ခရိုနီများနှင့် အသွင်ကူးပြောင်းနေဆဲ မြန်မာနိုင်ငံ

ကိုကိုကြီး

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပြောင်းအလဲတွေ အားလုံးဟာ လမ်းဆုံလမ်းခွ အခြေအနေမှာ ရောက်နေတာပါ။ အထူးသဖြင့်တော့ နိုင်ငံရေး အပြောင်းအလဲနဲ့အတူ အဲဒီရဲ့သက်ရောက်မှုကြောင့် စီးပွားရေး၊ လူမှုရေး နောက်ဆက်တွဲ အပြောင်းအလဲတွေကို ဘယ်လို စီမံခန့်ခွဲမလဲ ဆိုတဲ့ကိစ္စဟာ အရေးပါတဲ့ အချက်ဖြစ်ပါတယ်။

နိုင်ငံတကာ ဖြစ်စဉ်တွေမှာလည်း အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကို ပြောင်းလဲတဲ့ နိုင်ငံတိုင်းမှာ ခရိုနီဆိုတဲ့ လက်သင့်ရာ စားတော်ခေါ် စီးပွားရေးလုပ်ငန်းရှင်တွေ၊ ခေတ်ပျက် သူဌေးတွေရဲ့ ပြဿနာကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ အခုလို အကဲဆတ်တဲ့ အကူးအပြောင်းကာလမှာ မလွဲမသွေ ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့ စီးပွားရေး ကူးလူးဆက်ဆံမှုတွေ လုပ်တော့မယ်၊ အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်းပြီးတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ လာတော့မယ်ဆိုရင် ပြည်တွင်းမှာ ရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေထဲက ဘယ်လို ပုဂ္ဂိုလ်တွေနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာကို နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေက ရွေးချယ်ရမယ့် ကာလတခုကို ရောက်လာပါပြီ။

1011162_671048229588310_608836468_n

ကိုကိုကြီးသည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်း ဖြစ်သည်။ ၈၈ မျိုးဆက် ကျောင်းသားများ တည်ထောင်ထားသည့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတွင် ကိုကိုကြီးလည်း လှုပ်ရှားဆောင်ရွက်လျက်ရှိသည်

အဲဒီတော့ ကျနော်တို့ နိုင်ငံမှာ ဥပမာအားဖြင့် စီးပွားရေး လုပ်ငန်းရှင်တချို့ကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ကနေပြီးတော့ ဗီဇာ ပိတ်ဆို့ ကန့်သတ်ထားတာတွေ ရှိတယ်။ အဲဒါတွေကို ပြန်ပြီး ဖွင့်လှစ်ပေးတော့မယ်၊ နိုင်ငံတကာ အနေနဲ့ ရင်းနှီး မြှုပ်နှံတော့မယ် ဆိုရင် သူတို့ဘက်က ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမလဲဆိုတာကို နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့ တိတိကျကျ သတ်မှတ်ပေးဖို့ လိုလာပါလိမ့်မယ်။

တကယ့်တကယ်က ခရိုနီပြဿနာဟာ နိုင်ငံတကာက နိုင်ငံရေး အပြောင်းအလဲတွေမှာ ရှောင်လွှဲလို့ မရတဲ့ ကိစ္စတခု လည်း ဖြစ်ပါတယ်။

ဥပမာအားဖြင့် အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုဇုန် ဖြစ်လာတော့မယ် ဆိုရင် ကျနော်တို့ နိုင်ငံထဲမှာလည်း နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်တဲ့၊ ပူးပေါင်းလုပ်ကိုင်နိုင်တဲ့ နိုင်ငံတကာအဆင့်မီ စီးပွားရေးသမားတွေ မွေးထုတ်ဖို့ လိုတယ်။ လက်ရှိ လုပ်ငန်းရှင်ကြီးတွေ အများစုဟာလည်း ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်မှာ စစ်ခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ လူတွေပဲ ဖြစ်နေပါတယ် (ဒီလူတွေနဲ့ မနီးစပ်ဘဲ ကိုယ့်ဖာသာ ရိုးရိုးသားသား ကြိုးစားရင်း ချမ်းသာလာတွေလည်း ရှိပါတယ်၊ သူတို့က လူနည်းစုပါ)။ အဲဒီတော့ သူတို့ကို ဘယ်လို ပုံစံပြောင်းမလဲ ဆိုတာ အဓိကမေးခွန်းတခု ဖြစ်လာပါတယ်။

