ဖိလစ်ပိုင် တပ်မတော်နှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင် မှု နမူနာ

ကိုကိုကြီး

This article has been converted from Zawgyi One to Unicode

ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ မကြာသေးမီက အာဆီယံ မိသားစုဝင် နိုင်ငံတခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကို ၄ ရက်ကြာ လေ့လာရေးခရီး သွားခဲ့ကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ကျနော်တို့ရဲ့ အိမ်နီးချင်း၊ အာဆီယံ မိသားစုထဲက နိုင်ငံတနိုင်ငံလည်းဖြစ်သလို ကျနော်တို့နဲ့ ဖြတ်သန်းပုံချင်းလည်း ဆင်တူတာတွေ အများကြီးရှိတော့ သူတို့ အပြောင်းအလဲကို စိတ်ဝင်စားလို့ သွားရောက် လေ့လာဖြစ်ခဲ့တယ်။ အထူးသဖြင့်တော့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်တာတွေ ကျနော်တို့ ဘက်အသီးသီးကနေ လေ့လာနိုင်ဖို့ဆိုပြီး သွားခဲ့ကြတယ်။

တူတာတွေ ပြောရရင် သူတို့က ၁၉၈၆ ခုနှစ်မှာ People Power ဆိုတဲ့ ပြည့်သူ့အင်အား လှုပ်ရှားမှုကြီးနဲ့ အာဏာရှင် မားကို့စ်ကို ဖြုတ်ချနိုင်ခဲ့တယ်။ ကျနော်တို့က ၁၉၈၈ ခုနှစ်မှာ ရှစ်လေးလုံး လူထုအုံကြွမှုကြီးနဲ့ တပါတီ အာဏာရှင် စနစ်ကို ဖြိုချနိုင်ခဲ့တယ်။

ဒါပေမယ့် ဒီမှာ ကွာခြားတာက ဟိုဖိလစ်ပိုင် တပ်မတော်မှာ ဗိုလ်ချုပ်ကြီး ရာမို့စ်ကိုယ်တိုင်က လူထုလှုပ်ရှားမှုနဲ့ ပူးပေါင်းပြီးတော့ သူတို့ ပြုပြင်ပြောင်းလဲမှုတွေက အခု အခြေအနေအထိ အရှိန်ကောင်းလာခဲ့တယ်။ ကျနော်တို့က စစ်တပ် အာဏာသိမ်းမှုအောက်မှာ နောက်ထပ် ထပ်ပြီးတော့ ဆယ်စုနှစ် ၂ ခုကျော် နေခဲ့ပြီးတော့မှ အခု အခြေအနေ အရပ်သားတပိုင်း ပြုပြင်ပြောင်းလဲမှုကို စတင်ကြုံတွေ့လာရတာ ဖြစ်တယ်။

အဲဒီလို တူညီတာတွေ ရှိသလို ကွဲလွဲတဲ့ အခြေအနေတွေရှိတယ်။ အဲဒါတွေကို လေ့လာတဲ့နေရာမှာ ကျနော်တို့ စိတ်ဝင်စားဖို့ အကောင်းဆုံးက တပ်မတော်ရဲ့ အခန်းကဏ္ဍ ပြောင်းလဲလာပုံပေါ့။ အဲဒါကို ကျနော်တို့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့တဲ့အချိန်မှာ လေ့လာဖြစ်ပါတယ်။

ဖိလစ်ပိုင် တပ်မတော်ရဲ့ အပြောင်းအလဲ

ကျနော်တို့ ဖိလစ်ပိုင် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ခွင့်ရခဲ့တယ်။ တွေ့တဲ့အချိန်မှာ ဖိလစ်ပိုင်တပ်မတော်က ကဏ္ဍအလိုက် တာဝန်ယူတဲ့ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ခွင့်ရခဲ့တော့ အဲဒီအထဲမှာ ထူးထူးခြားခြားဆိုရင် ဖိလစ်ပိုင် တပ်မတော်ရဲ့ လူ့ခွင့်အရေးဌာန အကြီးအကဲနဲ့လည်း တွေ့ခဲ့တယ်။

