ပုံမှန် ပြုလုပ်နေကြဖြစ်သည့် နိုင်ငံတော် သမ္မတရုံး၏ သတင်းစာ ရှင်းလင်းပွဲတခုကို ဘီဘီစီ သတင်းဌာနက တိုက်ရိုက် ထုတ်လွှင့်ပြသမှု (Live) ပြုလုပ်ရာတွင် ရုပ်ပြောင်ပုံများ ထည့်သွင်းမိခြင်းကို တရားဝင် တောင်းပန်ပေးရမည် ဖြစ်ကြောင်း သမ္မတရုံးထံမှ သိရသည်။
ဘီဘီစီ သတင်းဌာန အနေဖြင့် တရားဝင် တောင်းပန်ရန် သမ္မတရုံးက သတင်းမီဒီယာ ကောင်စီသို့ ဇန်နဝါရီလ ၉ ရက်နေ့ ရက်စွဲ ဖြင့် စာပေးပို့ထားပြီး ကောင်စီကလည်း အကြောင်းပြန်ကြားမည်ဟု တုန့်ပြန်ထားကြောင်း သမ္မတရုံး ဒုညွှန်ချုပ် ဦးတင့်ဆွေက ဧရာဝတီသို့ ပြောသည်။
ဦးတင့်ဆွေ က “အဓိကကတော့ တောင်းပန်ပါတယ်ပေါ့ဗျာ။ သဘောကတော့ သတင်းဌာနကြီးတခု အနေနဲ့ မဖြစ်သင့်ဘူးပေါ့နော်။ အရမ်း ဂရုစိုက်ရမယ့်ဟာ။ သိက္ခာရှိတာကိုးဗျ။ အဲဒီသဘောပါ။ မတော်တဆ၊ မထင်မှတ်ဘဲဆိုတာမျိုးက လက်ခံလို့ မရဘူး။ တောင်းပန်ရင် ရပါတယ်။ တရားဝင် စာမျက်နှာကနေ တောင်းပန်လိုက်ပေါ့” ဟု ပြောသည်။
ဘီဘီစီကမူ ဇန်နဝါရီ ၇ ရက်နေ့က သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး၏ သတင်းစာ ရှင်းလင်းပွဲအား တိုက်ရိုက်ထုတ်လွှင့်စဉ် မမျှော်လင့်ဘဲ Video Effect များ ပါဝင်သွားခဲ့သဖြင့် သိသိချင်း တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်ဆိုင်းပြီး အသစ်ပြန်လည် ထုတ်လွှင့်ခဲ့ကြောင်း၊ မ ရည်ရွယ်ဘဲ ဖြစ်သွားရသဖြင့် အထူးစိတ်မကောင်း ဖြစ်ရကြောင်း ယင်းနေ့ ည ၇ နာရီခန့်တွင် ၎င်း၏ လူမှုကွန်ရက်၌ ထုတ်ပြန် ပေးခဲ့သည်။
သို့သော် သမ္မတရုံး အသိုင်းအဝိုင်းကမူ စိတ်မကောင်း ဖြစ်ရသည်ဟု ပြောဆိုခြင်းသည် တောင်းပန်ခြင်း မဟုတ်သဖြင့် လက်ခံ၍ မရဟု ပြောဆိုသည်။ ယင်း Live ကို ထုတ်လွှင့်ခဲ့သူ ဘီဘီစီ သတင်းထောက် ကိုယ်တိုင်ကလည်း ဦးဇော်ဌေးကို ဖုန်းဆက်၍ တောင်းပန်ခဲ့သလို ၎င်း၏ လူမှုကွန်ရက်တွင်လည်း ဝမ်းနည်းကြောင်း ရေးသားဖော်ပြထားသည်။
သမ္မတရုံး၏ တိုင်ကြားစာကို လက်ခံရရှိကြောင်း သတင်းမီဒီယာ ကောင်စီက အတည်ပြုပေးခဲ့ပြီး ကြားဝင် ဖြေရှင်းပေးရန် ရှိကြောင်း သိရသည်။