“ဝ ပြည်နယ် တောင်းဖို့ ဘာမှ လက်နက် အားကိုးစရာ မလိုဘူး”

မေခ

This article has been converted from Zawgyi One to Unicode

“ဝ” ဒေသ ကိုယ်စားပြုအဖွဲ့က လဝက က ဖိတ်ကြားတဲ့ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ဖို့ နေပြည်တော်ကို လာရောက်တယ် လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ခေါ်မှုကြောင့် လာရောက်တာ ဖြစ်ကြောင်း နဲ့ သမ္မတနဲ့ တွေ့ဆုံပြီး “ဝ” ပြည် ခွဲထွက်ရေး အတွက် တွေ့ဆုံဆွေးနွေးကြမယ်လို့ သတင်းတွေ ရရှိပေမယ့်လည်း တရားဝင် ထုတ်ပြန်ခြင်း မရှိပါဘူး။

နေပြည်တော်ကို ရောက်ရှိလာတဲ့ “ဝ” အထူးဒေသ(၂)က ဦးပေါက်ရီ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဌ ဦးသိန်းဇော်တို့နဲ့ မတ်လ ၃ ရက် က တွေ့ဆုံခဲ့ကြကြောင်း သတင်းတွေ အရ သိရပါတယ်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး အတွက် တိုင်ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးနဲ့ လဝက (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဦးစီးဌာန) တို့ရဲ့ တွေ့ဆုံ ဆွေးနွေးပွဲ တက်ရောက်ဖို့ နေပြည်တော်ကို ရောက်ရှိလာတဲ့ “ဝ” အထူးဒေသ (၂) က ဦးပေါက်ရီ ဦးဆောင်တဲ့ အဖွဲ့ နဲ့ အတူ လိုက်ပါလာတဲ့ UWSA ရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအောင်မြင့်ကို “ဝ”ဒေသရဲ့ လက်ရှိ ရပ်တည်မှု၊ သဘောထား အမြင်တွေကို ဧရာဝတီ သတင်းဌာနရဲ့ အကြီးတန်း သတင်းထောက် မေခက တွေ့ဆုံ မေးမြန်း ထားပါတယ်။

မေး။    ။ ထူးထူးခြားခြား “ဝ” ဒေသကလာပြီး နေပြည်တော်မှာ သမ္မတနဲ့လည်း တွေ့မယ် ပြောနေတာ ကြားရလို့ စိတ်ဝင်စား နေကြ တယ်။ သမ္မတနဲ့ တွေ့ပြီး “ဝ” ပြည်နယ် ကိစ္စ ပြောကြမှာလား။ ဒီအတွက် တိုင်ပင် ဖြစ်ကြလား သိပါရစေ။

ဖြေ။     ။ ဆွေးနွေးတာတော့ မရှိသေးဘူး။ သမ္မတကြီးက အချိန်ရလား မရလား။ တွေ့လို သလား၊ မတွေ့လို ဘူးလား၊ ကျနော်တို့ကတော့ ဆန္ဒတော့ ရှိတာပေါ့။

မေး။    ။ လက်ရှိ သန်းခေါင်စာရင်း ကောက်ယူမှု အပိုင်းမှာ“ဝ”ဒေသ အနေနဲ့ ဘယ်လို ပူးပေါင်းဖို့ စီစဉ်ထားပါလဲ။

ဖြေ။     ။ အခု လောလောဆယ်ကတော့ နိုင်ငံတော်က ချမှတ်ထားတဲ့ အတိုင်း လုပ်ဆောင် ပေးမှာပါ။

မေး။    ။ သန်းခေါင်စာရင်း ကောက်တာမှာ အစိုးရနဲ့ ပူးပေါင်း ကောက်မှာလား။ ကိုယ့်ဘာသာပဲ ကောက်ပေး သွားမှာလား။

