ရန်ကုန်မြို့မှာ လာရောက်နေထိုင်ကြတဲ့ တခြားသောအရပ်က လူတွေလိုပဲ ကျမတို့ဟာ အိမ်ငှားနေရပါတယ်။ ကိုယ့်မြို့၊ ကိုယ့်ရပ်ရွာ မဟုတ်တဲ့နေရာမှာ အခက်အခဲတွေကလည်း အများကြီးပါ။ အိမ်ငှားနေတဲ့ သက်တမ်း တလျှောက်လုံးမှာ မဖြစ်မနေ လုပ်ရတာက “ဧည့်စာရင်း” ပါပဲ။
“တရားဥပဒေ စိုးမိုးရေး” ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့ အချိန်မှာ ကိုယ်တိုင်က ဥပဒေကို လေးစား လိုက်နာသူ ဖြစ်ချင်တာကြောင့် ဧည့်စာရင်း တိုင်ဖြစ်ခဲ့တာပါ။ အံ့သြစရာ ကောင်းတာက ဧည့်စာရင်းတိုင်ရတဲ့ ကိစ္စဟာ တကျောင်း တဂါထာ၊ တရွာ တစ်ပုဒ်ဆန်း ဖြစ်နေတာပါပဲ။ တချို့နေရာတွေမှာ အိမ်ငှား စာချုပ်ကိုကြည့်ပြီး ၆ လ ငှားရင် ဧည့်စာရင်း စာအုပ်လုပ်ပြီး ၆ လစာ ပေးပါသတဲ့၊ အိမ်ငှားတာက တနှစ်ဆိုရင် တနှစ်စာ ပေးပါသတဲ့။ ပုစွန်တောင်မှာ အိမ်ငှားဖူးတဲ့ ကျမ မိတ်ဆွေတယောက်က ပြောပြတာပါ။
|
ကျမ အတွေ့အကြုံအရ ပြောရရင် မင်္ဂလာတောင်ညွန့် ၉၁ လမ်းမှာ အိမ်ငှားနေခဲ့တုန်းက ပထမပိုင်းမှာ ဧည့်စာရင်းကို နှစ်ပတ်အထိ ပေးပါတယ်။ ၂၀၁၁ ဧပြီလကနေ အောက်တိုဘာလ အထိပါပဲ။ နှစ်ပတ်အထိ ပေးရာကနေ နောက်ပိုင်းမှာ တပတ် တကြိမ်ပဲ ပေးတော့မယ်လို့ ဆိုပါတယ်။ တကယ်တော့ အိမ်ငှားနေရင် ဧည့်စာရင်း တိုင်ပေးဖို့ တာဝန်က အိမ်လခ ယူထားတဲ့ အိမ်ရှင်ရဲ့ တာဝန်ပါ။ ရပ်/ ကျေး ဥပဒေမှာ အိမ်ရှင်အနေနဲ့ ဧည့်သည် ရောက်လာရင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးဆီ ဧည့်စာရင်း တိုင်ကြားရမယ်လို့ အတိအလင်း ပါရှိပါတယ်။ ဧည့်သည်ပြန်သွားရင် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံးကို ၁၂ နာရီအတွင်း အကြောင်းကြားရမှာပါ။ ဒါပေမယ့် ဘယ်အိမ်ရှင်ကမှ အိမ်ငှားအတွက် ဧည့်စာရင်း လိုက်တိုင် ပေးတယ်ဆိုတာ သိပ်မတွေ့ဖူးပါဘူး။ လခတွေ တနင့်တပိုး ပေးပြီး ငှားနေရတဲ့ အိမ်ငှားတွေကသာ တပတ်တခါ ဧည့်စာရင်း တိုင်ရတော့တာပါပဲ။
မင်္ဂလာတောင်ညွန့် ၉၁ လမ်းကနေ လှိုင် ၁ ရပ်ကွက်ကို ကျမတို့ ပြောင်းရွှေ့ခဲ့ကြ ပြန်ပါတယ်။ အဲဒီရပ်ကွက် အုပ်ချုပ်ရေးမှူး ဆိုတာကို ကျမ တွေ့တောင် မတွေ့ဖူးပါဘူး။ ဧည့်စာရင်း ကိစ္စကို စာရေးလုပ်တဲ့သူက ကိုင်တွယ်ပါတယ်။ စာရေးက ကျမကို ပြောလာပါတယ်။
