ဗြိတိသျှ ရုပ်သံ တင်ဆက်သူ အမျိုးသမီး တဦး နဲ့ အဖွဲ့ဟာ BBC အတွက် ထိုင်းနိုင်ငံမှာ ရုပ်သံမှတ်တမ်း ရိုက်ကူးစဉ် ဖမ်းဆီးခံရမယ့် အခြေအနေနဲ့ ကြုံတွေ့ရမှု ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်ကို ဘန်ကောက်မြို့ရဲ့ ဘား (Bar) တခုမှာ ကြုံတွေ့ခဲ့ရတာလို့ ဆိုပါတယ်။
Zara McDermott အမည်ရှိ ရုပ်သံ တင်ဆက်သူ အမျိုးသမီးဟာ ထိုင်းနိုင်ငံ ရဲ့ ကျော်ကြားတဲ့ နေရာတွေနဲ့ ဖုံးကွယ်နေတဲ့ အန္တရာယ်တွေ အကြောင်း Thailand: The dark side of paradise ဆိုတဲ့ ခေါင်းစဉ် နဲ့ BBC Documentary အစီအစဉ် ရိုက်ကူးနေစဉ် အတွင်း အဖမ်းခံရလုနီးပါး ကြုံခဲ့တဲ့ ထိတ်လန့်စရာ အခြေအနေကို ဖွင့်ဟလိုက်တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံက ကျော်ကြားတဲ့ နေရာတွေရဲ့ အကောင်းအဆိုးတွေ အကြောင်း လန်ဒန်မှာ ပြသမယ့် အစီအစဉ် အတွက် ဗြိတိသျှ လူငယ် ကမာ္ဘလှည့်တွေနဲ့ အတူ ရိုက်ကူးနေခဲ့တာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။
ဘားတွေမှာ ရိုက်ကူးခွင့် ကြိုတင်တောင်းခံ ရရှိထားပေမယ့်လည်း ရောက်ရှိပြီး နာရီပိုင်း အတွင်း ရဲတွေ ရောက်ရှိလာကာ သူနဲ့ အဖွဲ့ဝင်တွေကို ဖမ်းဆီးဖို့ ခြိမ်းခြောက် ခံခဲ့ရကြောင်း အသက် ၂၈ နှစ်အရွယ် Zara က ပြောပြပါတယ်။
“ရိုက်ကူးရေး လုပ်တာကြောင့် ကျမတို့ အဖမ်းခံရလုနီးပါးပဲ။ ဒါပေမယ့် ခွင့်ပြုချက်တွေ အားလုံးကို ကြိုတင်ရယူ ထားပြီးသားပါ” လို့ Zara က ပြောပါတယ်။
ဘားပိုင်ရှင်တွေက ရိုက်ကူးရေး အဖွဲ့ဝင်တွေကို ဘားထဲက ထွက်သွားဖို့ တွန်းအားပေးပြီးတဲ့ နောက်မှာ တင်းမာမှုတွေ မြင့်တက် လာခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
အဖွဲ့ဝင်တဦးကို ဆေးလိပ်ပြာခွက်နဲ့ ပစ်ပေါက်ခြင်း အပါအဝင် ဆိုးရွားတဲ့ အဖြစ်အပျက် တချို့ကို ရိုက်ကူး မိထားတယ် လို့လည်း ဆိုပါတယ်။
“တကယ်ကြောက်ဖို့ ကောင်းခဲ့တာပါ။ အဖမ်းခံရမယ့် အရေးတင် မဟုတ်ဘဲ အဲ့ဒီနေရာမှာ ရိုက်ကူးထားတာတွေကိုလည်း ဆုံးရှုံးရဖို့ အခြေအနေ ကြုံခဲ့ရတာပါ” လို့ Zara က ပြောပါတယ်။

Zara ဟာ နာမည်ကြီး Love Island ရုပ်သံ ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
South Shore Production က ရိုက်ကူး ထုတ်လုပ်တဲ့ ဒီရုပ်သံ မှတ်တမ်းတွဲဟာ ပါတီပွဲတွေ စည်ကားတဲ့ ကျွန်းတွေကနေ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ လိင်ဖျော်ဖြေရေး နေရာတွေအထိ ဘာတွေက နှစ်စဉ် ထောင်နဲ့ချီတဲ့ ဗြိတိသျှ လူငယ် ခရီးသွားတွေကို ဆွဲဆောင် နေလဲ ဆိုတာကို စူးစမ်း ဖော်ထုတ်ထားတာ ဖြစ်ကြောင်း သိရပါတယ်။
“အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှုတွေ ဆန့်ကျင်ဖို့ လုပ်ရတဲ့ အလုပ်က လိင်လုပ်သားတွေနဲ့ ခက်ခက်ခဲခဲ စကား ပြောဆိုရမှုတွေ ပါဝင်ပါတယ်။ ဒီအမျိုးသမီးတွေ အကြောင်း မြင်စေချင်၊ ကြားစေချင်ပြီး ကျမတို့ ဇာတ်လမ်းတွေကို ဝေမျှခြင်းက အမျိုးသမီးတွေကို ခွန်အား ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ တော်တော်များများက လုံခြုံမှုမရှိ၊ ဘာဖြစ်မလဲ မသိ နိုင်တဲ့ အခြေအနေတွေမှာ အလုပ်လုပ်ဖို့ ဖိအားပေး ခံနေရတာတွေကို မျှဝေ ခံစားစေလိုမှုက အဓိကပါပဲ” လို့ Zara က ပြောဆိုပါတယ်။
ဒီမှတ်တမ်းရုပ်ရှင် ရိုက်ကူးရေးဟာ ထိုင်းနိုင်ငံရဲ့ ကျော်ကြားတဲ့ ကျွန်းတွေဆီ မသွားခင် ဘန်ကောက်မြို့မှာ စတင် ရိုက်ကူးနေတာ ဖြစ်ပြီး ဇာတ်ကောင် အမျိုးမျိုးနဲ့ ထိုင်းနိုင်ငံရဲ့ ဖုံးကွယ်နေတဲ့ အရာတွေကို ကြည့်ရှုသူတွေကို မိတ်ဆက် ပြသ သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
အဲဒီ မှတ်တမ်းရုပ်ရှင်တွဲကို စက်တင်ဘာလ ၈ ရက်နေ့မှာ BBC iPlayer ကနေ စတင်ပြသခဲ့ပြီး အာရှရဲ့ ခရီးသွား လည်ပတ်မှု အများဆုံး နေရာတွေထဲက တခုရဲ့ စိတ်လှုပ်ရှားစရာတွေနဲ့ အန္တရာယ်တွေကို အရှင်းလင်းဆုံး တွေ့မြင်ရမယ် လို့လည်း ဆိုထားပါတယ်။
Ref : The Thaiger














