ဘင်္ဂါလီနဲ့ ရခိုင်တို့အကြားက စတင်ခဲ့တဲ့ ပဋိပက္ခဟာ အခုဆိုရင် ပိုမိုရှုပ်ထွေးလာနေပြီဖြစ်ပါတယ်။ ဘာကြောင့် ဒီပဋိပက္ခ ဖြစ်ခဲ့သလဲ။ ဖြစ်ခဲ့တဲ့ ဒီပဋိပက္ခဟာ အလျင်အမြန်နဲ့ တခြားမြို့များသို့ပါ ကူးစက်ပြန့်ပွားခဲ့သလဲဆိုတာကို ဆန်းစစ်ဖို့အတွက် ပဋိပက္ခဖြစ်စဉ် အစကို ပြန်ကောက်ကြည့်ချင်ပါတယ်။
ဒီပဋိပက္ခရဲ့အစဟာ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာက မသီတာထွေးကို ဘင်္ဂါလီလူငယ်သုံးဦးက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တယ်ဆိုရာမှ စပါတယ်။ အဲဒါ လူတိုင်းသိပြီးသား ဆန်းလားလို့ မေးရင် ဆန်းတယ်လို့ ပြောရမှာဖြစ်ပါတယ်။
ဘာကြောင့်ဆန်းသလဲဆိုရင် မြန်မာနိုင်ငံရဲ့အနောက်ဖျား ရမ်းဗြဲကျွန်းလို ဝေးလံခေါင်သီတဲ့ ဒေသက အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်သတ်ခံရတဲ့ ကိစ္စဟာ သတ်ခံရပြီး နောက်တနေ့မှာပဲ Facebook လူမှုကွန်ယက်ထဲကို ရောက်ရှိပျံ့နှံ့သွားပြီး ပဋိပက္ခတွေဖြစ်အောင် ဆော်သြလှုံ့ဆော်သွားနိုင်လို့ပါပဲ။ ရခိုင်ဒေသမှာ အလားတူဖြစ်ရပ်မျိုး ယခင်က ဖြစ်ပေါ်ခဲ့ဖူးပေမယ့်လည်း ကြီးမားတဲ့ပဋိပက္ခတွေ မဖြစ်ပေါ်ခဲ့ပါ။ အရင်က မှုခင်းကို မှုခင်းအတိုင်း စီရင်နိုင်ခဲ့ပေမယ့် မသီတာထွေး မုဒိမ်းကျင့်သတ်ဖြတ်ခံရတဲ့ကိစ္စမှာတော့ မှုခင်းဓါတ်ပုံကို အသုံးပြု စည်းရုံးလှုံ့ဆော်မှုကြောင့် အမျိုးသားရေးစိတ် ပြင်းထန်လွန်ကဲသူတွေရဲ့ ရင်ကို ကိုင်လှုပ် ကစားနိုင်ခဲ့ပါတယ်။
ဒီဓာတ်ပုံ ဘယ်သူတင်ခဲ့သလဲလို့ လေ့လာကြည့်ပါတယ်။ ဒီပုံဟာ သတင်းထောက်တဦးဦးက တင်လိုက်တဲ့ပုံ မဟုတ်နိုင်ဘူးဆိုတာကိုတော့ ကနဦးကတည်းက သိပါတယ်။ သတင်းထောက်ဆိုတာက သတင်းနဲ့ သတင်းဓါတ်ပုံကို ရောင်းချပြီး အသက်မွေးဝမ်းကျောင်းသူများဖြစ်လို့ သတင်းစာသားဖြစ်စေ၊ သတင်းဓာတ်ပုံဖြစ်စေ မိခင်သတင်းဌာနများဆီ အရင်ပို့ရပါတယ်။ သတင်းထောက်ပို့လိုက်တဲ့ပုံကိုမှ ဖော်ပြသင့်တဲ့ပုံ၊ ကျင့်ဝတ်နဲ့ ညီတဲ့ပုံဆိုရင် သတင်းဌာနများက မိမိတို့ရဲ့သတင်းဌာနအမည် ဒါမှမဟုတ် သတင်းဓာတ်ပုံ ရိုက်ကူးသူအမည်ကို ဓာတ်ပုံမှာရေးထိုးပြီး ဖော်ပြလေ့ရှိပါတယ်။ မသီတာထွေးရဲ့ မှုခင်းဓာတ်ပုံမှာတော့ အဲဒီလိုရေးထိုးထားတာကို မတွေ့ရပါဘူး။
ရမ်းဗြဲ၊ ကျောက်နီမော်ဒေသက လူတွေကို သေချာအောင် မေးမြန်းကြည့်ပါတယ်။ သူတို့ရဲ့အဖြေကတော့ ရမ်းဗြဲ၊ ကျောက်နီမော်ရွာတကြောမှာ သတင်းဌာနများနဲ့ချိတ်ဆက်ပြီး သတင်းရေးသားနေတဲ့ သတင်းထောက် မရှိသလို အင်တာနက်သုံးစွဲတတ်သူ မရှိသလောက် နည်းပါးပါတယ်တဲ့။ ဒါ့ထက်ပိုတာက ဒီနေ့ ညနေပိုင်းရိုက်တဲ့ဓါတ်ပုံကို မနက်ဖြန်မှာ အင်တာနက်တင်လို့ရနိုင်လောက်အောင် သူတို့ရွာထဲမှာလည်း အင်တာနက်ဆိုင်မရှိပါလို့ ပြောကြပါတယ်။
