စစ်ကောင်စီ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) နယ်မြေ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းက ရှေ့တန်း စခန်းတခုဖြစ်သည့် ခေါပုတ်တပ်စခန်းကို အောက်တိုဘာ ၃၀ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တော်လှန်ရေးတပ်များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီ၏ ခေါပုတ်စခန်းသည် စစ်ဗျူဟာအဖွဲ့ (အခြေချ) (စဗခ) ဖာပွန် ကွပ်ကဲမှုအောက်စခန်းတခု ဖြစ်သလို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟ ၅ ၏ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ စခန်းတခုလည်းဖြစ်၏။
ထိုစခန်းကို KNLA ပူးပေါင်းတပ်များက သုံးရက်ကြာ တိုက်ခိုက်ခဲ့ရကြောင်း သိရသည်။ ခေါပုတ်စခန်းသည် ဖာပွန်ဒေသက စစ်ဗျူဟာအဖွဲ့ (အခြေချ) ဖာပွန် ကွပ်ကဲမှုအောက်တွင် စစ်အာဏာမသိမ်းမီ မူလကတည်းက ရှိခဲ့ပြီး တခုတည်းသာ ကျန်ရှိတော့သည့် ရှေ့တန်း စခန်းကြီးတခုလည်း ဖြစ်သည်။
စစ်ဗျူဟာအဖွဲ့ (အခြေချ) ဖာပွန်သည် ရတခ ကွပ်ကဲမှု အောက်ရှိ အခြေချစစ်ဗျူဟာ လေးခုအနက် ရတခ နှင့် အဝေးဆုံး အခြေချဗျူဟာတခုဖြစ်ပြီး မိုင် ၁၄၀ နီးပါး ကွာဝေးသည်။ ကျန်သည့် အခြေချဗျူဟာများမှာ စစ်ဗျူဟာအဖွဲ့ (အခြေချ) ကြာအင်းဆိပ်ကြီး၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) လှိုင်းဘွဲ့နှင့် KNLA/တော်လှန်ရေး အင်အားစုများ တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်သည့် မြဝတီမြို့အနီးက စစ်ဗျူဟာအဖွဲ့ (အခြေချ) သင်္ဃန်းညီနောင်တို့ ဖြစ်သည်။
စစ်ဗျူဟာအဖွဲ့ (အခြေချ) ဖာပွန် ကွပ်ကဲမှုအောက်တွင် ယခင်က ဖာပွန်မြို့ အခြေစိုက် အမှတ် ၁၉ ခြေလျင်တပ်ရင်း (ခလရ ၁၉)၊ အမှတ် ၃၄၀ ခြေမြန်တပ်ရင်း (ခမရ ၃၄၀)၊ အမှတ် ၃၄၁ ခြေမြန်တပ်ရင်းနှင့် အမှတ် ၄၃၄ ခြေမြန်တပ်ရင်း တို့ရှိခဲ့သည်။
ကမမောင်းဘက်မှ ဖာပွန်သို့ သွားမည်ဆိုပါက လမ်းတလျှောက်တွင် လမ်းကြောင်းထိန်းစခန်း များစွာရှိသည်။ ထိုစခန်းများအနက် ကမမောင်းနှင့် ဖာပွန်အကြား အလယ်တွင် ကတိုင်တိစခန်း ရှိသည်။ (နောက်ပိုင်းတွင် နယ်ခြားစောင့်တပ် – BGF ၁၀၁၄ တပ်ရင်း ဖွင့်သည်။)
ထိုစခန်းတွင် ရှေ့တန်းစစ်ဆင်ရေးဝင်သည့် တပ်မ/စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များက နည်းဗျူဟာတခု အလှည့်ကျ အခြေပြုကြပြီး ဖာပွန်တပ်များအတွက်မူ နောက်တန်း တပ်ရင်းဌာနချုပ်သို့ မရောက်မီ တထောက် နားရာနေရာ ဖြစ်သည်။