သူတို့အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှ လူ့အခွင့်အရေးဌာနကို ဖွင့်ခဲ့တာ။ နောက်ထူးခြားတာက လုံခြုံရေးနဲ့ ပတ်သက်တဲ့ Security Reform Sector ကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့ နေရာမှာ တပ်မတော်ရဲ့ သဘောထား (Mind-set) ပြောင်းလဲလာတာဟာ တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်။ စစ်တပ်ဆိုတာ တကယ့်တကယ်က ဒါ တိုက်ခိုက်ရေး အင်အားပဲ။ အဲတော့ ရန်သူကို ဘယ်လောက် ချေမှုန်းနိုင်လဲ၊ ဘယ်လောက် နှိမ်နင်းနိုင်တယ်ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ရဲစွမ်းသတ္တိဆု ချီးမြှင့်တာတွေ၊ ဂုဏ်ပြုတာတွေ လုပ်နေတဲ့ အယူအဆကနေပြီးတော့ ငြိမ်းချမ်းရေးကို ဘယ်လောက် ဖော်ဆောင်နိုင်တယ်၊ လူ့အဖွဲ့အစည်းကို ဘယ်လောက် အကျိုးပြုနိုင်တယ် ဆိုတာကို ဂုဏ်ပြုရမယ်ဆိုတဲ့ သဘောထားပေါ့။ အဲဒီပြောင်းသွားတဲ့ သဘောထားက ကျနော်တို့အနေနဲ့ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။

လက်နက်ကိုင် သူပုန်အဖွဲ့တွေဘက်က ရပ်တည်ချက်နဲ့ ချဉ်းကပ်ပုံ

နောက်တခုက စစ်တပ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဒီလိုမျိုး လုပ်တဲ့အချိန်မှာ လက်နက်ကိုင် အဖွဲ့တွေဘက်က၊ သူပုန် တွေဘက်က ရပ်တည်ချက်၊ စိတ်နေစိတ်ထား၊ ချဉ်းကပ်ပုံကလည်း ကျနော်တို့အတွက် အများကြီး စိတ်ဝင်စားစရာ ကောင်းတယ်။

သူပုန်ဘက်က စေ့စပ်ဆွေးနွေးရေး တာဝန်ယူရတဲ့ ပုဂ္ဂိုလ်တွေက ကျနော်တို့ကို ရှင်းပြတယ်။ စေ့စပ်ဆွေးနွေးတယ် ဆိုတာဟာ အပေးအယူ လုပ်တာပဲ။ ယေဘုယျ ပြောနေတဲ့ ဦးတည်ချက်တွေ၊ ပန်းတိုင်တွေထက်ကို လက်တွေ့မှာ ကိုယ် ဘာလိုချင်တာလဲ ဆိုတာ၊ ဘာကို ဦးတည်သလဲ ဆိုတာကို တိတိကျကျ သတ်မှတ်ဖို့ လိုတယ်လို့ အဲဒီလ ိုသူတို့က ပြောတယ်။ စေ့စပ်ဆွေးနွေးမှုဆိုတာ အပေးအယူ လုပ်ရတာပဲဆိုတာ နက်နက်ရှိုင်းရှိုင်း သူတို့က နားလည်ထားတယ်။ အဲ ဒါဟာ သူ့တို့ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အခြေအနေအတွက် ထူးခြားတဲ့ အခြေအနေတရပ်ပေါ့။

စောင့်ကြည့်မှု စနစ်

နောက်ထူးခြားတဲ့ အခြေအနေတရပ်က တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ပြီးတော့ ၂ ဖက် သဘောတူတဲ့ သဘောတူညီမှု စာချုပ်တွေကို လက်မှတ်ထိုးတယ်။ လက်မှတ်ထိုးတဲ့အချိန်မှာ အဲဒီစာချုပ်စာတမ်းတွေ၊ အပစ်အခတ် ရပ်စဲတာတွေကို တိတိကျကျ လိုက်နာမှု ရှိ/မရှိ ၊ ချိုးဖောက်တယ်၊ မချိုးဖောက်ဘူးဆိုတာကို စောင့်ကြည့်လေ့လာတဲ့ စနစ်ရှိတယ်။ အထူးသဖြင့် နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးဆိုတဲ့ EU (ဥရောပ သမဂ္ဂ)၊ မလေးရှား၊ ဘရူနိုင်း၊ ဂျပန် စတဲ့ တခြား တတိယ အင်အားစု (Third Party) တွေ ပါဝင်ပြီးတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို စောင့်ကြည့်လေ့လာတာ၊ ကူညီတာ တွေလုပ်တာဟာ တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ်။