လွှတ်တော်ကို ဝေဖန်အပုတ်ချရေးသားခဲ့တဲ့ ဒေါက်တာဆိတ်ဖွားကို အရေးယူဖို့ စုံစမ်းရေးကော်မရှင်ဖွဲ့တယ်ဆိုရင် ရခိုင်ဒေသတင်မက နိုင်ငံတဝန်း ပဋိပက္ခတွေ ဖြစ်ပွားတဲ့အခြေအနေအထိ ရောက်သွားစေမယ့် မသီတာထွေး အဓမ္မပြုကျင့်ခံရတဲ့ပုံကိုတင်ပြီး ဆော်သြလှုံ့ဆော်ခဲ့တဲ့သူကိုရော ဘာ့ကြောင့်စုံစမ်းအရေးယူမှုမပြုသလဲဆိုတာကို မေးခွန်းထုတ်ရပါလိမ့်မယ်။
တကယ်တော့ ဒီဓါတ်ပုံကို တင်ပြီး ဆူပှုမငြိမ်သက်မှုတွေ ဖြစ်အောင်လှုံ့ဆော်ခဲ့မှုဟာ ဆိတ်ဖွားထက်တောင် နိုင်ငံအတွက် အန္တရာယ်ကြီးပါတယ်။ ဒီဓါတ်ပုံကို အခြေပြုလှုံ့ဆော်မှုတွေကြောင့် တောင်ကုတ်လူသတ်မှု ဆက်လက်ဖြစ်ပွားခဲ့ပြီး မောင်တော ထကြွပုန်ကန်မှုမှသည် နိုင်ငံတဝန်း မီးပွားပြန့်သွားတယ်ဆိုတာ အားလုံးအသိပါ။
မှုခင်းဓာတ်ပုံဆိုတာ သာမာန်သတင်းထောက်တွေတောင် ရိုက်ကူးခွင့်ရဖို့ ခဲယဉ်းလှတဲ့အတွက် ဒီဓါတ်ပုံကို အလွယ်တကူရရှိပြီး အင်တာနက်တင် လှုံ့ဆော်ခဲ့သူကို အခုအချိန်ထိ စုံစမ်းဖော်ထုတ်ဖို့ မကြိုးစားသေးတာ၊ ပဋိပက္ခဖြစ်စဉ်တွေမှာ ပြစ်မှုကျူးလွန်သူတချို့ကို အလျင်အမြန် ဖမ်းဆီးပြစ်ဒဏ်တွေ ပေးခဲ့ပေမယ့် ကျန်ပြစ်မှုကျူးလွန်သူတွေကိုတော့ ပြစ်ဒဏ်ပေးဖို့ နေနေသာသာ စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေးတာတွေဟာလည်း မီးပွားတွေ တမင်ချန်ထားသလား အောက်မေ့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပြည်ခိုင်ဖြိုးပါတီဝင်အများစုနဲ့စုဖွဲ့ထားတဲ့ လက်ရှိအစိုးရကတော့ ဒီပြဿနာကြောင့် အမျိုးသားရေးစိတ် ပြင်းထန်လွန်ကဲသူတချို့ရဲ့ ထောက်ခံမှုတွေကို ခူးဆွတ်ထားနိုင်လိုက်တာတော့ အသေအချာပါပဲ။
ပဋိပက္ခဖြစ်ပွားခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှာ အစိုးရထောက်ခံပွဲပေါင်း ၄ ကြိမ်အထိ ပြုလုပ်ခဲ့ပြီးပါပြီ။ အခြားသော ဆန္ဒဖော်ထုတ်ပွဲတွေအတွက် အာဏာပိုင်များထံမှ ခွင့်ပြုချက်ရဖို့ ရက်အတန်ကြာ စောင့်ဆိုင်းရပေမယ့် စစ်တွေမြို့ပေါ်က အစိုးရထောက်ခံပွဲတွေကတော့ နေ့ချင်း ညချင်းစီစဉ်လို့ရနေတယ်လို့ သိရပါတယ်။