ထိုစခန်းတွင် ရှေ့တန်းစစ်ဆင်ရေးဝင်သည့် တပ်မ/စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များက နည်းဗျူဟာတခု အလှည့်ကျ အခြေပြုကြပြီး ဖာပွန်တပ်များအတွက်မူ နောက်တန်း တပ်ရင်းဌာနချုပ်သို့ မရောက်မီ တထောက် နားရာနေရာ ဖြစ်သည်။
ထို့ကြောင့် ဖာပွန်တပ်များသည် နောက်တန်းသို့ မရောက်မီ ကမမောင်းကစ၍ မိုင် ၆၀ အတွင်း အခြားတပ်များ၏ စစ်ဆင်ရေးနေရာကို အရင်ရောက်ရှိကြရသည်။ ထို့ကြောင့် “၁၉ ဖာပွန် တမလွန်”၊ “ဖာပွန် ၁၉ အလွန်ဆိုး” ဆိုသည့်စကား မြန်မာစစ်တပ်တွင် ရှိခဲ့ခြင်းဖြစ်၏။
စစ်ဗျူဟာနှင့် တပ်ရင်း သုံးရင်း အသစ်မဖွင့်မီ ဖာပွန်တွင် ခလရ ၁၉ တပ်ရင်း တရင်းသာ ရှိခဲ့သည်။ ဖာပွန်ကို ကတိုင်တိဘက်က လာမည်ဆိုပါက ဝေမှုန်ရွာအနီးတွင် ခမရ ၄၃၄ ကို အရင်တွေ့ရမည် ဖြစ်သည်။ ထိုမှ တံခွန်တိုင်ရွာကို ကျော်ပါ ကခမရ ၃၄၁၊ စဗခ (ဖာပွန်) နှင့် ခမရ ၃၄၀ တို့ကို အစဉ်လိုက် ရောက်ရှိမည် ဖြစ်သည်။ ထိုမှတဆင့် မဲသလွတ်ရွာကို ကျော်ပါက ဖာပွန်မြို့နှင့် အနီးဆုံးတပ်ရင်းဖြစ်သည့် ခလရ ၁၉ ကို ရောက်ရှိမည် ဖြစ်သည်။
ဖာပွန်မြို့ကို KNLA နှင့်တော်လှန်ရေး ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ကတည်းက ဝိုင်းပတ် ပိတ်ဆို့ထားခဲ့ပြီး ဖြစ်သည်။ မတ်လ ၂၈ ရက်တွင် မြို့လုံခြုံရေး တပ်ဖြန့်ထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့၏ ထိုးစစ်ကြောင့် မြို့အနီးတွင်ရှိသည့် စခန်းများကို စွန့်ခွာသွားခဲ့ကြပြီး ဖာပွန်မြို့နှင့် သုံးမိုင်ခန့်ဝေးသည့် ဖာပွန်စစ်ဗျူဟာ အခြေချ ဌာနချုပ်ကုန်းသို့ ပူးပေါင်းသွားခဲ့ကြသည်။
မတ်လ ၃၀ ရက်နေ့တွင် နှစ်ပေါင်း ၇၀ ခန့် သက်တမ်းရှိ စစ်ကောင်စီ၏ ခလရ ၁၉ နှင့်အတူ အနီးက စစ်လက်နက်ပစ္စည်းတပ် ၆၄၂ ကိုပါ တော်လှန်ရေးဘက်က သိမ်းပိုက်နိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၅ ရက် နံနက်ပိုင်းတွင် ခမရ ၄၃၄ ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ထိုတိုက်ပွဲများအတွင်း ဖာပွန်ဗျူဟာကုန်းရှိ အမြောက်ကုန်းအထိ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းဖြင့် တန်ပြန် ခုခံတိုက်ခိုက်သဖြင့် ပြန်လည် လက်လွှတ်ခဲ့ရသည်။
လက်ရှိအချိန်အထိ ဖာပွန်က ခလရ ၁၉၊ ခမရ ၄၃၄ နှင့် စနခ ၆၄၂ တပ် ဌာနချုပ်များကို KNLA နှင့် ပူးပေါင်း တော်လှန်ရေးတပ်များ သိမ်းပိုက်ထားပြီးဖြစ်၍ စဗခ (ဖာပွန်)၊ ခမရ ၃၄၀ နှင့် ခမရ ၃၄၁ ဌာနချုပ်တို့သာ ကျန်ရှိတော့သည်။