ကျနော့် အမြင်ပြောရရင်တော့ ဒီစီးပွားရေး လုပ်ငန်းရှင်တွေ၊ သူတို့ရဲ့ ရှိထားပြီးသား အရင်းအမြစ်တွေကို နိုင်ငံတော်ရဲ့ အမျိုးသား စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေဖြစ်အောင် ကျနော်တို့ ပြောင်းလဲပစ်ဖို့ လိုပါတယ်။ စိတ်လိုက်မာန်ပါနဲ့ ဒီလူတွေကို မကျေနပ်လို့ ပြည်သူပိုင် သိမ်းပစ်တာမျိုး၊ ဒီလူတွေကို အရေးယူ ကိုင်တွယ်တာမျိုးဟာ လက်တွေ့မှာ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု မဟုတ်ဘူးလို့ မြင်ပါတယ်။

အဲဒီလို ပြောတဲ့ အခါမှာ ကျနော်တို့ အစဉ်အလာအားဖြင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ဒီ ခရိုနီတွေနဲ့ ပတ်သက်ရင် ပြင်းပြင်းထန်ထန် ခါးခါးသီးသီး ရှုမြင်နေတာတွေ ရှိတယ်။ တဖက်ကလည်း ဒီလူတွေဟာ စစ်အာဏာရှင်တွေ ကြီးစိုးတဲ့ ခေတ်မှာ တရားမျှတတဲ့ နည်းလမ်းနဲ့ မဟုတ်ဘဲနဲ့ ကြီးပွားချမ်းသာနေတာတွေဟာ မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။ အဲဒါကို အသွင် ကူးပြောင်းရေးကာလ တရားမျှတမှုထဲမှာ ထည့်သွင်းပြီး စဉ်းစားဖို့တော့ လိုမယ်။

ဒါကြောင့်မို့ ကျနော့်အနေနဲ့ ပြောရရင် ဒီ စီးပွားရေး လုပ်ငန်းရှင်တွေဟာ ဘယ်လို ဘယ်ပုံနဲ့ ကြီးပွား ချမ်းသာခဲ့တာလဲ၊ ဘယ်လောက် ပမာဏအထိ ကြီးပွားချမ်းသာနေသလဲဆိုတာ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုလာတယ်။

အခြေခံ စံနှုန်းတွေနဲ့ ပြောမယ်ဆိုရင် အဲဒီ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာ မူးယစ်ဆေးဝါးက ရရှိတဲ့ ဝင်ငွေတွေနဲ့ ကြီးပွားချမ်းသာတာလား၊ ဒါမှမဟုတ် တရားမဝင် လက်နက်မှောင်ခိုမှု ပွဲစား လုပ်ငန်းတွေကနေ ကြီးပွား ချမ်းသာတာလား ဆိုတာကိုတော့ မေးခွန်းထုတ်ဖို့ လိုပါလိမ့်မယ်။ ဒီလူတွေကို အမေရိကန်ရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းက ပယ်ထုတ်မယ်ဆိုရင်တော့ ကန့်ကွက်ရမှာပဲ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ စာရင်းထဲက ပယ်ဖျက်ပေးမယ့် လူတွေကို အသေအချာ စိစစ်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံနဲ့ စီးပွားရေး လုပ်ချင်နေတဲ့ အကျိုးစီးပွား တခုတည်းကိုပဲ ကြည့်ပြီး ထုတ်လို့ မရပါဘူး။ အဲဒီလို လုပ်သူလည်း ခရိုနီ ဘက်တော်သား ဖြစ်သွားပါလိမ့်မယ်။ အခုဖြစ်နေတဲ့ အကြောင်းအရာတွေထဲမှာ ခရိုနီတွေထဲက ဘယ်သူတွေက ဒီမိုကရေစီ ပြောင်းလဲမှု၊ လူသားချင်းစာနာမှု၊ လူမှုရေး လုပ်ငန်းတွေမှာ ထိထိရောက်ရောက် ပွင့်ပွင့် လင်းလင်း ဘယ်သူတွေက ကူညီနေတယ် ဆိုတာလည်း အမှတ်ပေးရမယ့် အထဲ ထည့်သွင်းရမှာဖြစ်ပါတယ်။ ခရိုနီ စာရင်းက ပယ်ပျက်သွားချင်စောနဲ့ ဒီမိုကရေစီ အရေခြုံပြတာမျိုးကိုလည်း သတိထားဖို့ လိုပါလိမ့်မယ်။

