ယခင်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားရာတွင် တပ်မတော်အနေဖြင့် နိုင်ငံရေးအရ တပန်းရှုံးသည်။ ပြည်တွင်းစစ်ရပ်စဲရေး၊ အမျိုးသားရင်ကြားစေ့ရေး တောင်းဆိုချက်ဖိအားများကို ရင်ဆိုင်ရသောကြောင့် ဖြစ်သည်။ ယခု ကိုးကန့်စစ်ပွဲတွင်မူ ပြည်တွင်းထောက်ခံမှုကိုသာမက နိုင်ငံတကာ ထောက်ခံမှုကိုပါ ရနိုင်သည့်အချက်မှာ မူးယစ်ဆေးဝါး နှိမ်နင်းရေး ခေါင်းစဉ်ဖြစ်သည်။ သို့သော် စစ်အစိုးရအဆက်ဆက် ကျင့်သုံးခဲ့သော မူးယစ်ဆေးဝါးနှိမ်နင်းမှုဟူသည် မအောင်မြင်သော လေလုံးထွားမှုမျှသက်သက် ဖြစ်သည်။
ယခုတိုက်ပွဲ ဖြစ်ပွားနေသည့် ကိုးကန့်တပ်ဖွဲ့များနှင့် အစိုးရကြား ယခင်က ဆက်ဆံရေးတွင် မူးယစ်ဆေးဝါးကိစ္စသည် နိုင်ငံရေးအပေးအယူ သို့မဟုတ် ဝှက်ဖဲတချပ်အဖြစ် ရှိနေခဲ့သည်။ မူးယစ်ဆေးဝါး ကုန်သွယ်ရေးကို အကြီးအကျယ် လုပ်ကိုင်ခဲ့သော တရုတ်နယ်စပ်ရှိ စစ်ဘုရင်များအား တချိန်က သူကောင်းပြုပေးခဲ့သည်။ ဖုန်ကြားရှင်၏ ကိုးကန့်တပ်ဖွဲ့များနှင့် ဆက်ဆံရေး အဆင်ပြေချိန်တွင် မူးယစ်ဆေးဝါးကိစ္စကို စစ်အစိုးရက လျစ်လျူရှုခဲ့သော်လည်း နယ်ခြားစောင့်တပ်ဖွဲ့ရေးနှင့် ပတ်သက်၍ ဆက်ဆံရေး မကောင်းတော့ချိန်တွင် ယင်းမူးယစ်ဆေးကိုပင် အကြောင်းပြခဲ့သည်။
အစိုးရအဆက်ဆက် တိုင်းရင်းသား ဒေသများအတွင်း မူးယစ်ဆေးနှိမ်နင်းမှုများမှာ အရာမထင် ထိရောက်မှု မရှိပါ။ မူးယစ်ဆေးဝါး တိုးချဲ့ စိုက်ပျိုးထုတ်လုပ်ခြင်း၊ မူးယစ်ဆေးကြောင့် တိုင်းရင်းသား ဒေသများတွင် လူမှုဘဝများ ထိခိုက်နေခြင်းတို့ကို ထိန်းချုပ်တိုက်ဖျက်နိုင်ခြင်း မရှိပါ။ အစိုးရအနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဒေသခံများကို လုံလောက်သော အသိပညာပေးမှု မရှိခြင်း၊ အစားထိုးစိုက်ပျိုးသီးနှံများ ထောက်ပံ့မပေးနိုင်ခြင်းနှင့် တိုင်းရင်းသားများ၏ ဘဝရပ်တည်ရေးအတွက် အခွင့်အလမ်း မဖန်တီးပေးနိုင်ခြင်း၊ မူးယစ်ဆေးဖြတ်သူများအတွက် ပြန်လည်ထူထောင်ရေးများ မလုပ်ပေးနိုင်ခြင်းတို့အပြင် မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးခြင်းကလည်း ကြီးထွားနေဆဲဖြစ်သည်။
ဘိန်းခင်းဖျက်ဆီးမှုများကို အစိုးရမီဒီယာများရော ပုဂ္ဂလိကမီဒီယာများကပါ သတင်းဖော်ပြနေသော်လည်း ဖျက်ဆီးနိုင်မှုနှုန်းသည် တကယ်ရှိနေသည့် ဘိန်းခင်းများ၏ ရာခိုင်နှုန်းအနည်းငယ်သာဖြစ်သည်။ ယခင်အစိုးရလက်ထက်က ဘိန်းမစိုက်သည့် ချင်းပြည်နယ်တွင်ပါ စိုက်လာနေသည်။
လွှတ်တော်ကိုယ်စားလှယ် တချို့၊ ပြည်သူ့စစ်နှင့် အစိုးရဝန်ထမ်းတချို့ မူးယစ်ဆေးကိစ္စများတွင် ပါဝင်ပတ်သက်နေခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သဖြင့် ထိန်းချုပ်နိုင်သော အာဏာသက်ရောက်မှု မရှိခြင်း၊ ထိရောက်သော နှိမ်နင်းမှုများ မရှိသဖြင့် နိုင်ငံတကာ အကူအညီများ ခရီးမတွင်ခြင်းတို့ကြောင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးမှာ အဆိုးကျော့သံသရာ ဖြစ်နေသည်။
အာဆီယံကို ၂၀၁၅ တွင် မူးယစ်ဆေး ကင်းမဲ့ဇုန် ဖြစ်လာစေရန် မျှော်လင့်ထားသော်လည်း မြန်မာနိုင်ငံအပေါ်တွင် အဓိက တည်မှီနေသည်ဟု ၂၀၁၂ ခုနှစ်ကတည်းက ထိုင်းက သတိပေးခဲ့ဖူးသော်လည်း ယခု လက်ရှိ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးထွက်ရှိမှုက အာဆီယံ၏ မျှော်လင့်ချက်ကို ဖြည့်စွမ်းနိုင်မည် မဟုတ်ချေ။
ယခင် မဆလ အစိုးရလက်ထက်က နိုင်ငံခြားအကူအညီများဖြင့် ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့သေးသော်လည်း စစ်အစိုးရလက်ထက် တလျှောက်နှင့် ယခု သမ္မတ ဦးသိန်းစိန် လက်ထက်အထိ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုနှင့် မူးယစ်ဆေးဝါး ထွက်ရှိမှုများ မြင့်တက်လာနေခြင်းကို ပြန်လည်သုံးသပ်သင့်သည်။
တိုင်းရင်းသား ဒေသများတွင် ငြိမ်းချမ်းရေး မရရှိခြင်းအပြင် လူမှုဘဝများ ချွတ်ခြုံကျစေသည့် ပြဿနာများအဖြစ် မူးယစ်ဆေးဝါးဒဏ် ခံနေရခြင်းနှင့် မြန်မာနိုင်ငံသည် မူးယစ်ဆေး ထွက်ရှိရာ နိုင်ငံတခုအဖြစ် ကမ္ဘာတွင် ဆက်လက် စာရင်းဝင်နေခြင်းတို့သည် မြန်မာအစိုးရအနေဖြင့် မူးယစ်ဆေးဝါး နှိမ်နင်းရေး ထိရောက်မှုအတွက် မဟာဗျူဟာအသစ်ရေးဆွဲရန် အချိန်တန်ပြီဖြစ်ကြောင်း မီးမောင်းထိုးပြနေပေသည်။