ဖာပွန်တွင် စစ်ကောင်စီဘက်က ပထမဆုံး လက်လွှတ်ခဲ့ရသည့် ခလရ ၁၉ သည် စစ်ဘက်ဆိုင်ရာ စာပေများရေးသားခဲ့သည့် စာရေးဆရာ သောင်းဝေဦး၏ မိခင်တပ်ဖြစ်သည်။ ထို့ကြောင့် စစ်အာဏာသိမ်းကာလအတွင်း နာမည်ကြီး စစ်သားစာရေးဆရာတဦး၏ ဗိုလ်လောင်းသင်တန်း ကျောင်းဆင်းစတွင် တာဝန်ကျခဲ့သည့် မိခင်တပ်ကို လက်လွှတ်ခဲ့ရခြင်းဖြစ်၏။
ထို့အတူ ဖာပွန်ဗျူဟာမှူးဟောင်းများ ဖြစ်ကြသည့် စစ်ကောင်စီ၏ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ကစထ ၅ မှူး ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံတို့၏ ဖာပွန်ဗျူဟာသည်လည်း ဝိုင်းပတ် ပိတ်ဆို့တိုက်ခိုက်ခြင်းကို ခံနေရပြီး ကျဆုံးမည့်နေ့ကို စောင့်နေကြရသည်။
တပ်မ ၄၄ တပ်မှူးဖြစ်ပြီး ရက်ပိုင်းအကြာ သင်္ဃန်းညီနောင်တွင် ရဟတ်ယာဉ်ပျက်ကျခဲ့သူ ဗိုလ်မှူးကြီး အေးမင်းနောင် (DSA-41) မှာလည်း ဖာပွန် ဗျူဟာမှူးဟောင်းတဦးဖြစ်ပြီး ရာထူးတိုးဖြင့် ပြောင်းရချိန်တွင် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ထို့အတူ ကျားဖျန့် အရှုပ်တော်ပုံတွင် အရေးယူခံထားရသည့် ဗိုလ်ချုပ် အောင်လင်းထွန်း (DSA-33) မှာလည်း ဖာပွန်ဗျူဟာ လက်အောက်ခံ ခမရ ၄၃၄ တပ်ရင်းမှူးဟောင်း ဖြစ်၏။
တပ်မ ၄၄ တပ်မှူးဖြစ်ပြီး ရက်ပိုင်းအကြာ သင်္ဃန်းညီနောင်တွင် ရဟတ်ယာဉ်ပျက်ကျခဲ့သူ ဗိုလ်မှူးကြီး အေးမင်းနောင် (DSA-41) မှာလည်း ဖာပွန် ဗျူဟာမှူးဟောင်းတဦးဖြစ်ပြီး ရာထူးတိုးဖြင့် ပြောင်းရချိန်တွင် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ထို့အတူ ကျားဖျန့် အရှုပ်တော်ပုံတွင် အရေးယူခံထားရသည့် ဗိုလ်ချုပ် အောင်လင်းထွန်း (DSA-33) မှာလည်း ဖာပွန်ဗျူဟာ လက်အောက်ခံ ခမရ ၄၃၄ တပ်ရင်းမှူးဟောင်း ဖြစ်၏။
ဖာပွန်ဒေသသည် ယခင်ကတည်းက ဝေးလံခေါင်းပါးသော အရပ်တခုဖြစ်သည်။ လမ်းဆုံးမြို့ဖြစ်ပြီး မြို့ပတ်လည်တွင် တောင်များ ကာရံထားကာ အနောက်ဘက်တွင် ယွန်းစလင်းချောင်းက သဘာဝ အတားအဆီးအဖြစ် ကန့်လန့်ဖြတ် စီးဆင်းလျက်ရှိသည်။
ကမမောင်းနှင့် ဖာပွန်မှာ ၅၇ မိုင် ဝေးပြီး ၂၀၁၂ ခုနှစ်အထိ ဖာပွန်တပ်နယ်သို့ ပြောင်းရွှေ့ ရောက်ရှိလာသည့် အရာရှိ၊ စစ်သည်များအနေဖြင့် လမ်းလျှောက်၍သာ နောက်တန်းကို သွားကြရသည်။ ၂၀၁၂ ခုနှစ်တွင် KNU နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူပြီး နောက်ပိုင်းမှသာ ရတခ အခြေစိုက်ရာ မော်လမြိုင်သို့ တပ်သုံး မော်တော်ယာဉ်များ အသုံးပြု၍ သွားလာနိုင်ခြင်းဖြစ်သည်။ ယခင်က တနှစ်စာရိက္ခာစုပုံရန်အတွက်ပင် အင်မတန် ခက်ခဲခဲ့သည်။
စစ်ဗျူဟာအဖွဲ့ (အခြေချ) ဖာပွန် ကွပ်ကဲမှုအောက်တပ်ရင်း လေးရင်းအနက် ဖာပွန်ဒေသအတွင်းတွင်သာ ရှေ့တန်းစစ်ဆင်ရေးတာဝန် ထမ်းဆောင်ရပြီး ခြေလျင်/ခြေမြန်တပ်ရင်း လေးရင်းရှိသည့်အနက် သုံးရင်းထွက် တရင်းနားစနစ်ဖြင့် တာဝန် ထမ်းဆောင်ကြရသည်။