ဖြေ။     ။ ကျနော်တို့က ဘာသာစကားကြောင့်ရယ်၊ တောင်ပေါ်ဒေသ ဖြစ်နေတာမို့ ကိုယ့်ဆီကနေ မြန်မာစကား တတ်တဲ့လူပေါ့၊ နောက် ကျနော်တို့ဘက်က တန်ယန်း၊ လားရှိုးဘက်က “ဝ” တိုင်းရင်းသားဘက်ကနေ ဖိတ်ခေါ်ပြီးတော့ အစိုးရနဲ့ ပူးပေါင်း လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

မေး။    ။ “ဝ” ဒေသမှာ ကောက်တဲ့အခါ ဘယ်လို အခက်အခဲတွေ ရှိနိုင်လဲ။

ဖြေ။     ။ အတွေ့အကြုံ မရှိတာကတော့ အခက်အခဲ တခုပေါ့။ ကျနော်တို့ နိုင်ငံမှာက ဒီတကြိမ်က တတိယ အကြိမ် ကောက်တာ။ ဒါပေမယ့် “ဝ”ဒေသ၊ “ဝ” သမိုင်းမှာက တခါမှ မကောက်ဖူးဘူး။ ဒါ ပထမ အကြိမ် ကောက်တာဆိုတော့ အခက်အခဲတွေ အတွေ့အကြုံတွေ လိုနေတာပေါ့။

မေး။    ။ ဒါဆို အစိုးရရဲ့ ကုတ်(Code) စနစ်ကိုရော လက်ခံ ပါသလား။

ဖြေ။     ။ လက်ခံပါတယ်။

မေး။    ။ အခုလက်ရှိ ငြိမ်းချမ်းရေး လုပ်ဆောင်နေတဲ့ အပေါ် UWSA အနေနဲ့ ဘယ်အပိုင်းကနေ ပါဝင်သွားပါမလဲ။

ဖြေ။     ။ UWSA အနေနဲ့က တလျှောက်လုံး ငြိမ်းချမ်းရေးကို လုပ်ဆောင်ခဲ့တာပါ။ ဒီကိစ္စက ဗမာပြည် ကွန်မြူနစ် ပါတီကနေ ခွဲထွက်ပြီးချိန်က စပြီး ငြိမ်းချမ်းရေး ယူပြီးနေပြီ။ ယူပြီးလို့တောင် ၂၅ နှစ် ရှိနေပြီ။ ဒီငြိမ်းချမ်းရေးက တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ရှိလို့ ကိုယ့်ဒေသမှာ တိုးတက်အောင် အားလုံးကို ဆောင်ရွက်ထားတာ ရှိတယ်။ တနိုင်ငံလုံး ငြိမ်းချမ်းရေး ကိစ္စကို ကျနော်တို့ အနေနဲ့ တက်ကြွစွာ ပါဝင်မှာပါ။

မေး။    ။ ဒါဆို တပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး အပိုင်းမှာ ဘယ်အပိုင်းကနေ ပါဝင်မှာလဲ။ လက်မှတ် ရေးထိုး သွားမှာလား။