“အလှူငွေလေး ထည့်ခဲ့ပါ” တဲ့။
ကျမလည်း ၅၀၀ ကျပ်ပေးခဲ့ပါတယ်။ လှိုင်မှာလည်း ဧည့်စာရင်းက တပတ်တကြိမ်ပါပဲ။ ကျမ မအားလို့ ကျမအမျိုးသား ဧည့်စာရင်း သွားတိုင်တဲ့ အခါမှာလည်း စာရေးက အလှူငွေ ခေါင်းစဉ်တပ်ပြီး ပိုက်ဆံ တောင်းပြန်ပါရော။ အဲဒီတော့ တလမှာ အနည်းဆုံး ၂ ခါလောက် ပိုက်ဆံ ပေးနေရတဲ့သဘော ဖြစ်နေပါ တယ်။ နောက်ပိုင်းမှာ ကျမတို့က ဧည့်စာရင်း ဆက်တိုင်ပေမယ့် လာဘ်ပေးလာဘ်ယူမှုကို အားမပေးတော့ပါဘူး။
ဒီလိုနဲ့ မင်္ဂလာတောင်ညွန့် တောင်လုံးပြန် ရပ်ကွက်ကို ပြောင်းရွှေ့နေထိုင်တဲ့အခါ တပတ်တကြိမ် ဧည့်စာရင်းတိုင် ရပေမယ့် ငွေကြေး တောင်းခံမှု မရှိပါဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ထိုင်တာဖြစ်ပြီး ဆက်ဆံရေး ပြေပြစ်တာ တွေ့ရှိ ရပါတယ်။
တခါ တောင်လုံးပြန် ရပ်ကွက်ကနေ ကျမတို့ အလုပ်နဲ့နီးတဲ့ ကျောက်တံတား ၃၉ လမ်းကို လွန်ခဲ့တဲ့ ၅ လက ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။ ရန်ကုန်တမြို့လုံးမှာ တခါမှ မကြားဘူးတဲ့ ငွေကြေးတောင်းခံမှုကို ကြုံရလို့ မအံ့သြဘဲ မနေနိုင် တော့ပါဘူး။ ဧည့်စာရင်း ရဖို့ အိမ်ငှားစာချုပ် မိတ္တူတစောင်နဲ့ ကျမတို့နှစ်ယောက်ရဲ့ မှတ်ပုံတင် မိတ္တူတွေ ပူးတွဲတင်ပြရပါ တယ်။ အိမ်ရှင်ကိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခေါ်တွေ့ပါတယ်။ စည်းကမ်းချက်တွေ ပြောပြတာလည်း သဘောကျပါ တယ်။ ဘဝင်မကျ တာကတော့ အလှူငွေအနေနဲ့ အိမ်ရှင်ဘက်က ၅၀၀၀ နဲ့ အိမ်ငှားဘက်က ၅၀၀၀ ထည့်ရမယ် ဆိုတာကို ပါ။
ကျမ တော်တော်လေး စိတ်တိုသွားမိပါတယ်။ “အလှူငွေ” ဆိုပြီး ခေါင်းစဉ်တပ်ပေမယ့် ဒါဟာ အဂတိ လိုက်စားခြင်း တမျိုးပါပဲ။ ကျမက “သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လစာ ၇ သောင်းနဲ့ အထွေထွေ အသုံးစရိတ် ၅ သောင်း ချီးမြှင့်ထားတာပဲ” လို့ ပြောပြပြီး ၅၀၀၀ မပေးနိုင်တဲ့အကြောင်း ပြေပြေလည်လည် ရှင်းပြပါတယ်။ နိုင်ငံတော်ကပေးတဲ့ လစာက အသုံးစရိတ်နဲ့စာရင် မလောက်ဘူးဆိုပဲ။ နောက်ဆုံးမှာတော့ “စေတနာရှိသလောက် အလှူငွေ ထည့်ခဲ့ပါ” ဆိုလို့၊ “မထည့်လည်း ရပါတယ်” ဆိုလို့ ကျပ်တထောင် ထည့်ခဲ့ရပါတယ်။ အိမ်ရှင်ကတော့ ထုံးစံ အတိုင်း ၅၀၀၀ ပေါ့။