စစ်ဆင်ရေးခွင်များအဖြစ် နတ်တောင်စခန်း၊ ပွိုင့် ၂၆၆၉ စခန်း၊ ဒါးကွင်း စခန်းနှင့် ဥသုတစခန်းတို့ ပါဝင်သည့် စစ်ဆင်ရေးခွင်၊ ခေါပုတ်စခန်း၊ သော်လဲထစခန်း၊ ပွိုင့် ၂၅၁၄ စခန်း၊ ချောင်းဆုံစခန်း (မဲသလောက်) တို့ ပါဝင်သည့် စစ်ဆင်ရေးခွင်နှင့် ကျောက်ညှပ်စခန်း၊ ပွိုင့် ၂၇၃၁ စခန်း၊ ခိုကြာခိုစခန်းနှင့် ပန်ဟိုက်စခန်းတို့ ပါဝင်သည့် စစ်ဆင်ရေးခွင်တို့ ဖြစ်ပါသည်။ သီးခြား အရေးကြီးတာဝန် မရှိပါက စစ်ဆင်ရေး တာဝန် လေးလ ထမ်းဆောင်ကြရပြီး နောက်တန်းတွင် စုဖွဲ့အနားယူရန် တလအဖြစ် သတ်မှတ်ထားသည်။
အဆိုပါ ရှေ့တန်းစခန်းများအနက် သံလွင်မြစ်ကမ်းတလျှောက် ထိုင်း-မြန်မာ နယ်စပ်က စခန်းများ အပါအဝင် ရှေ့တန်းစခန်း အားလုံးကို KNU/KNLA နှင့် PDF ပူးပေါင်းတပ်များက အာဏာသိမ်းကာလအတွင်း သိမ်းပိုက်ထားပြီး ဖြစ်သည်။
အချို့စခန်းများသည် စစ်ရေးဖိအားကြောင့် ဆုတ်ခွာသွားကြခြင်း ဖြစ်သည်။ ခေါပုတ်စခန်းသည် ပန်ဟိုက်စခန်း၊ ခိုကြာခိုစခန်း၊ ကျောက်ညှပ်စခန်း၊ ပွိုင့် ၂၇၃၁ စခန်းတို့ဘက်ကို သွားသည့်လမ်းနှင့် နတ်တောင်စခန်း၊ ပွိုင့်၂၆၆၉ စခန်း၊ ဒါကွင်းစခန်းတို့ဘက်ကို သွားသည့်လမ်းတို့၏ လမ်းဆုံဖြစ်သည်။
ခေါပုတ်စခန်းအကျော်တွင် လမ်းခွဲရှိသည်။ ဖာပွန်မြို့မှ ခေါပုတ်စခန်းသို့ ၇ မိုင်ဝန်းကျင်သာဝေး၏။ ယခင်က ဖာပွန်ဗျူဟာ၏ ကွပ်ကဲမှုအောက် ရှေ့တန်းစခန်းများအတွက် ရိက္ခာစုပုံရာတွင် တထောက်နားရပ် ဖြစ်သည်။ ကရင်တိုင်းရင်းသား ဒေသခံများ နေထိုင်သည့် ခေါပုတ်ရွာအနီးတွင် တည်ရှိပြီး လမ်းဆုံဖြစ်ခြင်း၊ ဖာပွန်မြို့နှင့် အနီးဆုံးတပ်စခန်း ဖြစ်ခြင်းတို့ကြောင့် အရေးပါသော စစ်ကောင်စီ စခန်းတခု ဖြစ်သည်။
KNU/KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ချိန်တွင် ခေါပုတ်စခန်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်အင်အား ၁၀၀ နီးပါးရှိသည်။ တခြားစခန်းများက ဆုတ်ခွာလာကြသူများကိုပါ အင်အားဖြည့် ပူးပေါင်းထားခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။
KNU/KNLA နှင့် PDF ပူးပေါင်းတပ်များက ဖာပွန်မြို့ကို ပိတ်ဆို့ပြီး မြို့အခြေစိုက်တပ်များကို တိုက်ခိုက်နေသဖြင့် စခန်းမသိမ်းမီ လနှင့်ချီကတည်းက ခေါပုတ်စခန်းရှိ ဒဏ်ရာရ အရာရှိ၊ စစ်သည်များကို ဖာပွန်သို့ ပြန်မပို့နိုင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် စခန်းအား သိမ်းပိုက်ချိန်တွင် ဒုတပ်ရင်းမှူးအဆင့် အပါအဝင် ယခင်ကတည်းက ဒဏ်ရာရထားသူအချို့ပါ သေဆုံးခဲ့သဖြင့် သေဆုံးသူ များပြားခဲ့ခြင်း ဖြစ်သည်။