ဖြေ။     ။ တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့က နောက်ဆုံးမှာ လက်မှတ်ထိုးဖို့က အချက်အလက် တွေက ဘာတွေလဲ။ ဒါတွေ သိဖို့ လိုပါတယ်။ ကိုယ်မသိတဲ့ဟာကို လက်မှတ် အရမ်းထိုးဖို့ ကျတော့ မလွယ်ဘူး။ အရမ်းထိုးလို့ မရ ဘူး။ ဒီတော့ လက်မှတ်တော့ ထိုးမယ်။ ဒီမှာ ဘာအချက်တွေ ပါတယ်။ ဘယ်လို ပုံစံနဲ့ ထိုးမယ် ဆိုတာ သုံးသပ်ရမှာပါ။ ကျနော်တို့ အဖွဲ့က အခြား အဖွဲ့အစည်းနဲ့ တူချင်မှလည်း တူမယ်။ ကျနော်တို့ ခေါင်းဆောင်မှုက စုပေါင်း ခေါင်းဆောင်မှု၊ တဦးတယောက်က ဆုံးဖြတ်လို့ မရဘူး။ ငြိမ်းချမ်းရေးမှာလည်း အတူတူပဲ။ အားလုံးကတော့ ဝိုင်းလုပ် နေတာပဲ။ ကြိုးစား နေတာပဲ။ တပြည်လုံးအတိုင်း တာမှာ လက်မှတ်ထိုးဖို့ ကျတော့ ဘာအချက်တွေ ပါတယ်။ ဒါက အရင်သိဖို့ လိုတယ်။ သိပြီးပြီဆိုရင် ကျနော်တို့က လူကြီးတွေ အားလုံး ဆွေးနွေးပြီးမှ ကျနော်တို့ တောင်းဆိုချက်နဲ့ ကိုက်ညီပြီ ဆိုရင်၊ သဘောထားနဲ့ ကိုက်ရင် ထိုးမှာပါ။ အကယ်၍ ပြင်ဆင် စရာလေးတွေ ရှိတယ် ဆိုရင်လည်း ဆွေးနွေးမှာပေါ့။

မေး။    ။ ဖက်ဒရယ် တပ်မတော်ကိစ္စ အပေါ်ရော ဘယ်လို သဘောထား ပါသလဲ။

ဖြေ။    ။ ဖက်ဒရယ် တပ်မတော် ကိစ္စကိုတော့ သိပ်သဘော မကျဘူး။ ဒီလို ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဆိုတာက ရှိသင့် တယ်။ ဘယ်လို ဖွဲ့သင့်သလဲ၊ ဘယ်လို လုပ်သင့်သလဲ ဆိုတာတော့ ရှိရမယ်။ တိုင်းရင်းသားတွေ ပြောတာကလည်း အတည် မဟုတ်ဘူးရယ် သူလည်း ဟိုတပေါက်၊ ဒီတပေါက်နဲ့ ပြောနေတာပါ။ ဒီကိစ္စကို သေသေချာချာလေး ပြောပြီး လုပ်တာမှ ဆုံးဖြတ်လို့ ရပါလိမ့်မယ်။ ဘာဘဲပြောပြော တိုင်းရင်းသား မျိုးနွယ် တခုမို့ ဒီအပေါ်မှာ ပါဝင်မယ်။

မေး။    ။ ဒါဆို UWSA အနေနဲ့ ဖက်ဒရယ် တပ်မတော် ကိစ္စကို တိုင်းရင်းသားတွေနဲ့ ပေါင်းပြီး တောင်းဆိုမှာလား။ ဒါမှမဟုတ် လက်ရှိ တပ်မတော် မူဝါဒ အတိုင်း လုပ်ဆောင်မှာလား ဆိုတာ သိပါရစေ။

ဖြေ။     ။ ကျနော်က တိုင်းရင်းသားပဲ ဒီတော့ တိုင်းရင်းသား အနေနဲ့ ဆွေးနွေး ရမှာပေါ့။ ကျနော်တို့ ဖြစ်ချင်တာနဲ့ တိုင်းရင်းသား အခြား အဖွဲ့အစည်းတွေ ဖြစ်ချင်တာနဲ့ အစိုးရပိုင်း ဖြစ်ချင်တာနဲ့ ဒါကို သေချာ ညှိရပါမယ်။ ဒီလိုမဟုတ်ဘဲ ဒီကိစ္စ ပြောဆိုနေတာက နည်းနည်း မဖြစ်နိုင်တဲ့ သဘောရှိတယ်။ ကျနော်တို့ သဘောကတော့ ထမင်းစားလည်း တလုတ် တလုတ် စားရမယ်ဗျာ၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲတာမှာလည်း တဆင့်တဆင့် ပြောင်းလဲဖို့ သင့်တယ်။ တခါတည်း ခုန်ပျံ ကျော်လွှား လုပ်တာကတော့ ဘယ်သူ့ အတွက်မှ မကောင်းဘူး။

