ရောင်စုံလျှပ်စစ်မီးများနဲ့ အသားကျနေပြီဖြစ်တဲ့ ရန်ကုန်မြို့ကြီးရဲ့ သီတင်းကျွတ်ညတွေကို ကြည့်လိုက်မယ်ဆိုရင် ပုံမှန်အတိုင်းပဲ သွားလာလှုပ်ရှားကြသူတွေကို တွေ့မြင်ကြရမှာပါ။ သူတို့အများစုဆီမှာ သီတင်းကျွတ်နဲ့ ပတ်သတ်တဲ့ စိတ်အာရုံခံစားမှုတွေ သိပ်ကပ်ငြိမနေဘူးဆိုတာ သူတို့တွေရဲ့လှုပ်ရှား၊ သွားလာ၊ ပြောဆိုပုံတွေကို ကြည့်ရင် သိသာမြင်တွေ့ရမှာ ဖြစ်ပါတယ်။
တိုးတက်ပြောင်းလဲလာတဲ့ ဒီဘက်ခေတ်ကြီးမှာ မိုဘိုင်းဖုန်းတွေကို တော်တော်များများ ကိုင်နိုင်နေကြပါပြီ။ မိုဘိုင်းဖုန်း ကိုင်ဆောင်သူတွေ တဦးနဲ့တဦး ဆက်သွယ်ပြောဆိုကြတဲ့ အကြောင်းအရာတွေထဲမှာ လက်ရှိ ရောက်နေတဲ့ သီတင်းကျွတ်ကာလနဲ့ ပတ်သတ်တဲ့ အကြောင်းအရာက နည်းနေပါသေးတယ်။
စီးပွားရေး၊ လူမှုဆက်ဆံရေး၊ နေထိုင်ရေးနဲ့ စားဝတ်နေရေး ကိစ္စရပ်တွေကိုသာ ဦးစားပေး ပြောဆိုနေကြတဲ့ ၂၁ ရာစုရဲ့ တိုးတက်မှုတွေထဲမှာ ရိုးရာဓလေ့တွေကို အာရုံမထားနိုင်စေတဲ့ အကြောင်းအရာတွေလည်း ပါဝင်နေလာပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစုကျော်က မြို့ပြရဲ့ သစ်သားအိမ်တန်းလေးတွေမှာ ချိတ်ဆွဲထားခဲ့တဲ့ ရောင်စုံစက္ကူမီးပုံးလေးတွေကို အခုဆိုရင် ရန်ကုန်မြို့ကြီးပေါ်က နေအိမ်တွေ၊ အထပ်မြင့်တိုက်တွေမှာ ခပ်ကျဲကျဲသာ တွေ့မြင်ရပါတော့တယ်။
လှပပြီး ဈေးချိုတဲ့ ရောင်စုံစက္ကူမီးပုံးလေးတွေနေရာမှာ တဖိတ်ဖိတ်နဲ့ အရောင်တမျိုးစီ ပြောင်းနေတဲ့ ရောင်စုံ လျှပ်စစ်မီးသီးတွေက ခေတ်ရေစီးကြောင်းနဲ့အလိုက် ပြောင်းလဲနေရာယူလာနေပါတယ်။
အိမ်တိုင်း၊ အိမ်တိုင်းရဲ့ ဝရံတာတွေ၊ လှေကားထစ်တွေ၊ ကျောက်ပြင်တွေ၊ ရေတိုင်ကီတွေ၊ ရေအိုးစင်တွေ၊ ခြံစည်းရိုးတိုင်တွေ၊ သစ်ပင်ခြေရင်းတွေနဲ့ ကွေ့ကွေ့ကောက်ကောက် လမ်းမတလျှောက်၊ ဖြောင့်ဖြောင့် ဖြူးဖြူး လမ်းတဆုံးတွေမှာ ညီညီညာညာနဲ့ အစဉ်အလာမပြတ် ထွန်းညှိထားကြတဲ့ ဖယောင်းတိုင် ဖြူဖြူလေးတွေဟာ ရန်ကုန်မြို့ရဲ့ ခေတ်သစ်နေထိုင်မှု ပုံစံတွေအကြား တဖြည်းဖြည်းနဲ့ မှေးမှိန်လာနေပါပြီလို့ အသက် ၇၁ နှစ်ရှိပြီ ဖြစ်တဲ့ အငြိမ်းစား ကျောင်းဆရာမကြီး ဒေါ်အေးမြဖြူက ပြောပါတယ်။
ဗုဒ္ဓဘာသာ ထုံးစံအရ ဗုဒ္ဓဟာ နတ်ပြည်မှာ အဘိဓမ္မာတရားဟောကြားပြီး လူ့ပြည်ကို ဆင်းအလာ ပူဇော်ကြတဲ့ အထိမ်းအမှတ်အနေနဲ့ အိမ်၊ ကျောင်း၊ ဘုရားတန်ဆောင်းတွေမှာ ဆီမီးတွေ ထွန်ညှိပူဇော်ကြတာ ဖြစ်ပါတယ်။