ကျနော်တို့ လေ့လာခဲ့တဲ့အထဲမှာ နောက်တနေရာက ဘင်ဆာမော်ရို လေ့လာရေး အင်စတီကျု (Institute of Bangsamoro Studies) ဆိုတာကို ရောက်တယ်။ အဲဒီမှာလက်နက်ကိုင် တပ်ဖွဲ့တွေကို ကူးပြောင်းလာမယ့် အခြေအနေအတွက် အရပ်ဘက် လူ့အဖွဲ့အစည်း လိုအပ်တဲ့ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု၊ စာရင်းကိုင် စတဲ့ အဲလိုမျိုး ပညာရပ်တွေကို လေ့ကျင့်သင်ကြားပေးဖို့ ဆိုပြီးတော့ သင်တန်းကျောင်းကို တည်ထောင်ထားတယ်။ ဒါကို ဖိလစ်ပိုင်အစိုးရလည်းပဲ တရားဝင်မှတ်ပုံတင်ခွင့် ပြုထားပြီးတော့ ဂျပန်နိုင်ငံက အကူအညီပေးတယ်။

ကျနော်တို့ တွေ့မြင်ရတာက လုပ်နေတဲ့ လုပ်ငန်းစဉ်ကြီးတခုလုံးဟာ တခုနဲ့တခုနဲ့ ချိတ်ဆက်ပြီးတော့ Package တခုလုံးက စနစ်တကျ ပြင်ဆင်ပြီး လုပ်နေတာဖြစ်တယ်။ အဓိက ကျနော်တို့ လေ့လာမိသလောက် သူတို့ရဲ့ စကားနောက် တရားပါ ဆိုတာမျိုး သူတို့ရဲ့အတွေးအခေါ်ကို ထင်ဟပ်တဲ့ အသုံးအနှုန်းတွေ၊ စိတ်နေစိတ်ထား ပြောင်းလဲမှုတွေကို ကျနော်က ပိုပြီး စိတ်ဝင်စားတယ်။

ဖိလစ်ပိုင် တပ်မတော်မှာက တိုက်ခိုက်ရေး စစ်တပ်ဆိုတာကနေ ငြိမ်းချမ်းရေး စစ်တပ်ဖြစ်အောင် သူတို့ရဲ့ စိတ်နေစိတ်ထား (Mind-set) ကို ပြောင်းလဲတယ်။ တဖက် သူပုန်ဘက်ကလည်းပဲ စိတ်နေစိတ်ထား၊ ချဉ်းကပ်မှုတွေ ပြောင်းလဲတယ်။

သူပုန်အဖွဲ့ ခေါင်းဆောင်တွေနဲ့တွေ့တော့ သူတို့ဘက်က ဆွေးနွေးမှု အခြေအနေကို ပြောပြတာမှာ သူတို့က ၉၆ ရာခိုင်နှုန်း၊ ၉၇ ရာခိုင်နှုန်းလောက် သဘောတူညီမှုတွေ ရပြီးပြီဆိုတော့ ကျနော်လည်း တော်တော် အံ့အားသင့်သွားခဲ့ရတယ်။