မေး။    ။ တိုင်းရင်းသား တယောက် အနေနဲ့ လုပ်ဆောင်မယ် ဆိုပေမယ့် အခုလက်ရှိ တိုင်းရင်းသားတွေ ဆွေးနွေးပွဲမှာ ဘာလို့ မပါတာလဲ။ တဖွဲ့တည်း တောင်းဆိုဖို့ စိတ်ကူးထားတာလား သိပါရစေ။

ဖြေ။     ။ ဒီကိစ္စက ကျနော်တို့ သဘောက ဘာကိစ္စ ဖြစ်ဖြစ် အောက်ခြေမှာ ဆွေးနွေးပြီးမှ နိုင်ငံတော်နဲ့ ဆွေးနွေးပါ။ ဒါက သင့် တယ်။ အခုဖြစ်နေတာက ကျနော်တို့ကို ဆွေးနွေးဖို့ ဖိတ်တယ်။ ဆွေးနွေးပွဲတွေကို ၂ ရက်အလို ၃ ရက်အလိုမှ ဖိတ်တာ။ ဒီမှာ ကျနော် တို့က တယောက်တည်း ဆုံးဖြတ် မရဘူး။ အဖွဲ့လိုက်ပဲ ဆုံးဖြတ်ရတာ ဆိုတော့ ဟိုမှာ ဆွေးနွေး နေတာကို သဘော မတူဘူး။ ပြောရင် တိုင်းရင်းသားတွေ စည်းလုံး ညီညွှတ်မှု ပျက်တယ်။ ဒါကြောင့်မို့ ကျနော်တို့က နိုင်ငံတော်ကို ပြုပြင် ပြောင်းလဲဖို့ လိုလား တယ်။ တိုင်းရင်းသားတွေ တန်းတူညီပြီး ပြန်ညီညွှတ်ဖို့ကို လိုလားတယ်။ ဒါတွေက လူတိုင်း သွားချင်တာ၊ ဒီမှာ အရင် ဆွေးနွေးပြီးမှ သွားတာ ကောင်းတယ်။ ဒီလို မဟုတ်ဘူး။ လာပြီး အစည်းအဝေးတက် ဆိုတော့ ဘာသွားဆွေးနွေး ရမလဲ၊ အဲဒီမှာ ဆွေးနွေးဖို့က ကျနော်တို့ အကုန်လုံး သေချာ ဆွေးနွေးလို့ ရပြီးမှ ဆွေးနွေး ရမှာလေ။

နောက်တခုက ကျနော်တို့တွေမှာ ဘာသာစကား ခက်ခဲတယ်။ ခက်ခဲတော့ အောက်ခြေမှာ စုံအောင် လုပ်ဖို့ လိုတယ်။ ပြောချင်တာ ကတော့၂ရက် ၃ရက်ပဲ ကြိုပြောတော့ ကျနော်တို့မှာ တိုင်ပင်ချိန် မရဘူး။

မေး။    ။ အခု လက်ရှိ တိုင်းရင်းသားတွေ ရေးထားတဲ့ အပစ်အခတ် ရပ်စဲရေး မူကြမ်းက ရပြီးပြီလား၊ အဲဒီ အပေါ် ဖတ်ကြည့်ပြီး ဘယ်လို သုံးသပ်ထား ပါသလဲ။

ဖြေ။     ။ ကျနော်တို့ အဲဒီ မူကြမ်းကို ဆွေးနွေး နေချိန်မှာ မရဘူး။ လိုက်ရှာပြီး လိုက်တောင်းတော့မှ လဝက် နီးပါးမှ ကျနော်တို့ဆီ ရတယ်။ ဖတ်ရတာနဲ့ ဘာသာပြန် ရတာတွေကြောင့် အချိန် ယူရတယ်။ ဆွေးနွေး ကြည့်နေတုန်းပဲ။

