စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသည့် ဒေါင်းမင်းဆီဆိုင်ဟောင်းနေရာနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံးတို့ကို တန့်ဆည် PDF နှင့် ဒေသခံကာကွယ်ရေးတပ်များ ပူးပေါင်းပြီး ယနေ့ နံနက်အစောပိုင်း၌ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို နံနက် ၁၂ နာရီ ၃၅ မိနစ်တွင် စတင်ခဲ့ပြီး တိုက်ခိုက်ချိန် ၃ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ စစ်ကောင်စီ ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးနိုင်ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း တိုက်ခိုက်မှု၌ ပါဝင်ခဲ့သည့် တန့်ဆည် PDF တပ်ဖွဲ့ဝင်တဦးက ဧရာဝတီကို ပြောသည်။
၎င်းက “ကျနော်တို့ တပ်ရင်းတပ်ဖွဲ့တွေ စုပေါင်းပြီးလုပ်တာ ဖြစ်တယ်။ ကျနော်တို့ တိုက်ခိုက်ဖို့အတွက် အနည်းဆုံး နှစ်လ လောက်အချိန်ယူပြီး စောင့်ကြည့်ခဲ့တာ။ တန့်ဆည်မှာ လဝကရုံးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်။ ဥဒေါင်းမင်းဆီဆိုင်ကိုတော့ ထိုက်သင့်သလောက်ပဲ မီးရှို့နိုင်တယ်။ အကုန်လုံးတော့ မရှို့နိုင်ခဲ့ဘူး။ လက်နက်က အတို ၁ လက် (ခြောက်လုံးပြူး) အပါ ၉ လက် ရခဲ့တယ်” ဟု ဆိုသည်။
တိုက်ပွဲအတွင်း PDF ပူးပေါင်းအဖွဲ့ဘက်မှ ရဲဘော် ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းဒေါင်းမင်းဆီဆိုင်နှင့် လဝကရုံးတို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၄၀ ကျော် ရှိကြောင်း သိရသည်။
ဆက်လက်၍ တန့်ဆည် PDF တပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ ဝင်တိုက်တဲ့အထဲမှာ ပညာရေးရုံးမပါဘူး။ တရားရုံးကိုတော့ ကျနော်တို့ ခဏဝင်စီးတဲ့အနေနဲ့ ရှာဖွေမှုလုပ်ခဲ့တယ်။ နေရာက ၃ ခုပေါ့နော်။ စောင့်ဆိုင်းတဲ့နေရာတွေ၊ စစ်အင်အား ဖြတ်တောက်ဖို့ လုပ်တာတွေတော့ ရှိတာပေါ့။ တန့်ဆည်လမ်းဆုံ၊ အဝိုင်းရဲ့ အနောက်ဘက်အခြမ်းကို အကုန်လုံးနေရာယူ ဝင်စီးပြီးတော့ သူတို့ (စကစ) နေတတ်တဲ့နေရာတွေကို ရှာဖွေခဲ့တာ” ဟုလည်း ပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ ဧရာဝတီက သီးခြားအတည်မပြုနိုင် သေးပါ။