သူက ထပ်ပြောပြတယ်။ ကျန်တဲ့ ၃ ရာခိုင်နှုန်းက အခက်အခဲဆုံးနဲ့ အသိမ်မွေ့ဆုံးပဲတဲ့။ အခုထက်ထိတော့ အဲဒါတွေ မဖြေရှင်းနိုင်သေးဘူး။
ဆိုလိုတာက များသောအားဖြင့်က ငြိမ်းချမ်းရေးဆိုတာနဲ့ လက်နက်ဖြုတ်ဖို့ ဆိုတာကို စပြီး စကားပြောကြတာ များတယ်။ ဟိုမှာက လက်နက်ဖြုတ်တဲ့ ကိစ္စကို လုံး၀ စကားမပြောသေးဘူး။ သူတို့ ဒီကိစ္စကို မထိသေးဘူး၊ မလုပ်သေးဘူး။ ဘာလုပ်လဲ ဆိုတော့ နိုင်ငံတကာမှာ DDR (Disarmament, Demobilization, Reinsertion) ပေါ့။

နိုင်ငံတကာမှာ လက်နက်ဖျက်သိမ်းပြီး ပြန်လည် နေရာချထားရေး (DDR) ဆိုတာတွေနဲ့ လုပ်နေတဲ့အချိန်မှာ သူတို့ဘက်က ဘယ်လိုမြင်လဲဆိုတော့ DDR သည် လက်နက်ကိုင် တပ်ဖွဲ့တွေကိုသာ ဦးတည်ပြီးတော့ ချဉ်းကပ်တဲ့ ပုံစံဖြစ် နေတယ်လို့ သူတို့က ရှုမြင်တယ်။ အစိုးရဘက်ကကျတော့ Reintegration ဆိုတဲ့ လူ့အဖွဲ့အစည်းနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပြန်လည် ပေါင်းစည်းဖို့ဆိုတဲ့ အသုံးအနှုန်းမျိုး သုံးတယ်။

အဲဒီမှာ သူပုန်တွေက တင်ပြတာက မဟုတ်ဘူး။ ပုံမှန်အခြေအနေကို ပြန်ရောက်ဖု့ိ Normalization ဆိုတဲ့ စကားလုံးကို သုံးတယ်။ Normalization ဆိုတာက ဒီဒေသ၊ ဒီလူ့အဖွဲ့အစည်းကို ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ ဆိုပြီး သူတို့က သဘောတူခဲ့ကြတယ်။

ဒီလို ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ ဖြစ်စဉ်မှာ ၂ ဖက် လက်နက်ကိုင် အဖွဲ့တွေရဲ့ အခန်းကဏ္ဍပါသလို ဒေသခံ ပြည်သူတွေရဲ့ အခန်းကဏ္ဍလည်း ပါတာတွေ့ရတယ်။ အဲဒီသူတွေအားလုံးဟာ ငြိမ်းချမ်းတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ သူတို့ ဒေသရဲ့ အမှတ်အသားသရုပ်၊ သူတို့ ဒေသ တိုင်းရင်းသားတွေရဲ့ ID တွေပေါ့။ အဲဒါတွေကိုပါ ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ ဆိုတော့ ပိုပြီး ကျယ်ပြန့်ပြီး အားလုံးပါဝင်တဲ့ သဘောသက်ရောက်တယ်။

ဆိုလိုတာက Normalization ဆိုတဲ့ ပုံမှန်အခြေအနေ ပြန်ရောက်ရေးဆိုတဲ့ အယူအဆနဲ့ သူတို့ဆီက ဘက်အသီးသီးက ချဉ်းကပ်တယ်။ ဒါကလည်း တော်တော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အရပ်ဘက် အဖွဲ့အစည်းများ အားကောင်းမှု

နောက်တခုထူးခြားတာက ဒေသခံ ပြည်သူတွေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဆက်စပ်ပြီးတော့ ပြည်သူတွေရဲ့ပါဝင် ဆောင်ရွက်ခွင့် အနေအထားက အတော်ကျယ်ပြန့်တယ်။ အထူးသဖြင့် အရပ်ဘက် အဖွဲ့အစည်းတွေ အရမ်း အားကောင်းတယ်။

သူပုန်အဖွဲ့ကလည်း သူတို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြည်သူတွေကို ပြန်ပြီးတော့ ချပြတယ်။ သဘောထား တောင်းယူတာတွေ လုပ်တယ်။ ဒီတော့ ပြည်သူနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့က ဆက်စပ်နေတယ်။ ပြည်သူက ပူးပေါင်းပါဝင်တဲ့ အခြေအနေ ဖြစ်နေတယ်။ ဒါက သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။