မေး။    ။ ဒါဆို UWSA အနေနဲ့ သတ်မှတ်ထားတဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် တပ်မတော် ကိစ္စကရော ဘယ်လိုပါလဲ။

ဖြေ။     ။ ဒီကိစ္စကတော့ ဆွေးနွေး ရမှာပေါ့။ ကျနော်တို့ တိုင်းရင်းသားတွေ လိုချင်တဲ့ အရာကို ဘယ်လို ဆိုတာကို ကျနော်တို့တွေ ဆွေးနွေး ကြရမယ်။ ညှိရမယ်။ ဒီအပေါ်မှာပဲ ပြောနိုင်မှာပေါ့။ ဘာမှ ဆွေးနွေးတာ မရှိသေးဘဲ ပြောလည်း အလကားပဲလေ။

မေး။    ။ “ဝ” ပြည်နယ် တောင်းဆိုတဲ့ ကိစ္စကရော…။

ဖြေ။     ။ တောင်းတယ် ဆိုတာက သမိုင်းထဲက ကိုယ့်ပြည်နယ် ကိုယ်အုပ်ချုပ်ခဲ့တာ ဖြစ်တယ်။ အင်္ဂလိပ်ခေတ်က စာတွေ မှတ် တမ်း တွေမှာ သေချာ ကြည့်ရင် သိနိုင်တယ်။ ၁၉၄၇ ကျမှ ပင်လုံ ညီလာခံတို့၊ မေမြို့ အစည်းအဝေးတွေ ပြီးတော့မှ “ဝ” ဒေသ စီးပွားရေး နိမ့်ကျ နေချိန်မှာ “ဝ”ဒေသကို ရှမ်းနဲ့ပေါင်းပြီး ရှမ်းဒေသလို့ ဖွဲ့လိုက်တယ်။ ဒါကြာင့် အခု ပြန်တောင်းဆိုနေတာက ခွဲထွက် ဖို့ လုပ်နေတာ မဟုတ်ဘူး။ ကျနော်တို့က မြန်မာပြည်က ခွဲထွက်မယ် ဆိုတာလည်း မဟုတ်ဘူး။ ကျနော်တို့ မူလရှိရင်း “ဝ” ပြည်နယ်ကို ရှမ်းကနေ ထွက်ပြီး သီးသန့် ဖြစ်အောင် တောင်းဆိုတာပါ။ ကိုယ့်ဟာကို ပြန်တောင်းတာပါ။ ဒီကိစ္စ အတွက် လွန် တယ်။ ကျူးတယ် ဆိုတာ မရှိပါဘူး။

မေး။    ။ “ဝ” ပြည်နယ် တောင်းတယ်။ နောက်တချက်က “ဝ” ဒေသက လူတိုင်း ဝင်လို့ ထွက်လို့ မရဘူး။ သီးခြားရပ်တည် နေတာ  တွေလည်း ရှိနေတော့ ဘယ်လိုမျိုးကြောင့် သီးခြား နေ နေတာလဲ။ ဒါက ခွဲထွက်မှာလားဆိုပြီး ပြောကြတဲ့ အပေါ်လည်း သိချင်ပါတယ်။