အဲဒီနေရာမှာ ကျမစဉ်းစားမိတာက ရပ်/ ကျေး ဥပဒေမှာ ဧည့်စာရင်း တိုင်တဲ့အတွက် အခကြေးငွေ မပေးရ ဆိုတာ တရားဝင် ပါတဲ့ကြားက ဘာလို့ တောင်းရတာလဲဆိုတာကိုပါ။ “ပွင့်လင်းမြင်သာမှု” ရှိရှိဆိုရင် ကျပ် ၅၀၀၀ လက်ခံရရှိပါ ကြောင်းဆိုတဲ့ လက်ခံဖြတ်ပိုင်းပါ ပြန်ပေးရမှာပါ။
ရပ်ကွက်ထဲမှာ ၁၅၀၀ တန် ဆင်းကတ်တွေ မဲနှိုက်တော့မယ် ဆိုရင်တော့ “ဧည့်စာရင်းနဲ့ နေထိုင်သူတွေ လျှောက်ဖို့ မလိုပါ” လို့ အသံချဲ့စက်နဲ့ အကျယ်ကြီးအော်ပြီး ခွဲခြားဆက်ဆံ ခံရတော့တာပါပဲ။
ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးရှေ့က Notice Board မှာ ရေးထားတာကတော့ “မိမိနေအိမ်သို့ ညအိပ်ညနေ ဧည့်သည်များ ရောက်ရှိလာပါက (မပျက်မကွက်) ဧည့်စာရင်း တိုင်ကြားရန်နှင့် ပျက်ကွက်ပါက တည်ဆဲ ဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း ကြေညာအပ်ပါသည်” တဲ့။ ဧည့်စာရင်း ရက်ရှည် တိုင်ကြားထားသူတွေဟာ ဖုန်းလျှောက်ခွင့် ရှိတယ်လို့ နားလည် ထားပါတယ်။ ဒါပေမယ့် ဘာလို့လျှောက်လို့ မရတာလဲ ဆိုတာကတော့ သက်ဆိုင်သူတွေဆီမှာပဲ အကြောင်း ပြချက် ရှိပါမယ်။
လှိုင် ၁ ရပ်ကွက်မှာ နေထိုင်စဉ်အတွင်း တညမှာတော့ ဧည့်စာရင်းစစ်တာနဲ့ ကြုံရပါတယ်။ နောက်မှ ပြန်သိတာက အဲဒီနေ့ညဟာ “မြို့တော်ခန်းမ” မှာ ဗုံးတွေ့လို့ ဖျက်ဆီးပစ်လိုက်တဲ့ ညပါ။ ဧည့်စာရင်းစစ်တဲ့ အဖွဲ့မှာ အနည်းဆုံး လူ ၈ ယောက်ကနေ ၁၀ ယောက်အထိ ပါဝင်ပြီး တရပ်ကွက်လုံးလည်း ထိတ်ထိတ်လန့်လန့် နဲ့ပေါ့။ ည ၁ နာရီ ကျော်တဲ့အခါမှ ကျမတို့ တိုက်ခန်းကို တံခါးလာခေါက်ပါတယ်။ ဧည့်စာရင်းစစ်တာဟာ လိုအပ်ချက်အရ ဆိုတာ နားလည်ပေမယ့် တံခါး ခေါက်သံက ကြမ်းတမ်း ကျယ်လောင်လွန်းသလို အုပ်စုလိုက် လာတာဖြစ်လို့ ရောဂါသည်ဆိုရင် ရောဂါ ပိုဆိုးသွားနိုင်ပါတယ်။ ကိုယ့်နိုင်ငံသား အချင်းချင်း ကောင်းရောင်းကောင်းဝယ် လုပ်စားနေသူတွေ အပေါ် ဧည့်စာရင်းစစ်ရာမှာ ဆက်ဆံတဲ့ ပုံစံက အခုထက် ပိုပြီး ပျော့ပျောင်း ညင်သာသင့်ပါတယ်။