နောက် နိုင်ငံတကာ စောင့်ကြည့်လေ့လာမှု အသင်းဆိုပြီးတော့ အစုအဖွဲ့အနေနဲ့ လုပ်နေတဲ့တချိန်တည်းမှာပဲ Local Mornitoring Team- LMT ဆိုတာကလည်း အရမ်းအားကောင်းတယ်။ ဒေသခံ ပြည်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်း တွေကိုယ်တိုင်က ၂ ဖက်သဘောတူ စာချုပ်တွေကို ချိုးဖောက်မှု ရှိသလား၊ မရှိဘူးလားဆိုတာကို စောင့်ကြည့်တဲ့၊ လေ့လာတဲ့ ယန္တရားဖြစ်တယ်။ ဒီဖြစ်စဉ်ကို နောက်ပြန် လျော့ကျမသွားအောင် ချိုးဖောက်မှုတွေ နည်းနိုင်သမျှ နည်းအောင် စောင့်ကြည့်တဲ့ စနစ်အားကောင်းတယ်။ အပစ်အခတ် ရပ်သွားတဲ့အချိန်မှာ နယ်မြေဖွံ့ဖြိုး တိုးတက်ရေးအတွက် လူမှုစီးပွားရေး (Socio-Economic) ကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ဂျပန်ကနေ လမ်းတို့၊ ဒေသအခြေခံ အဆောက်အအုံ ကိစ္စတွေကို ဝင်ရောက် အကူအညီပေးတာတွေ ရှိတယ်။

နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံဟာ အားလုံး ထပ်တူထပ်မျှ တပုံစံတည်း မဖြစ်ဘူးဆိုပေမယ့် ကျနော်တို့ အတုယူစရာတွေ၊ နောက် တခြားနိုင်ငံတွေကလည်း အလားတူ ကောင်းမွန်တဲ့ သင်ခန်းစာတွေကို ပြည့်ပြည့်စုံစုံ လေ့လာပြီးတော့ ကျနော်တို့ နိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်သွားကြရမှာပါ။
ကျနော်တို့နိုင်ငံကိုလည်း တယောက်နဲ့ တယောက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ချစ်ချစ်ခင်ခင်နဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ပုံမှန် အခြေအနေကို ပြန်ရောက်အောင် Normalization ဖြစ်ဖို့အတွက်ကို သင်ခန်းစာ ယူသင့်တာတွေ ယူ၊ လေ့လာသင့်တာတွေ လေ့လာပြီးတော့ ကျနော်တို့နိုင်ငံအတွက် အများကြီး အကျိုးဖြစ်ထွန်းအောင် အားလုံးပါဝင်ပြီး ကြိုးစားသွားကြရမှာပါ။

ချုပ်ပြီးတော့ ပြောရမယ်ဆိုရင် သူတို့ ဖိလစ်ပိုင်နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အစိုးရဘက် အခန်းကဏ္ဍ၊ လက်နက်ကိုင် တပ်ဖွဲ့တွေဘက်က အခန်းကဏ္ဍ၊ ဒေသခံ ပြည်သူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ၊ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုစတဲ့ အရာအားလုံးဟာ ချိတ်ဆက်ထားတဲ့ စနစ်ပုံစံတခုကို ကျနော်တို့ လေ့လာခွင့် ရခဲ့ပါတယ်။
အခုလိုပြောလို့ အားလုံး အဆင်ပြေနေတာလား ဆိုတော့ မဟုတ်ပါဘူး။ အဓိက အဖွဲ့အစည်းတွေအနေနဲ့ အခုလိုမျိုး အောင်မြင်မှုတွေ ရနေပေမယ့် ခွဲထွက်သွားတဲ့ လက်နက်ကိုင် အဖွဲ့ငယ်လေးတွေ၊ စင်ထွက်သွားတဲ့ အုပ်စုလေးတွေကလည်း ဆက်ရှိနေတာပါ။