ဖြေ။     ။ ဒါက သမိုင်းက ဖြစ်လာတာပါ။ အခု“ဝ” ဒေသက ခေါင်းဆောင်တွေ လုပ်လို့ ဒီလို သီးခြားနေ နေတာ မဟုတ်ဘူး။ နိုင်ငံ တော်မှာ အဆက်ဆက် တက်လာတဲ့ သူတိုင်းက “ဝ” ဒေသက နယ်စွန်နယ်ဖျား ဖြစ်တယ်။ တောင်ပေါ်တွေမှာ ဆိုတော့ ဒီဒေသကို လျစ်လျူရှု ထားခဲ့ကြတယ်။ ကူညီ မပေးနိုင်ခဲ့ကြဘူး။ ကိုယ့်ဟာကိုယ် ရပ်တည်၊ ကိုယ့်ဟာကိုယ် လုပ်စားပြီးတော့ လုံးပန်းခဲ့ ရ တယ်။ လမ်းပန်း ဆက်သွယ်မှု ခက်တယ်။ အစိုးရနဲ့ ငြိမ်းချမ်းရေး ယူပြီးတော့မှ ကိုယ့်ဟာကိုယ် ကိုယ့်အား ကိုယ်ကိုးပြီးတော့ ကား လမ်း တွေ ဖောက်တယ်။ ကိုယ့်ဟာကိုယ် လုပ်တယ်။ ၅ နှစ် စီမံကိန်းနဲ့ လုပ်ဆောင်ခဲ့တယ်။ ဒီဟာတွေက ဘာကြောင့် ဖြစ်တယ် ဆိုတာ ကျနော်တို့ကြောင့် မဟုတ်ဘူး။ သီးသန့် ဖြစ်နေတာက စဉ်းစားလိုက်ရင် ဘာကြောင့် ဆိုတာ အဖြေက ရှိနေတယ်။ ဝင်ရ ထွက်ရ ခက်တယ် ဆိုတာ ကတော့ အမှန်ပဲ။ ကျနော်တို့လည်း အခြား အဖွဲ့အစည်းတွေ လာပြီး လေ့လာဖို့ ကြိုဆိုပါတယ်။

မေး။    ။ “ဝ” ပြည်နယ် တောင်းထားတဲ့ အပေါ်မှာ အစိုးရဘက်က ဘယ်လို သဘော ရှိပါသလဲ။

ဖြေ။     ။ ဒီဟာနဲ့ ပတ်သက်ပြီး ဆွေးနွေးတာ မရှိသေးသလို၊ ဆုံးဖြတ် ရသေးတာလည်း မရှိသေးဘူး။

မေး။    ။ “ဝ” ပြည်နယ် ရဖို့ အတွက် တိုက်ယူမယ် ဆိုတဲ့ အသံတွေ ထွက်ပေါ် နေတာတွေ ရှိတယ်။ အဲဒါကရော…။

ဖြေ။     ။ “ဝ” ပြည်နယ် တောင်းဖို့က ဟိုး သမိုင်းထဲက ရှိပြီးသားပါ။ “ဝ” ပြည်နယ်တောင်းဖို့ ဘာမှ လက်နက် အားကိုးစရာ မလို ဘူး။ ဘယ်သူကမှလည်း ပေးကမ်းထားတာ မဟုတ်ဘူး။ ကိုယ့်ပစ္စည်းကိုယ် ပြန်တောင်းတာပါ။ ခွဲထွက်ဖို့လည်း မဟုတ်ဘူး။ ကိုယ့်ပြည်နယ် ဖွံ့ဖြိုးဖို့ လုပ်နေတယ်။ ဒါပဲ။ တိုးတက်အောင် လုပ်တယ်။

မေး။    ။ “ဝ” ဒေသမှာ ဘိန်း စိုက်ပျိုးမှုတွေ များနေဆဲလို့ ပြောတာတွေ အပေါ် ဘာများ ပြောချင်လဲ။

