လူနေအဆောက်အအုံများသို့ ဆုတ်၍ ခုခံသည်ကို တွေ့ရ၏။
နိုဝင်ဘာလ ၁၉ ရက်အထိ AA က တောင်ကုတ်မြို့ တပ်မ စကခ ၅ ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေသကဲ့သို့ တပ်မအနီး၊ သံတွဲလမ်းခွဆုံ၊ KBZ ဘဏ်အနီး အမ်းလမ်းမ၊ သိမ်တောင်ရပ်ကွက် အောင်ချမ်းသာလမ်း၊ ရဲစခန်းအနီးများတွင် တိုက်ပွဲများ ဖြစ်ပွားသည်။ AA က မြို့တဝက်ခန့် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီက ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေခဲ့သည်။
နှစ်ဖက်တိုက်ပွဲများကြောင့် တောင်ကုတ်မြို့တွင်း ပိတ်မိနေသော အရပ်သားပြည်သူ ၆ သောင်းခန့်ကို နိုဝင်ဘာလ ၂၀ ဝန်းကျင်တွင် AA က ထိုးစစ်ရပ်နား၍ ပိတ်မိနေသူများအား မြို့ပြင်ထွက်ခွာခွင့် ပေးခဲ့သည်။
နှစ်ဖက်တိုက်ပွဲများကြောင့် တောင်ကုတ်မြို့တွင်း ပိတ်မိနေသော အရပ်သားပြည်သူ ၆ သောင်းခန့်ကို နိုဝင်ဘာလ ၂၀ ဝန်းကျင်တွင် AA က ထိုးစစ်ရပ်နား၍ ပိတ်မိနေသူများအား မြို့ပြင်ထွက်ခွာခွင့် ပေးခဲ့သည်။
နိုဝင်ဘာလ ၂၁ ရက်နေ့တွင် မြို့တွင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် စကခ ၅၊ ခမရ ၃၄၆ နှင့် ခမရ ၅၄၄ ဌာနချုပ်များအတွင်းသို့ ဆုတ်ခွာပူးပေါင်းသွားခဲ့ကြသည်။ AA သည် တောင်ကုတ်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး အဆိုပါ စကခ / တပ်ရင်းဌာနချုပ် သုံးခုအား ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်၏။
တိုက်ပွဲသုံးသပ်ချက်
၁။ မောင်တော၊ အမ်း၊ ဂွ၊ တောင်ကုတ် တိုက်ပွဲကြီး အားလုံးသည် ဗျူဟာစခန်းကြီးများ၊ အမြောက်စခန်းများ အပါအဝင် စခန်းသိမ်းတိုက်ပွဲများစွာ ပါဝင်သည့် တိုက်ပွဲကြီးများဖြစ်ပြီး လနှင့်ချီ ကြာမြင့်သည်အထိ အချိန်ယူ တိုက်ခိုက်ရသည့် တိုက်ပွဲကြီးများဖြစ်၏။
၂။ တိုက်ပွဲကြီး အားလုံးတွင် စစ်ကောင်စီတပ်ကလည်း အင်အားထောင်ချီ အသုံးပြုခုခံခဲ့ပြီး လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူ၊ လက်နက်ကြီး ၊ လက်နက်ငယ်မျိုးစုံဖြင့် လနှင့်ချီ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေသကဲ့သို့ AA ကလည်း မရပ်မနား ပြင်းပြင်ထန်ထန် ဆက်လက် ထိုးစစ်ဆင်နေသည်။
၃။ တိုက်ပွဲကြီး အားလုံးတွင် စစ်ကောင်စီသည် လေကြောင်းပစ်ကူ အလွန်အကျွံ သုံးနေသော်လည်း တောင့်ခံနိုင်ခြင်းမရှိဘဲ တောက်လျှောက် ဆုတ်ခွာနေရသည်။ စခန်းတခုပြီးတခု ဆုတ်ပေးနေရပြီး မောင်တောတိုက်ပွဲတွင် စခန်းတခုသာ ကျန်တော့၏။ ကျန်တိုက်ပွဲကြီး သုံးခုတွင် စခန်းအချို့ ကျန်နေသေးသော်လည်း စခန်းအတော်များများ ကျသွားပြီး စစ်ကောင်စီဘက်မှ သေကြေဒဏ်ရာရ၊ ဖမ်းဆီးခံရသူများ ပြားနေသည်။
၄။ ရခိုင်တိုက်ပွဲကြီး လေးခုကို ကြည့်ပါက စစ်ကောင်စီ တောင်ကုတ်၊ မြို့သူကြီးနှင့် အမ်းတို့အား ဖြတ်တောက်တိုက်ခိုက်ခံထားရပြီး စစ်ကူပို့ပေးနိုင်ရန် ခက်ခဲသွားသည့်အပြင် လူနာလည်း သယ်မထုတ်နိုင်တော့ပေ။ ခဲယမ်းနှင့်ရိက္ခာကို လေထီးနှင့် ချပေးနေရ၏။
ဂွမြို့အနေထားမှာလည်း မကြာမီ ဖြတ်တောက်ပိတ်ဆို့ခံရဖွယ်ရှိ၏။ တိုက်ပွဲကြီးတိုင်းတွင် လေကြောင်းပစ်ကူကိုသာ အဓိကသုံးနေရပြီး ဂွတောင်ပိုင်း စစ်မျက်နှာတွင်သာ ရေကြောင်းပစ်ကူ သုံးနိုင်သည်ကို တွေ့ရ၏။ အမ်းမြို့သို့ မင်းဘူးလမ်းမှ ကားဖြင့် လမ်းတဝက်ခန့်အထိ ကားဖြင့်ပို့ပြီး ခြေလျင်တက်လာသည့် စစ်ကူအား အမ်းမရောက်မီ ဖြတ်တောက်တိုက်ခိုက်နေ၍ စစ်ကောင်စီဘက်မှ အထိနာနေသည်ကို တွေ့ရသည်။
၅။ ၂၀၂၄ ခုနှစ် နှစ်မကုန်မီ ထိုတိုက်ပွဲကြီး လေးခုလုံးတွင် စစ်ကောင်စီ အရေးနိမ့်သွားနိုင်ပြီး ရခိုင်စစ်မျက်နှာ အလှည့်အပြောင်းကြီးတခုကို တွေ့ရနိုင်၏။ တိုက်ပွဲကြီး လေးခုကို တပြိုင်နက်တည်း တိုက်ခိုက်နိုင်သော AA ၏ စစ်သည်အင်အားနှင့် ခဲယမ်းမီးကျောက် အသုံးပြုနိုင်အား၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ စစ်ဆင်ရေးစကတည်းက တောက်လျှောက် စစ်ရှိန်မချဘဲ တိုက်ခိုက်နိုင်ခြင်းတို့သည် အထင်ကြီး လေးစားလောက်ဖွယ် ဖြစ်၏။
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
ရခိုင်ပြည်မှာ AA တိုက်ခိုက်ဖို့ သုံးမြို့သာကျန်ရှိ (ရုပ်/သံ)
ရခိုင်မှာ အပစ် မရပ်ဘူးလို့ AA တရားဝင်ထုတ်ပြော(ရုပ်/သံ)
စစ်ကောင်စီ ကြေညာချက် အရှက်သိက္ခာမဲ့ဟု AA တုံ့ပြန်
စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော
စစ်ရေး အရေးနိမ့်နေသည့် စစ်ကောင်စီ လူထုအပေါ် ရှုံးမဲမဲနေဟု AA ပြော