နယ်စပ်ကုန်သွယ်ရေးမှ တရားမဝင်ကုန်ပစ္စည်းများကို ဖမ်းဆီးခြင်းမပြုဘဲ သိလျက်နှင့် လွှတ်ပေးသည့်ဝန်ထမ်းများအား ပြင်းပြင်းထန်ထန်အရေးယူမည်ဟု ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သတိပေးပြီးနောက် အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးအပါအဝင်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ၎င်းတို့နှင့် ဆက်စပ်လုပ်ကိုင်နေသည့် ကုန်သည်၊ ကုန်ကား ပိုင်ရှင်တချို့ ခေါ်ယူစစ်ဆေးခံနေရကြောင်း ကုန်သည်များထံက သိရသည်။
ဇူလိုင် ၃၀ ရက်၌ ကျင်းပသည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် ဒုစစ်ခေါင်းဆောင်က ဇူလိုင်လအတွင်း မြဝတီနယ်စပ်ဘက်မှ တရားမဝင်ကုန်စည်များ တင်ဆောင်လာသော မော် တော်ယာဉ် ၁၄၄ စီး ဘားအံမြို့ကိုဖြတ်၍ ရန်ကုန်ဘက်သို့ ညအချိန် တရားမဝင် ဖြတ်သန်းသွားကြောင်းသိရသဖြင့် ပိတ်ဆို့ ဖမ်းဆီးရာ ၁၃၂ စီးကို ကရင်နှင့် မွန်ပြည်နယ်အတွင်း ပြန်လည် ဖမ်းဆီးနိုင်ခဲ့ကြောင်း ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ကျ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များမှ မှန်မှန်ကန်ကန်စစ်ဆေးခြင်းမရှိဘဲ တရားမဝင်တင်သွင်းလာသည့် ကုန် ပစ္စည်းများကို သိလျက်နှင့် ဖမ်းဆီးခြင်းမပြုခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရကြောင်း ဆိုသွားသည်။
ယင်းသို့ ပါဝင်ပတ်သက်သူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ဌာနဆိုင်ရာ ဝန်ထမ်း များအပြင် ကုန်သည်များပါ ခေါ်ယူစစ်ဆေးခံနေရခြင်းဖြစ်သည်။
အဆိုပါ ကုန်ကားများကို လာဘ်ယူ၍ လွှတ်ပေးသည်ဟု တိုင်တန်းခံရသည့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်နှင့် အခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ စရဖ၊ ရဲတပ်ဖွဲ့ဝင်များ အစရှိသော ဌာနဆိုင်ရာဝန်ထမ်းများ အပြင် ကုန်ကားပိုင်ရှင်၊ ကုန်သည်တချို့အား ဇူလိုင်လ ပထမပတ်အတွင်း ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး တချို့ လုပ်ငန်းရှင်များမှာ လတ်တလောတွင် တိမ်းရှောင်နေရသည့် အခြေအနေရှိကြောင်း ကုန်သည်များက ပြောသည်။