တိုင်းပြည်ရဲ့ သယံဇာတနဲ့ ပြည်တွင်းစစ် ဖြစ်နေတဲ့ တိုင်းရင်းသား ဒေသတွေမှာ ကျောက်မျက်ရတနာတွေ တူးဖော်ရင်း ခေါင်းပုံဖြတ်ချမ်းသာလာခဲ့တာလား၊ စစ်အာဏာရှင် သက်ဆိုးရှည်စေရေးအတွက် အားပေးအားမြှောက်လုပ်ပြီး ကိုယ့်ကိုယ်ကို ကြီးပွားချမ်းသာအောင် လုပ်ဆောင်ခဲ့ကြတာလား၊ အဲဒီငွေမည်းတွေ ငွေဖြူလုပ်တဲ့ ကိစ္စတွေကို ကျနော်တို့ ဖော်ထုတ်ဖို့ လိုပါလိမ့်မယ်။

နောက်တခုက မြန်မာနိုင်ငံမှာ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံး ဖြစ်နေတဲ့ ကိစ္စကတော့ မြေယာသိမ်းမှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေပါ။

အဲဒီတော့ ဒီ စီးပွားရေး လုပ်ငန်းရှင်တွေဟာ သူတို့ကိုယ်တိုင် နောက်ကြောင်းအေးအေးနဲ့ စီးပွားရေးအောင်မြင်ဖို့ ဆိုရင် နိုင်ငံတွင်းမှာရှိတဲ့ တဦးချင်း တယောက်ချင်းရဲ့ မြေယာသိမ်းပိုက်ခံရမှုတွေ၊ ဆုံးရှုံးနစ်နာမှုတွေနဲ့ ပတ်သက်လို့ အဲဒီ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ အနေနဲ့ ရင်ဆိုင်ဖြေရှင်းရပါမယ်။

အဲဒါကတော့ ကျနော်တို့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ပေးဖို့ အတွက် အထူးသဖြင့် ဒီမိုကရေစီ ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ တာဝန်တွေ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒီ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို အမျိုးသား စီးပွားရေးမှာ ပါဝင်လာဖို့ အသွင်ပြောင်းတဲ့နေရာမှာ မြေယာ သိမ်းဆည်းမှုနဲ့ ပတ်သက်ပြီးတော့ တကယ် ဆုံးရှုံးနစ်နာခဲ့တဲ့ မြေယာပိုင်ရှင်၊ လယ်ပိုင်ရှင်၊ နိုင်ငံသားတွေကို ထိုက်တန်တဲ့ လျော်ကြေးပေးမှု၊ ပြန်လည် ဖြေရှင်းပေးမှုမျိုးတွေ လုပ်ပေးဖို့ လိုမယ်လို့ မြင်ပါတယ်။

အဲဒီလိုမှ မဟုတ်ဘဲနဲ့ သက်ဆိုင်ရာ အာဏာရှိတဲ့သူတွေနဲ့ ပင်းပြီးတော့ လိုင်စင်တွေ၊ ပါမစ်တွေ၊ အထူးအကျိုးစီးပွား ရယူခံစားထားတဲ့ ကိစ္စတွေ ရှိတယ်။ အဲဒါတွေနဲ့ ကြီးပွားချမ်းသားခဲ့တဲ့သူတွေဟာ သူတို့ပိုင်ဆိုင်သော ကုမ္မဏီများကို အများပိုင် ကုမ္မဏီများအဖြစ် ပြုပြင်ပြောင်လဲမှုများ မလုပ်ခင် ပိုင်ဆိုင်မှုများ၊ စီပွားရေး ပမာဏများကို ပွင့်လင်းမြင်သာစွာ ဖော်ထုတ် ကြေညာဖို့ လိုအပ်ပါတယ်။ အဲဒါကလည်း ဘယ်ကာလအထိ နောက်ဆုံးထားပြီး ပိုင်ဆိုင်မှုတွေကို ကြေညာ ဖော်ထုတ်ရမယ်ဆိုတာကို တိတိကျကျ သတ်မှတ်ဖို့ လိုတယ်။ အဲဒီကနေ နိုင်ငံတော်ကို တရားဝင် အခွန်ဘဏ္ဍာ ပေးဆောင်ဖို့ လိုမယ်။