ဖြေ။     ။ မှန်တယ်။ တချိန်က အင်္ဂလိပ်တွေက ဒါတွေ ယူလာတယ်။ စိုက်တယ်။ ဒီဒေသမှာက ဆန်စပါးစိုက်ဖို့ မြေမရှိဘူး။ ခက်ခဲတယ်။ နှစ်ပေါင်း ရာချီ လုပ်ခဲ့ ကြတယ်။ ငြိမ်းချမ်းရေး ရလာတော့ ကျနော်တို့တွေ မြင်တယ်။ ဘိန်းမှ မတားရင် ကိုယ့်ဒေသ က လူတွေ ဘိန်းစားဖြစ်ပြီး လူညွှန့် တုန်းတော့မယ်။ ဒီတော့ ပြတ်အောင် ဖျက်မယ် ဆိုပြီး ၁၅ နှစ် စီမံကိန်းနဲ့ လုပ်တာ ၂၀၀၅ ခုနှစ် မှာ ကမ္ဘာကိုကြေညာ အပြီး ဖျက်တယ်။ ဒီဟာဖျက်အပြီး တရုတ်၊ အမေရိကန်၊ ကုလ(UN) လာစစ်ဆေးတာပါ။ စစ်ဆေးပြီး စိုက်ပျိုးတာ မရှိဘူး။ အခု ဘာနဲ့ အစားထိုးလဲ ရာဘာကို အစားထိုးတယ်။ အခုဆို ဧက ၃ သိန်းခွဲ ရှိနေပြီ။ နောက်တခုက လက်ဖက် လုပ် တယ်။ ဘိန်းစိုက်တဲ့ လူတွေကို ကျန်းမာရေး၊ ပညာရေး ထောက်ပံ့တယ်။ ဒီလိုတွေ လုပ်ထားတယ်။ အခုဆို ရာဘာ လာမယ့်နှစ် မထွက်ရသေးဘူး။ စာချုပ် လာချုပ် နေကြပြီ။ တရုတ်တို့ ထိုင်ဝမ်တို့ လာချူပ် ကြတယ်။ လက်ဖက်ခြောက်ကို ရန်ကုန်မှာလည်း လာပြီး တင်တယ်။ ဈေးကြီးတော့ မသောက်ကြဘူး။ နောက် တခုက သတ္ထု ထုတ်တယ်။ လာမကြည့်ဘဲ အလကား လျှောက်အော် တယ်။ ဘာမှ သေချာ မလေ့လာရင် မရေးသင့် မလုပ်သင့်ပါဘူး။ ဘယ်သူလာချင်လဲ လာလို့ရတယ်။

မေး။    ။ ဒီလိုဆိုတော့ UWSA အနေနဲ့က တိုင်းရင်းသားတွေ အတူတကွ ယှဉ်တွဲ နေထိုင်ရေး အပေါ် ဘယ်လို သဘောထားလဲ သိပါရစေ။

ဖြေ။     ။ ဒီကိစ္စက ဘယ်သူပဲ ဖြစ်ဖြစ်၊ ဘာပဲ လုပ်လုပ် ကျနော်တို့က တိုင်းရင်းသား ဆိုတော့ တိုင်းရင်းသား အမြင် ရှိတယ်။ တိုင်းရင်းသားတွေ လုပ်ကြတယ်။ ကျနော်တို့လည်း တိုင်းရင်းသားလေ။ အတူတကွ နေရေးကို လိုချင်တယ်။ ဘယ်လို လိုချင်တာ လဲ ရှိတယ်။ တိုင်းရင်းသားတွေနဲ့ ညှိရမှာ ရှိတယ်။ ဒါကို မညှိရသေးဘဲ မပြောတတ်သေးဘူး။ အခုက ကျနော်တို့ဆီကို ရောက်တာ အကြမ်းတွေပဲ ရောက်တာ။ ကျနော်တို့က အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားပြီးပြီ။ ၂၅ နှစ် ရှိပြီလေ။ ဘယ်လို ပါဝင်ရမလဲဆိုတာ အခု ညှိ နေတယ် ပြောဖို့ လိုသေးတယ်။ ကျနော်တို့က စုပေါင်း အုပ်ချုပ်တာ။ တိုင်ပင်တာ၊ တယောက်တည်း လုပ်တာ မဟုတ်ဘူး။ ဒီလောက်ပဲ ပြောချင်တယ်။     ။

Loading