White Card ကိုင်ဆောင်တဲ့သူတွေ၊ ဘိန်းမှောင်ခို သမားတွေ၊ ငွေကြေး ခဝါချသူတွေ၊ ဗမာစကားတောင် ဟုတ်တိပတ်တိ မပြောတတ် သူတွေက ဧည့်စာရင်း မတိုင်ရဘဲ ဒီနိုင်ငံမှာပဲ ဘိုးဘေး စဉ်ဆက် ကြီးပြင်းလာပြီး အခြေအနေအရ၊ အသက် မွေးကြောင်းအရ ဇာတိမြို့ကနေ ပြောင်းရွှေ့ နေထိုင်ရတဲ့ နိုင်ငံသားတွေအပေါ် “ဧည့်စာရင်း” ဆိုတာကြီးနဲ့ တင်းကျပ်ထား တာဟာ မျှတမှု ရှိပါသလားလို့ ကျမ မကြာခဏ တွေးကြည့်ဖူးပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ တခြားနိုင်ငံတွေမှာ “ဧည့်စာရင်း” တိုင်ရတယ်လို့ ကျမ တစ်ခါမှ မကြားဖူးခဲ့ပါဘူး။
အိမ်ငှား နေထိုင်သူတွေဟာ ဧည့်စာရင်းနဲ့ပဲ နေထိုင်ခွင့် ရတဲ့အတွက် ခွဲခြားဆက်ဆံ ခံနေရသလို တခြားသော လူ့အခွင့် အရေးတွေပါ ဆုံးရှုံး နေရပါတယ်။ ရန်ကုန်မှာ အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့ ဆိုတာကလည်း ရိုးရိုးသားသား ရှာဖွေ စားသောက်နေသူ တွေအတွက် ဝေးဝေးက အိပ်မက်ပါ။ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတရုံးမှာ စာကပ်ထားတာက “သေဆုံးကြောင်း ထောက်ခံ စာကို သန်းခေါင်စာရင်း ရှိတဲ့ မြို့မှာပဲ ယူပါ” တဲ့။ ဒီလိုဆိုရင် ရန်ကုန်မှာ လက်ရှိနေနေတဲ့ လူတယောက် ကွယ်လွန်သွား တယ် ဆိုကြပါစို့၊ အလောင်းကို မသင်္ဂြိုဟ်သေးဘဲနဲ့ သေးဆုံးကြောင်း ထောက်ခံစာကို သူ့သန်းခေါင်စာရင်းရှိတဲ့ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ အစရှိတဲ့ မြို့အထိ သွားယူရမှာလား ဆိုတာ စဉ်းစားစရာ ကောင်းနေပါတယ်။
နေပြည်တော်မှာ လွှတ်တော် သွားတက်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရော ဧည့်စာရင်း တိုင်ရသလားဆိုတာ သိချင်လို့ လွှတ်တော် ကိုယ်စားလှယ် တယောက်ကို မေးကြည့်ဖူးပါတယ်။ သူက သူတို့ ကိုယ်စားလှယ်တွေဟာ စည်ပင် ဧည့်ရိပ်သာမှာ တည်းခိုရတဲ့အတွက် သတင်းပို့ရတာတော့ ရှိတယ်လို့ ပြောပါတယ်။ အမေက ကိုယ့်သား ကိုယ့်သမီး ရှိတဲ့ ရပ်ကွက်သွားရင် ဧည့်စာရင်းတိုင်ရ၊ သားက အမေရှိတဲ့ အိမ်လာလည်ရင် ဧည့်စာရင်းတိုင်ရတော့ ဧည့်ဝတ်ကျေပွန်လှပါ တယ်ဆိုတဲ့ ဗမာလူမျိုးတွေရဲ့ “အိမ်သာလို့ ဧည့်လာတယ်” ဆိုတဲ့ အခြေအနေ တရပ်တောင် ပျောက်ကွယ် သွားတော့ မလားလို့ စိုးရိမ်မိပါတယ်။