အဲဒီကာလ နောက်ပိုင်းမှာတော့ ဈေးကွက် စီးပွားရေး မှန်မှန်ကန်ကန် ပေါ်ပေါက်လာဖို့အတွက် အခြား စီးပွားရေး လုပ်ငန်းရှင် အသေး၊ အလတ်၊ အကြီး အားလုံးဟာ တန်းတူ ညီမျှတဲ့ အခွင့်အရေးမျိုး ရှိရမယ်။ ဥပမာ တင်ဒါ ခေါ်ယူတဲ့ စနစ်မျိုး၊ လေလံစနစ်မျိုးမှာက အစ ပွင့်လင်းမြင်သာတဲ့၊ အားလုံး တပြေးညီ ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေမျိုး ကျနော်တို့ ဖန်တီးပေးဖို့ လိုတယ်။

သတ်မှတ်တဲ့ ကာလ အတောအတွင်းမှာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ပြန်ပြီးတော့ နိုင်ငံတော်အတွက် ရသင့် ရထိုက်တဲ့ အခွန်ဘဏ္ဍာတွေကို တိတိကျကျ ထမ်းဆောင်ဖို့အတွက် သူတို့မှာ တာဝန်ရှိတယ်။ ပိုင်ဆိုင်မှုတွေအပေါ် ထမ်းဆောင်ရတဲ့ (Properties Tax) နဲ့ ဝင်ငွေများလာတာနဲ့ အမျှ ပိုပြီးပေးရတဲ့ အချိုးကျ ဝင်ငွေခွန် (Propotional Tax) တွေကို သတ်မှတ်ကာလအတွင်း လွှတ်တော်က ဥပဒေပြဌာန်းပြီး နိုင်ငံတော် ဘတ်ဂျက်ထဲ ပြန်ရအောင် ကြိုးစားဖို့ လိုပါမယ်။

နိုင်ငံတကာ ကုမ္ပဏီတွေ လာပြီး ရင်းနှီးမြှုပ်နှံကာ ဈေးကွက်စီးပွားရေး ဖြစ်လာရင် တဦးတယောက်၊ တဖွဲ့ကနေ လုပ်ငန်းတွေကို လက်ဝါးကြီး အုပ်နိုင်မှုကို ကာကွယ်ဖို့ Anti Trust Law ခေါ်တဲ့ လက်ဝါးကြီးအုပ်မှုကို တိုက်ဖျက်တဲ့ ဥပဒေမျိုးတွေ ပြဋ္ဌာန်းပြီး ကာကွယ်ဖို့လည်း လိုပါမယ်။ လုပ်ငန်းခွင် အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ စံနှုန်းတွေ၊ ဒေသဆိုင်ရာ စံနှုန်းတွေနဲ့ ကိုက်ညီအောင် ပြဌာန်းပြီး အလုပ်သမား အခွင့်အရေးတွေကို တိတိကျကျ အာမခံချက်ပေး၊ ကာကွယ်စောင့်ရှောက်ဖို့ လိုပါတယ်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကြောင့် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှု၊ ဒေသခံတွေရဲ့ လူမှုဘဝပြောင်းလဲမှုတွေ အပေါ် တာဝန်ယူ ကုစားမှုတွေလည်း လုပ်ရမှာ ဖြစ်သလို အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ လေ့လာစောင့်ကြည့်မှု ပါရပါမယ်။