နယ်စပ် ကုန်သည်ကြီးတဦးက “ဖမ်းမိတဲ့ကားတွေနဲ့ ဆက်စပ်ပြီးတော့ ပါဝင်တဲ့ဝန်ထမ်းတွေကို အရေးယူတာ။ ကားနဲ့ ပတ်သက်ပြီး သယ်ယူလို့ရအောင် လုပ်ပေးတဲ့ ပွဲစားတွေ ရှိတယ်။ ဥပမာ ကျိုက်ထိုကနေ ဝေါအထိ ရန်ကုန်အထိ သူရဲ့ ပိုင်ရာ ဆိုင်ရာပေါ့၊ လမ်းကြောင်းရှင်းတဲ့ ပွဲစားတွေကို ခေါ်စစ်တာ ရှိတယ်။ အခုထိတော့ ပြန်မလွှတ်သေးဘူး။ ဌာနဆိုင်ရာ ဝန်ထမ်း တွေကိုတော့ ဖမ်းတယ် အမိန့်ချတယ်လည်း ကြားတယ်။ အခုက တဖက်က ဌာနဆိုင်ရာ ဝန်ထမ်းတွေကို စစ်ပြီးပြီ၊ လုပ်ငန်း ရှင်တွေက အတည်ပြုခိုင်းဖို့ ခေါ်ယူစစ်ဆေးတာပေါ့။ ကျူးလွန်ထားတဲ့ အမှုတွေရှိရင်တော့ အရေးယူမှာပေါ့” ဟု ဧရာဝတီ သို့ ပြောသည်။
ဖမ်းဆီးစစ်ဆေးခံရသူများတွင် ဒုတိုင်းမှူး၊ ကရင်ပြည်နယ် အကောက်ခွန်ဦးစီးဌာန အစရှိသည်တို့မှ အရာရှိ၊ ဝန်ထမ်းများ ပါဝင်သလို ဘားအံ- သံလွင်တံတားဂိတ်တွင် တာဝန်ကျဝန်ထမ်းများ၊ ကုန်ကားပိုင်ရှင်၊ လုပ်ငန်းရှင်တချို့ ပါဝင်ပြီး တချို့ လုပ်ငန်းရှင်များ လက်ရှိအချိန်အထိ ရှောင်တိမ်းနေရသလို မြဝတီနယ်စပ်ကုန်သွယ်ရေးမှာ လတ်တလော ကုန်စည် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ ရပ်နားထားရကြောင်း ၎င်းက ရှင်းပြသည်။
ထို့ကြောင့် ကုန်ပစ္စည်းအများစုမှာ တချို့က ဂိုဒေါင်များ၌ သိမ်းဆည်းထားရခြင်း၊ တချို့တခြားနေရာများတွင် သိုဝှက်ထား ရခြင်း၊ တချို့ လုပ်ငန်းရှင် ကုန်သည်များမှာ တိမ်းရှောင်နေရခြင်း ဖြစ်ပေါ်နေကြောင်း၊ ယခင်ကဲ့သို့ လက်နက်ကိုင်အဖွဲ့ ခေါင်းစဉ်နှင့်လည်း ပစ္စည်းသယ်ရ မလွယ်ကူသေးကြောင်း ကုန်သည်လုပ်ငန်းရှင်များထံက သိရသည်။
မော်လမြိုင်မြို့မှကုန်သည်တဦးက “အဖမ်းခံရတာ တာဝန်ရှိသူတွေတော့ ၁၆ ယောက် လောက်ပါတယ်။ စီးပွားရေး လုပ်ငန်း ရှင် ဘယ်နှယောက်လောက်ပါ မလဲတော့ မသိရသေးဘူး။ ကုန်ပစ္စည်းပိုင်ရှင် တွေကိုလည်း စိစစ်နေဆဲဖြစ်တယ်” ဟု ဧရာ ဝတီကို ပြောသည်။
လက်ရှိတွင် ဒုတိုင်းမှူးဗိုလ်မှူးချုပ် ဇော်မင်းအောင် ဖမ်းဆီးစစ်ဆေးခံနေရခြင်းကြောင်း ၎င်း၏ နေရာတွင် သံဖြူဇရပ်မြို့နယ် အမှတ် ၄ တန်းမြင့် လေ့ကျင့်ရေးကျောင်းက ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ဗညားဝင်းကို ယာယီခန့်အပ်ထားကြောင်း သိရ သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၅ ဇွန်လအထိ ၃ နှစ်နှင့် ၆ လတာကာလအတွင်း အမှုတွဲ ၂၅၂၃၁ မှု၊ ခန့်မှန်း တန်ဖိုးကျပ် ၆၆၃ ဒသမ ၉၁၉ ဘီလီယံ ဖမ်းဆီးရမိခဲ့ပြီး ထိုသို့ နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ကော်မရှင်က ထုတ် ပြန်ထားသည်။
You may also like these stories:
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု
ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်