တချို့ ရပ်ကွက်တွေမှာ ည ၇ နာရီကျမှ အုပ်ချုပ်ရေးမှူး ရုံးဖွင့်ပြီး တချို့ရပ်ကွက်တွေမှာ ည ၈ နာရီကျမှ ရုံးဖွင့်လို့ အဲဒီ အတွက် အလုပ်တခု ပိုလာပါတယ်။ တခါတလေ ကိုယ်က အချိန်အတိအကျ ရောက်ပေမယ့် အုပ်ချုပ်ရေးမှူး ရောက်မလာ သေးလို့ နောက်တခေါက် ထပ်သွားရတာတောင် ရှိပါတယ်။ အမှန်တကယ်က ဧည့်စာရင်းနဲ့ သက်ဆိုင်တဲ့ စည်းမျဉ်း စည်းကမ်း တွေဟာ တနိုင်ငံလုံးမှာ တပြေးညီ ဖြစ်ရမှာပါ။ ကျမတို့ကို တပတ်တကြိမ် ဧည့်စာရင်း တိုင်ခိုင်းတယ်ဆိုရင် တခြားသူတွေ ကိုလည်း တပတ်တကြိမ်ပဲ ဧည့်စာရင်း ပေးရပါလိမ့်မယ်။ တချို့ကျ တပတ်၊ တချို့က နှစ်ပတ်၊ တချို့ကျ တလ၊ တချို့က ခြောက်လ ဖြစ်နေပြီး တချို့ဆို လုံး၀ ဧည့်စာရင်းတိုင်စရာ မလိုတာက သဘာဝမကျပါဘူး။
“တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် တည်းတူညီမျှခြင်း” တို့ရဲ့ အနှစ်သာရဟာ မြန်မာနိုင်ငံသား အားလုံးအပေါ်မှာ တပြေးညီ သက်ရောက်ဖို့ လိုပါတယ်။ နိုင်ငံသား စစ်စစ်တွေ ဖြစ်ပါလျှက်နဲ့ ဧည့်နိုင်ငံသားတွေ လောက်တောင် နိုင်ငံသား အခွင့်အရေး မရရင် တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု ရှိမှာ မဟုတ်ပါဘူး။ အဲဒီ ၃ ခု မရှိရင် “တရားဥပဒေ စိုးမိုးရေး” ဆို တာ အသက်ဝင် ပီပြင်လာဖို့ ခဲယဉ်းပါလိမ့်မယ်။
အိမ်ငှား စာချုပ်က ၆ လဆိုရင် ဧည့်စာရင်းကို ၆ လစာ၊ ၁ နှစ်ဆိုရင် ဧည့်စာရင်းကို ၁ နှစ်စာ ပေးမယ်ဆိုရင် ပိုအဆင် မပြေ နိုင်ဘူးလားလို့ တွေးမိပါတယ်။ အဲဒီလို မဟုတ်ရင်လည်း အနေကြာတဲ့ သူတွေကို အရင်တုန်းကလို “ယာယီ သန်းခေါင် စာရင်း” လုပ်ပေးသင့်ပါတယ်။
ကျမကတော့ အင်္ဂါနေ့ညကို ရောက်တိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဧည့်စာရင်း သွားတိုင်ရင်း စာရွက်လေး ကိုယ်စီ ကိုယ်စီနဲ့ ကိုယ်နဲ့ ဘဝတူတွေ ဧည့်စာရင်း လာတိုင်ကြတဲ့ မြင်ကွင်းတွေကို မြင်ယောင်နေမိ ပါတယ်။
“ပြုပြင်ပြောင်းလဲရေး” တွေ လုပ်ဆောင်နေပါတယ် ဆိုတဲ့ ကျမတို့နိုင်ငံမှာ နိုင်ငံသားစစ်စစ်တွေ ဘယ်အချိန်အထိ ဧည့်စာရင်း တိုင်နေရဦးမလဲ ဆိုတဲ့ မေးခွန်းအတွက် အဖြေကတော့ ဝေဝါးနေဆဲပါပဲ။