အဲဒီလို ပြုပြင်ပြောင်းလဲမှု မလုပ်ရင် နိုင်ငံတကာ ကုမ္ပဏီကြီးတွေ အနေနဲ့ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ ပြည်တွင်း လုပ်ဖော်ကိုင်ဖက်ကို ရှာတဲ့နေရာမှာ အခက်အခဲ ဖြစ်နိုင်ပါတယ်။

ကုမ္ပဏီကြီးတွေက စိတ်ဆန္ဒအလျှောက် ဆောင်ရွက်နေတဲ့ Coperate Social Responsibility (CSR) ခေါ် လူမှု အကျိုးပြု လုပ်ငန်းတွေ လုပ်နေတာတွေ ရှိသည့်တိုင် နိုင်ငံတကာ ကုမ္ပဏီတွေ မဖြစ်မနေ လိုက်နာဖို့ တာဝန်ရှိတဲ့ Code of Conducts တွေလည်း ရှိပါတယ်။ အမြတ်ငွေ ဘယ်လောက် ရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုးရေး ပြန်သုံးမယ် စတဲ့ မဖြစ်မနေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို စာချုပ်တွေ၊ ကန်ထရိုက်တွေမှာ ထည့်ဖို့ လိုပါတယ်။

ဒီလိုနည်းတွေနဲ့ ယခင်စစ်အစိုးရ လက်ထက်က အဆမတန် ကြီးပွားချမ်းသာလာတဲ့ လုပ်ငန်းရှင်ကြီးတွေကို နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲမှာ သူတို့ကိုပါ နိုင်ငံရဲ့ အရေးပါတဲ့ အင်အားစုတွေဖြစ်လာအောင် အသွင်ပြောင်းနိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ကျိကျိတက် ချမ်းသာတဲ့ လူနည်းစု လက်ထဲမှာ တိုင်းပြည်စီးပွားဥစ္စာတွေ စုပုံနေပြီး အောက်ခြေ ဆင်းရဲတဲ့ အင်အားစုကလည်း ကြီးထွားလာရင် နိုင်ငံရဲ့ တည်ငြိမ်မှုကို ထိခိုက်လာနိုင်ပါတယ်။

ဒါတွေကို တားဆီးနိုင်ဖို့ နိုင်ငံ့ သယံဇာတ သဘာ၀ ရင်းမြစ်တွေကို မျှမျှတတဖြစ်အောင် ဘယ်လို စီမံခန့်ခွဲမလဲဆိုတာ စနစ်တကျ ကြိုတင်ပြင်သင့်ပြီလို့ မြင်ပါတယ်။ တိုင်းရင်းသား ဒေသတွေမှာ ရှိတဲ့ သဘာ၀ ရင်းမြစ်တွေကို စီမံခန့်ခွဲရာမှာ ခရိုနီ ကုမ္ပဏီကြီးတွေနဲ့ အစိုးရကပဲ ပူးပေါင်း ရယူနေတယ်ဆိုပြီး သယံဇာတ ခွဲဝေမှု (Resource Sharing) မှာ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု ထိခိုက်နိုင်ပါတယ်။ အဲဒီထိခိုက်မှုကနေ အမျိုးသား ပြန်လည်သင့်မြတ်ရေး တည်ဆောက်တဲ့အခါ စီးပွားရေး မညီမျှမှုကနေ နားလည်မှု ရဖို့ ကိစ္စတွေကိုပါ ထိခိုက်နိုင်ပါတယ်။

ဒါကြောင့်မို့ ကျနော်တို့ နိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံရေး အပြောင်းအလဲအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြောင်းလဲရေးကို ကျနော်တို့ အာရုံစိုက်နေတဲ့ တချိန်တည်းမှာပဲ လက်ရှိ စီးပွားရေး အပြောင်းအလဲကို ဘယ်လို စီမံ ခန့်ခွဲမလဲ ဆိုတာ လေးလေးနက်နက် ဝိုင်းပြီး စဉ်းစား အဖြေထုတ်ဖို့ လိုတယ်။ လိုအပ်တဲ့ စံချိန်စံညွှန်းတွေကို ကျနော်တို့ ဝိုင်းပြီး သတ်မှတ်ဖို့ လိုတယ်လို့ မြင်ပါတယ်။

Loading