တချို့ပြန်ပေးဆွဲတာတွေ၊ အကြမ်းဖက် လုပ်ရပ်တွေ အစရှိသဖြင့် သူတို့မှာလည်း စိန်ခေါ်မှုတွေ ဆက်ရှိနေဆဲပါပဲ။

သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ဒီထက်ပိုပြီး လေ့လာနိုင်ရင် ကျနော်တို့အတွက် အများကြီး အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်တယ်။ ကျနော်တို့လည်း ၄ ညအိပ် ၃ ရက်ခရီးမှာ အချိန်တိုအတွင်း လူ့အခွင့်အရေးနဲ့ ပတ်သက်တာတွေ၊ ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်တာတွေ တော်တော်များများကို မနားတမ်း လေ့လာခဲ့ကြတာပါ။
တခြားသော အိမ်နီးချင်း နိုင်ငံတွေမှာပဲဖြစ်ဖြစ်၊ အလားတူ သင်ခန်းစာယူလို့ရမယ့် နိုင်ငံတွေကိုလည်း သွားရောက် လေ့လာဖို့ရှိပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တဦးတယောက်က အပေါ်စီးယူပြီး ငြိမ်းချမ်းရေး လုပ်တယ်ဆိုတာမျိုး၊ ကျန်တဲ့ ဆွေးနွေးဘက်တွေရဲ့ အခန်းကဏ္ဍ မှေးမှိန်နေတဲ့ ဖြစ်စဉ်မျိုး စတာတွေဟာ တကယ် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးမျိုးအတွက် အာမခံချက် မရှိဘူး။ ငြိမ်းချမ်းရေးဟာ ငါတို့ အားလုံးနဲ့ သက်ဆိုင်တယ်။ ငါတို့ အားလုံး တပြေးညီ ပါဝင်ဆောင်ရွက်ခွင့် ရှိတယ်၊ ဆောင်ရွက်ခွင့်လည်း ရတယ်။ အဲဒီငြိမ်းချမ်းရေးက ရလာမယ့် အသီးအပွင့်တွေကို ငါတို့ အားလုံး ခံစားရမှာဖြစ်တယ်ဆိုတဲ့ အားလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ အသိပေါ့။

အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့်ပေးနိုင်တဲ့ အခြေအနေမျိုး၊ ဘယ်သူ့ဘယ်သူကမှ အပေါ်စီးကနေ ဘာလုပ်ရမယ်၊ ဘာလုပ်ဆိုတဲ့ Agenda တွေ ချပေးတာမျိုး၊ တစုံတဦး၊ တစုတဖွဲ့က လက်ဦးမှုယူပြီး ဆွဲခေါ်သွားတာမျိုး မလုပ်ဘဲနဲ့ အားလုံး တကယ့်ကို ထဲထဲဝင်ဝင် ပါဝင်နိုင်မယ့် ငြိမ်းချမ်းရေး ဖြစ်စဉ်မျိုး ဖော်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။
အခု လက်ရှိအခြေအနေမှာ ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေ အနေနဲ့ ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းသား ဒေသတွေမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ဖော်ဆောင်နိုင်ရေး အချက်အလက် စုဆောင်းတဲ့ လုပ်ငန်းစဉ်တွေ ပါဝင်လုပ်ဆောင်နေပါတယ်။ တခြား လေ့လာနိုင်တဲ့ စံနမူနာတွေကိုလည်း ကျနော်တို့ လေ့လာနေပါတယ်။

ကျနော်တို့နိုင်ငံမှာ အခု မြင်နေရတဲ့ ပြည်တွင်းစစ် ပြဿနာဟာ ပြဿနာအသစ် မဟုတ်ပါဘူး။ ကျနော်တို့ အသက်ထက် ကြီးတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒီပြဿနာ အဟောင်းကို စဉ်းစားပုံ အဟောင်း၊ ချဉ်းကပ်ပုံအဟောင်းတွေနဲ့ ဖြေရှင်းနေတာဟာ မပြေလည်ဘူး၊ အခုထက်ထိ ရလဒ်မထွက်ဘူးဆိုတာ ကျနော်တို့အားလုံး သိနေကြတာပါပဲ။