KNU/KNLA နှင့် PDF ပူးပေါင်းတပ်များက ထိုစခန်းကို တိုက်ခိုက်ရာတွင် ဒရုန်းနှင့် drop bomb ချ တိုက်ခိုက်ပြီး လှုပ်ရှားမှုရှိသည့် နေရာများကို စနိုက်ပါဖြင့် ပစ်ခတ်သည့်ဗျူဟာဖြင့် ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ၏ ခေါပုတ်စခန်းတွင် ရေရရှိနိုင်သောနေရာသည် စခန်းနှင့် အနည်းငယ် လှမ်းသဖြင့် စခန်းတွင် သိုလှောင်ထားသည့် အရန်ရေနှင့်ရိက္ခာ ကုန်သွားချိန်တွင် ဆက်လက် ခုခံရန် မဖြစ်နိုင်သဖြင့် ဆုတ်ခွာထွက်ပြေးခြင်းလည်း ဖြစ်နိုင်သည်။
စစ်ကောင်စီဘက်က စိတ်ဓာတ်ကျပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ကြသဖြင့် ခေါပုတ်တပ်စခန်းကို သိမ်းပိုက်ချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ ကျော် အပါအဝင် ခဲယမ်း ဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့သည်။
ခေါပုတ်စခန်းကို သိမ်းပိုက်နိုင်လိုက်ပြီဖြစ်၍ KNU/KNLA နှင့် PDF ပူးပေါင်းတပ်များအနေဖြင့် ဖာပွန်တွင် ကျန်ရှိနေသည့် ဖာပွန်စစ်ဗျူဟာနှင့် ခမရ ၃၄၀၊ ခမရ ၃၄၁ တို့ကို တိုက်စစ်အရှိန်မြှင့် တိုက်ခိုက်နိုင်သည်။
လတ်တလောတွင် စစ်ဗျူဟာ၌ မြေကျင်းအကြီးများတူးကာ တပ်မိသားစုဝင်များကို စုပြုံ၍ထားပြီး ရိက္ခာ မလုံလောက်တော့ကြောင်းလည်း သိရသည်။ ထို့ကြောင့် အချိန်ကြာကြာ ခုခံတိုက်ခိုက်နိုင်မည့် အနေအထား မရှိပေ၊။
လတ်တလောတွင် စစ်ဗျူဟာ၌ မြေကျင်းအကြီးများတူးကာ တပ်မိသားစုဝင်များကို စုပြုံ၍ထားပြီး ရိက္ခာ မလုံလောက်တော့ကြောင်းလည်း သိရသည်။ ထို့ကြောင့် အချိန်ကြာကြာ ခုခံတိုက်ခိုက်နိုင်မည့် အနေအထား မရှိပေ၊။
စစ်ကူအနေဖြင့်လည်း ကတိုင်တိဘက်မှလာရန် ကြိုးစားသမျှ စစ်ကြောင်းတိုင်းသည်လည်း KNU/KNLA နှင့် PDF ပူးပေါင်းတပ်များက ကြားဖြတ် တိုက်ခိုက်နေသဖြင့် အကုန်ပြန်လှည့်သွားခဲ့ကြရပြီး ဖြစ်သည်။ ဖာပွန်က လက်ကျန်တပ်များကို တိုက်ခိုက်သိမ်းပိုက်ပြီးပါက ဖာပွန်မြို့သည် တော်လှန်ရေးအင်အားစုများဘက်က အလုံးစုံ သိမ်းပိုက်နိုင်မည့် မြို့တမြို့ ဖြစ်လာမည် ဖြစ်သည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
ဖာပွန်ကို အလုံးစုံ ထိန်းချုပ်နိုင်ရေး KNU ဆက်လက်စစ်ဆင်
ဖာပွန် ခလရ ၁၉ နှင့် စစန ၆၄၂ တို့ကို KNU သိမ်းပိုက်
ဖာပွန်မြို့ကို KNLA နှင့် ပူးပေါင်းတပ်များ ထိန်းချုပ်
ဖာပွန်နယ်မှ စစ်စခန်းကျပြီးနောက် ကျေးရွာများပါ စစ်ကောင်စီ ဗုံးကြဲ