ပိုလို့ စိတ်ဝင်စားဖို့ကောင်းတာက အစိုးရအနေနဲ့ ဘင်္ဂါလီလူဦးရေစစ်တမ်းကောက်ယူမှု (ဆွဲ၊ တင်၊ စစ်) လုပ်ငန်းစဉ်တွေကို အခုချိန်ထိ အောင်မြင်အောင် မလုပ်ဆောင်နိုင်သေးတာကို ဒေသခံတွေမကျေနပ်ကြပေမယ့် အစိုးရထောက်ခံပွဲ စီစဉ်သူတွေက အစိုးရအနေနဲ့ ဒီလုပ်ငန်းစဉ်ကို မဖြစ်မနေလုပ်ဆောင်ပေးဖို့ တောင်းဆိုပွဲမျိုးကို ပြုလုပ်မပေးခဲ့ကြတာပါပဲ။ ဒါ့ကြောင့် အစိုးရထောက်ခံပွဲတွေဟာ ဒွေးနှစ်ဖော်သံဝါညှိနေကြတဲ့ပွဲလားလို့ တွေးဆလာကြပါပြီ။
စစ်တွေမြို့ပေါ်မှာ ဇွန်လ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ အစိုးရထောက်ခံပွဲကတော့ နယ်စပ်ဒေသရှိ ဘင်္ဂါလီများ ကလေးနှစ်ဦးထက် ပိုမယူရ ဒေသန္တရအမိန့်ကို ထောက်ခံတဲ့ထောက်ခံပွဲပါ။ ဦးဆောင်သူတချို့ကြောင့် ဒေသခံတချို့ ဒီအမိန့်ကို ထောက်ခံခဲ့ကြပေမယ့် ဒီအမိန့်ဟာ အစစ်အမှန် အာဏာတည်မှုရှိမရှိဆိုတာ မရှင်းလင်းလှပါဘူး။
ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက လက်ရှိအစိုးရလက်ထက်မှာ ဒီအမိန့်ထုတ်ပြန်ထားခြင်းမရှိပါဘူးလို့ ဇွန်လ ၈ ရက်နေ့က ပြည်နယ်ဥပဒေရုံးမှ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောတယ်ဆိုပြီး Arakan Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ထို့အတူပါပဲ၊ စစ်တွေမြို့ကို အာရှဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဗြိတိန်ဝန်ကြီး မစ္စတာအလန်ဒန်ကန်ရောက်ရှိစဉ်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ထိုအမိန့် လက်ရှိအစိုးရလက်ထက်မှာ ထုတ်ပြန်ခြင်း မရှိသေးကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။ လူတချို့ကတော့ ဒီအမိန့်ဟာ ပယ်ဖျက်ခြင်း မရှိသေးရင် အတည်ဖြစ်ပါတယ်လို့ ဒေသခံလူထုအပေါ် တီးတိုးဝါဒဖြန့်ရင်း အစိုးရသည်သာ ကိုးကွယ်ရာအဖြစ် ဘေးတီးပေးနေတာ တွေ့ရပါတယ်။
အာဏာပိုင်များအနေဖြင့် သတင်းဌာနများနဲ့ သံတမန်များကို ဝိနည်းလွတ်ပြောဆိုထားပြီး ဒီဒေသန္တရအမိန့်ဟာ ဆက်လက် အာဏာတည်မှုရှိမရှိ၊ အကောင်အထည်ဖော်ပေးမည် ဟုတ်မဟုတ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောဆိုမှုပြုတာကို အခုချိန်ထိ မတွေ့ရသေးပါဘူး။
တီးတိုးဝါဒဖြန့်မှု၊ မှိုင်းတိုက်မှုတွေပြည့်နေတဲ့ ရခိုင်ဒေသမှာတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ အဓိကပြိုင်ဘက်ဖြစ်ခဲ့ပြီး ရခိုင်တိုင်းရင်းသားများရဲ့ထောက်ခံမှုရခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်ကိုတောင် အခြေခံလူတန်းစားတချို့က မကျေနပ်ဖြစ်လာကြပါပြီ။ အကြောင်းရင်းကတော့ ဘင်္ဂါလီအရေးကိစ္စတွေကို ပြောဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြားဖြတ်ရွေးကောက်ပွဲဝင်လာအောင် လွှတ်တော်ထဲဝင်လာအောင် တိုက်တွန်းခဲ့လို့ဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒေသခံ လူထုအတွင်း အမျိုးသားရေးစိတ်ဓာတ်ရေချိန်ကိုက်နေချိန်မှာ ဒေသတွင်းပါတီတွေအနေနဲ့ ဖြစ်သင့်သည် မဖြစ်သင့်သည်ကို ဆုံးဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်မှုစွမ်းရည် လျော့ပါးလာတယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့်လည်း ထောက်ခံပွဲအတော်များများဟာ တိုင်းရင်းသားပါတီတွေရဲ့ဦးဆောင်မှုထံမှ ဆင်းသက်လာခြင်းမဟုတ်ဘဲ အခြားသော အဖွဲ့အစည်းများရဲ့ငွေကြေး၊ ဦးဆောင်မှုတွေနဲ့ ကျင်းပခဲ့တာကိုလည်း တွေ့နေရပါတယ်။
ချုပ်ရင် ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူရွှေဂက်စ်စီမံကိန်းနဲ့စပ်လျဉ်းပြီး ရခိုင်ဒေသခံတို့ ရသင့်ရထိုက်တာကို တောင်းဆိုမယ်လို့ မောင်းတင်ထားခဲ့တဲ့ လက်တွေကိုလည်း ဒီအဓိကရုဏ်းက ရိုက်ချိုးပစ်နိုင်ခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ ဒီမိုကရေစီဟန်ပြ အာဏာရှင် တစခန်းထနိုင်မယ့် ခြေလှမ်းအစတွေဖြစ်တယ်လို့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွေကို လေ့လာနေတဲ့ The Educational Initiatives အဖွဲ့မှ Mr. Igor Blazevic က ပြောဆိုလိုက်တာကို ဖတ်ရပါတယ်။
ရန်ကုန်က ဖွံ့ဖြိုးရေးမဏ္ဍိုင်ခန်းမမှာ ဇွန်လ ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ Transition to Democracy: Challenges and Threats ဆွေးနွေးပွဲအတွင်း ပြောဆိုသွားတာဖြစ်ပြီး ဆာဗီးယား၊ယူကရိန်း စတဲ့နိုင်ငံတွေမှာ အာဏာရပါတီတွေဟာ အမျိုးသားရေးဝါဒကို အသုံးပြုပြီး အတိုက်အခံပါတီတွေကို ချေမှုန်းကာ ရွေးကောက်ပွဲအစဉ်အဆက် အနိုင်ယူခဲ့ပုံတွေကိုလည်း မီးမောင်းထိုးပြောပြသွားတယ်ဆိုတာကို ဖတ်လိုက်ရတော့ ကျနော်တို့ဆီက အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်လွန်ကဲသူတွေ စိတ်အေးအေးထားပြီး ပြီးခဲ့သမျှ ဇာတ်ကြောင်းကို ပြန်ပြောင်း ဝေဖန်ဖို့၊ စဉ်းစားဖို့၊ ချင့်ချိန်ဖို့ လိုပြီလို့ လက်တို့ချင်တဲ့ စေတနာနဲ့ ဒီစာကို ရေးလိုက်ရပါတယ် ခင်ဗျား။
(မင်းနိုင်သူသည် ဧရာဝတီသတင်းဌာန၏ သတင်းထောက်ဟောင်းတစ်ဦးဖြစ်ပြီး ယခုအခါ စစ်တွေမြို့တွင် အခြေချနေထိုင်ကာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်သည် ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်များနှင့် အခြေအနေများကို အနီးစပ်ဆုံး တွေ့မြင်သိရှိနေသူတစ်ဦးလည်း ဖြစ်သည်။)