ကျနော်တို့နိုင်ငံ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ အတွက် ကျနော်တို့က စဉ်းစားပုံ အသစ်တွေ၊ ချဉ်းကပ်ပုံ အသစ်တွေ၊ ကျနော်တို့ရဲ့ စိတ်နေစိတ်ထားတွေက အစ ပြောင်းပစ်ဖို့ လိုမယ်။ နောက်တခုက မျိုးဆက်အလိုက် တဖြည်းဖြည်း လက်ဆင့်ကမ်းလာတဲ့ အချိန်မှာ ကျနော်တို့ ပြောင်းလဲရမှာက လူငယ်မျိုးဆက်နဲ့ နောက်လာမယ့် မျိုးဆက်တွေ ကြားထဲမှာ ရင်းနှီးမှု၊ နားလည်မှု ဆိုတာတွေ ပိုပြီး ခိုင်ခိုင်မာမာရဖို့ လိုပါတယ်။ ဒါမှသာ ကျနော်တို့က နောင်လာမယ့် အနှစ် ၂၀ လောက်ကို ကြိုတင်မှန်းဆပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဒီဇိုင်းဆွဲနိုင်မယ် ထင်ပါတယ်။

အခုချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံတွင်းက တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း အလားတူ နိုင်ငံတကာကို လေ့လာရေးခရီးတွေ သွားနေကြတာလည်း ရှိတယ်။ ဒီတော့ လေ့လာစရာတွေ၊ သင်ခန်းစာတွေကို ဒီ မြန်မာပြည်က လက်နက်ကိုင် အဖွဲ့တွေအနေနဲ့လည်း ရနေကြမယ်လို့ ယုံကြည်တယ်။ တကယ်ဆိုရင် ဒီလို လေ့လာစရာတွေ၊ သင်ခန်း စာယူစရာတွေရဖို့ ကျနော်တို့ထက်တောင် နယ်စပ်က လက်နက်ကိုင်အဖွဲ့တွေက အခွင့်အလမ်း ပိုရကြမယ် ထင်ပါတယ်။

ဒီနေရာမှာ ပြောချင်တာကတော့ ငြိမ်းချမ်းရေးကို တကယ် နှစ်နှစ်ကာကာ လိုချင်တာ သေချာသလားဆိုတာကို အားလုံးက ကိုယ့်ကိုယ်ကို ပြန်ပြီး မေးမြန်းဖို့ လိုလိမ့်မယ်။ တကယ်သာ နှစ်နှစ်ကာကာလိုချင်ရင် လိုချင်တဲ့ ဆန္ဒရှိရင် နည်းလမ်းရှိပါတယ်။

အဓိက ကတော့ ကိုယ့်လိုချင်တဲ့ ငြိမ်းချမ်းရေးဆိုတဲ့ ဆန္ဒဟာ တကယ်ခိုင်မာသလား၊ သေချာသလားဆိုတာ အားလုံးက သေသေချာချာ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ဖို့ လိုတယ်။ တသက်လုံး ဟိုဘက် လက်နက်ကိုင်၊ ဒီဘက် လက်နက်ကိုင် ခေါင်းဆောင်တွေချည်းပဲ ဖြေရှင်းတဲ့အခြေအနေကနေပြီးတော့ ပြည်သူတွေရဲ့ သဘောထား ဆန္ဒတွေကို ထင်ဟပ်တဲ့ ပါဝင်ခွင့်ရတဲ့ အခြေအနေမျိုးကို ဖန်တီးပေးဖို့လိုတယ်လို့ မြင်မိတယ်။

(ဦးကိုကိုကြီးသည် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ခေါင်းဆောင်တဦးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းထောင်များအတွင်း စုစုပေါင်း ၁၈ နှစ်ကြာ နေခဲ့ရသူလည်း ဖြစ်သည်။ မကြာသေးခင်က ဖိလစ်ပိုင်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်လည်ပတ်ခဲ့ပြီး လေ့လာချက်များနှင့် ပတ်သက်သည့် ဖြေကြားချက်အား ပြန်လည်စီစဉ် ဖော်ပြခြင်း ဖြစ်ပါသည်)

Loading