ရောင်စုံ စက္ကူမီးပုံးလေးတွေကို ဖယောင်းတိုင်လေးတွေ စိုက်ထည့်ပြီး အလှဆင်ချိတ်ဆွဲကာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ မြတ်စွာဘုရားကို ဆီးကြိုတဲ့ အလေ့အထ မြင်ကွင်းတွေ ရှားပါးလာသလိုပဲ မီးခိုးရောင် မာကျူရီတွေကို ဖယောင်းတိုင်မီးနဲ့ မိညှိပြီး မြေကြီးပေါ်ချ ဖိနပ်နဲ့ တဝုန်းဝုန်း အသံထွက်အောင်ရိုက်ပြီး ဆော့ကစားကြရတဲ့ အဲ့ဒီ မာကျူရီမီးပန်းလေးတွေ မရှိတော့သလို လက်နဲ့မနားတမ်း ဝှေ့ယမ်းဆော့ကစားရတဲ့ မီးပန်းတွေ၊ ကလေးတွေအကြိုက် ရောင်စုံ ပလတ်စတစ်အကြည်သား အပါးနဲ့ ပြုလုပ်ထားတဲ့ ယုန်ရုပ် တွန်းလှည်းလေးတွေဆိုတာ ရန်ကုန်မြို့ရဲ့ ယနေ့ခေတ် သီတင်း ကျွတ်ညတွေနဲ့ မရင်းနှီးသယောင် ဖြစ်နေပါပြီ။
ယနေ့လို ဖွံ့ဖြိုးတိုးတက်မှု သိပ်မရှိသေးတဲ့ အရင်သီတင်းကျွတ်ညတွေမှာ မြို့ပြရဲ့ကောင်းကင်ယံထက် အပြိုင်အဆိုင် လွင့်တက်နေကြတဲ့ မီးပုံးပျံကြီးတွေဟာလည်း ဒီဘက်ခေတ်ရဲ့ သီတင်းကျွတ်ညကောင်းကင်မှာ တွေ့မြင်ရ နည်းပါးလာနေပါပြီ။
“နိုင်ငံတကာမှဆိုရင် ရိုးရာပွဲတော်တွေကို အစဉ်မပြတ် ကျင်းပနေကြတာပဲလေ၊ အခုချိန်ထိပေါ့။ ခရစ်ယာန် ဘာသာဝင်များရဲ့ ခရစ္စမတ်ပွဲတော်တွေဆိုလည်း အစဉ်အလာ မပြတ်ပါပဲ။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေရဲ့ သတင်းကျွတ်ပွဲတော်မှာ အရင်လို ရိုးရာတွေ မရှိလာတော့တာ ၊ နည်းပါးလာတော့တာ လူတွေပြောင်းလဲလာကြတယ်။ ကိုယ့်ရိုးရာတခုကို ထိန်းသိမ်းတတ်ကြဖို့ လိုတယ်။ အရင်ခေတ်က ကလေးတွေလက်ထဲ တွေ့နေကျ မာကျူရီမီးပန်းတွေ အခုအချိန် မတွေ့ရတာတော့တာ ကျနော့်အတွက်တော့ ဝမ်းနည်းမှုကိုဖြစ်လာစေတယ်။ ချစ်စရာကောင်းတဲ့ ကျုပ်တို့တွေရဲ့ မြန်မာ့ရိုးရာအစဉ်အလာတခု ပျောက်ပျက်သွားမှာ စိုးမိတယ်ခင်ဗျ” ဟု အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ပင်စင်စား အစိုးရဝန်ထမ်းကြီးတဦးဖြစ်သူ ဦးလှဘွယ်က ပြောပါတယ်။
ယခင်က သီတင်းကျွတ်ပွဲတော် အချိန်တွေမှာ ရပ်ကွက်အိမ်ဆိုင်လေးတွေကနေ ရာသီစာလို အပြိုင်အဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် ရောင်းချခဲ့ကြတဲ့ ကန်တော့ကိတ်မုန့်ဆိုင်လေးတွေဟာလည်း မြို့ပြရဲ့ပြောင်းလဲလာတဲ့ အထပ်မြင့် တိုက်တွေကြားမှာ ပျောက်ကွယ်လုနီးပါးဖြစ်လာနေပြီး လူကြီးတွေကို ကန်တော့ဖို့အတွက် ကန်တော့ ပစ္စည်း ဝယ်ယူတဲ့ခြေလှမ်းတွေဟာလည်း ခေတ်သစ်စူပါမားကတ်တွေဆီသို့ ဦးတည်နေပါပြီ။
၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ပျောက်ကွယ်ခဲ့တဲ့ သီတင်းကျွတ်ပွဲတော်ကာလတွေမှာ ပြုလုပ်ကျင်းပနေကျ ကာတွန်းဦးဘဂျမ်း ပြပွဲဟာလည်း ဒီဘက်ခေတ်ရဲ့လူငယ်တွေနဲ့ လုံးဝမရင်းနှီးခဲ့တဲ့ ပွဲတော်တခုဖြစ်နေခဲ့ပါတယ်။
“ကျမတို့ငယ်ငယ်က သီတင်းကျွတ်ကာလတွေကို အရမ်းသတိရမိတယ်။ လူတွေဟာ အဲ့ဒီ အချိန်ကာလတွေတုန်းက ရှိရှိ၊ မရှိရှိ ကိုယ့်ဗုဒ္ဓဘာသာဝင်တွေရဲ့ ပွဲတော်ကြီးကို အလေးအမြတ်ထားကြတယ်။ အားလုံးဟာ ပွဲတော်ချိန်ရောက်ရင် ပျော်နေကြတယ်။ ဒီနှစ်ဆယ်ရာစုနောက်ပိုင်းမှာ အရင်လို ရိုးရာအစဉ်အလာတွေ မရှိတော့ဘူး။ ဒါက ယဉ်ကျေးမှု ဆုတ်ယုတ်လာတဲ့ သဘောတရားပဲလားလို့တောင် ထင်မိတယ်။ မဖြစ်သင့်ဘူးလို့ထင်တယ်” လို့ အသက် ၂၅ နှစ်အရွယ်ရှိ ယဉ်ကျေးမှုတက္ကသိုလ်မှ ဝန်ထမ်းတဦးဖြစ်သူ မသန္တာမေက သူဖြတ် သန်းခဲ့ဖူးတဲ့ သီတင်းကျွတ်ပွဲတော် ကာလများနဲ့ လက်ရှိ အခြေအနေကို နှိုင်းယှဉ်ပြောပြပါတယ်။
အဘိုးအဘွားများ၊ လူကြီးမိဘများ၊ ဆရာသမားများနဲ့ ကျေးဇူးရှိသူတွေကို လက်ဆောင် ပစ္စည်းလေးတွေ ယူလာပြီး ဗုဒ္ဓဘာသာ မိရိုးဖလာမပျက် ကန်တော့တာတွေဟာလည်း ဒီဘက်ခေတ်မှာ အရင်ကနဲ့မတူ ရှားပါးလာနေပါပြီလို့ အသက် ၇၂ နှစ်အရွယ်ရှိ ပညာရေးဝန်ကြီးဌာန အငြိမ်းစား ညွန်ကြားရေးမှူးချုပ် ဦးသန်းဝင်းက ပြောပါတယ်။
အသက် ၄၅ နှစ် အရွယ်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ အင်္ဂလိပ်စာပြ ဆရာမတဦးဖြစ်သူ ဒေါ်ပုလဲခင်ကလည်း “အရင်ခေတ်တွေတုန်းက သီတင်းကျွတ်ဆိုရင် လူကြီးမိဘတွေကို ကန်တော့ဖို့အတွက် အပြိုင်အဆိုင် ဝယ်ကြခြမ်းကြနဲ့ ပျော်ဖို့ကောင်းတာလေးတွေ ရှိခဲ့တယ်။ အခုဒီဘက်ပိုင်းရောက်တော့ လူငယ်တွေဟာ အလုပ်တွေ များလာကြတယ်။ အချိန်တွေ မလောက်ကြတော့ဘူး ။ အလုပ်လုပ်တဲ့ လူငယ်တွေကို ပြောချင်တာပါ။ ဒီအတွက် သီတင်းကျွတ်လို့ လူကြီးမိဘတွေကို ကန်တော့တဲ့အခါမျိုးတွေမှာ ဒီဘက်ခေတ်ကလေးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ရိုးရာအစဉ်အလာကို မလုပ်နိုင်ကြတာလေးတွေ ဖြစ်လာတယ်” လို့ ဆိုပါတယ်။
တနှစ်ချင်းစီ ပြောင်းလဲလာတဲ့ မြို့ပြရဲ့ပြောင်းလဲမှုများက တိုးတက်မှုများဘက်သို့ ဦးတည်နေသလို ရိုးရာအစဉ်အလာ ဆုတ်ယုတ်မှုများကိုလည်း ဖြစ်ပေါ်နေစေပါတယ်။
မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော် ကာလအတွင်း ယခင်ကရှိခဲ့ဖူးတဲ့ ထုံးတမ်းစဉ်အလာများထဲမှ တချို့ဟာ ယနေ့ခေတ်ကာလတွေမှာ အရိပ်အငွေသက်သက်သာ ကျန်လာပါတယ်။ ဒီဘက်ခေတ်ရဲ့ သီတင်းကျွတ်ကာလများဟာ ပုံမှန်ညတွေနဲ့ ထူးမခြားနား ဖြစ်လာတာ သိသာလာပါတယ်။
သီတင်းကျွတ်ပွဲတော်ကာလမှာ မြန်မာလူငယ်အများစုဟာ သူတို့ရဲ့ လုပ်ငန်းခွင်ထဲကနေသာ ကျော်ဖြတ်နေကြတယ်လို့ အသက် ၂၄ နှစ်အရွယ် ကွန်ပျူတာပရိုဂရမ်မာတဦးဖြစ်သူ ကိုအောင်မြတ်သူက ပြောပါတယ်။
နည်းပညာကုမ္ပဏီတခုတွင် လုပ်ကိုင်နေသူ အသက် ၂၇ နှစ်အရွယ်ရှိ ကိုရန်လင်းသော်ကလည်း “၂၀၀၂၊ ၂၀၀၃ ခုနှစ်လောက်အထိ ကျနော်တို့ လူငယ်တွေ သီတင်းကျွတ်ဆို လူကြီးမိဘတွေကို ကန်တော့ဖို့အတွက် အဓိက ကြိုးစားပြင်ဆင်ခဲ့ကြတယ်။ အဲဒီအချိန်လောက်အထိ ငယ်ငယ်ကတည်းက ဆော့ခဲ့တဲ့ သီတင်းကျွတ် ကစားနည်းတွေကို တစိုက်မတ်မတ် ဆော့ခဲ့ကြတယ်ဗျ။ ငရဲမီး၊ မာကျူရီမီးပန်း ကစားနည်းတွေအပြင် အိမ်တွေမှာ မြတ်စွာဘုရားကို ကြိုဖို့ ဖယောင်းတိုင်မီးထွန်းခဲ့တဲ့ အလေ့အထတွေ ကျနော်တို့ လူလတ်ပိုင်းဖြစ်လာတဲ့ ဒီအချိန် သိသိသာသာလေး ပျောက်လာချင်သလားလို့။ အမှန်က မဖြစ်သင့်ဘူးဗျ။ ကျနော်တို့ ခုနောက်ပိုင်းလူငယ်တွေ ဘယ်လောက် အလုပ်များနေတယ်ဆိုဆို ရိုးရာတခုကို ထိန်းသိမ်းသင့်တယ်လေ” လို့ ဆိုပါတယ်။
မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်ရဲ့ အနှစ်သာရများ ရှားပါးလာတဲ့ ယနေ့ခေတ် မြို့ပြအခြေအနေကို ရန်ကုန်မြို့က အိမ်တွင်းမီးပုံး လုပ်ငန်းလေးများကလည်း သက်သေထူနေပါတယ်။
“အရင်ခေတ်ကလို လုပ်ငန်း မကောင်းတော့ဘူး။ တရုတ်ဘက်က လျှပ်စစ်မီးပုံးတွေ ဝင်လာတော့ ပိုဆိုးတယ်။ ရိုးရာလက်မှု မီးပုံးတွေက အခုခေတ်မှာ အလုပ်သိပ်မဖြစ်ချင်တော့ဘူး။ ဈေးကွက်ကို မနည်းရှာနေရတယ်။ လုပ်ငန်းမကောင်းကြလို့ ဒီဘက် မီးပုံးလုပ်တဲ့တတန်းလုံး ဝင်ငွေတွေ တအားလျော့လာကြတယ်” လို့ ရိုးရာမီးပုံးလုပ်ငန်းရှင် အသက် ၄၅ နှစ်အရွယ်ရှိ ဒေါ်မြလှိုင်ဝေက ပြောပါတယ်။
တဖိတ်ဖိတ်လက်နေတဲ့ ရောင်စုံလျှပ်စစ် မီးသီးတွေနဲ့ ကျိုးတိုးကျဲတဲ လှပေနေတဲ့ ၂၀၁၂ ရန်ကုန်မြို့ရဲ့ သီတင်းကျွတ်ညတွေမှာ ရိုးရာအငွေ့အသက်တချို့သာ အားယူရှင်သန်နေပုံ ရပါတယ်။