ဈေးဝယ်စင်တာ ဝန်ထမ်းအမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုကြောင့် အရေးယူတော့မည် ဖြစ်ကြောင်း ဒဂုံမြို့နယ် ရဲစခန်း တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဝန်ထမ်း အမျိုးသမီးတို့သည် ရန်ကုန် ပြည်လမ်းမပေါ်မှ တော်ဝင်စင်တာ အောက်ထပ်ရှိ Orange စူပါမားကတ်နှင့် ၎င်းမျက်နှာချင်းဆိုင်ရှိ စိန်ဂေဟာ ဈေးဝယ်စင်တာ ဆေးအရောင်း ကောင်တာတို့မှ ဖြစ်ပြီး စိတ်ကြွဆေးဝါးများကို ၎င်းတို့က တာဝန်ယူ ရောင်းချခြင်း ဖြစ်သည်ဟုဆိုကာ ဒဂုံမြို့နယ် ရဲစခန်းက အမျိုးသား ဆေးဝါးဥပဒေပုဒ်မ ၁၈ အရ ဖမ်းဆီး အချုပ်ချထား၍ ရက်ပိုင်းအတွင်း အရေး ယူတော့မည် ဖြစ်ကြောင်း သိရသည်။
“သူတို့ကို စစ်ဆေးပြီးပြီ။ ဆေးတွေကို တာဝန်ယူပြီး ရောင်းချတာပါလို့ ထွက်ဆိုထားတယ်။ အခုတော့ အရေးယူဖို့အတွက် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကို စောင့်နေတယ်” ဟု ဒဂုံမြို့နယ် ရဲစခန်း မှတာဝန်ရှိသူ က ဧရာဝတီ၏ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းချက်ကို ပြန်လည် ဖြေကြားသည်။
ဒဂုံမြို့နယ် ရဲစခန်းမှ ဝန်ထမ်းအမျိုးသမီး နှစ်ဦးကို စစ်ဆေးရာတွင် လိင်စိတ်ကြွ ဆေးဝါးများကို ၎င်းတို့အနေဖြင့် တာဝန်ယူ ရောင်းချခဲ့သည်ဟု ဆိုကြောင်း၊ အာမခံပေး၍ မရသည့် အမှုဖြစ်သဖြင့် လက်ရှိတွင် စခန်းတွင်း အချုပ်ချထားကြောင်း၊ ဝန်ထမ်းများ၏ အလုပ်ရှင်ကလည်း ဆေးဝါးရောင်းချသည့် အပေါ် ဖြေရှင်းခြင်း မရှိသော်လည်း တချို့ကိစ္စများကို တာဝန် ယူမှုရှိကြောင်း၊ အရေးယူရန် သက်ဆိုင်ရာသို့ စာတင်ထားပြီးဖြစ်၍ ခွင့်ပြုချက် ပြန်ရသည်နှင့် အရေးယူတော့မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
သို့ရာတွင် အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ အသေးစိတ် မေးမြန်းစုံစမ်းလိုပါက ဒဂုံမြို့နယ်ရဲစခန်းသို့ လာရောက်ရန် တာဝန်ရှိသူက ချိန်းဆိုခဲ့သောကြောင့် ဧရာဝတီက သွားရောက်ခဲ့ရာ ထိုကိစ္စနှင့် ပတ်သက်၍ ဧရာဝတီကို ချိန်းဆိုခဲ့ခြင်း မရှိကြောင်း၊ ဖြေကြားခြင်း မပြုနိုင်ကြောင်း၊ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ မသိရကြောင်း ပြောခဲ့သည်။
ယခင်က လိင်စိတ်ကြွဆေး ရောင်းချခြင်းကို စီမံချက်ဖြင့် ဖမ်းဆီးခဲ့ရာတွင် လမ်းဘေးဆေးဆိုင်များနှင့် ဆေးဝါးများကို ဗန်း များဖြင့် ခင်းကျင်း ရောင်းချသူများကိုသာ အဓိက ဖမ်းဆီးခဲ့သော်လည်း လက်ရှိစီမံချက်တွင် ဈေးဝယ်စင်တာများရှိ ဆေးဆိုင် များတွင်ပါ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်လမ်းပေါ်ရှိ စိန်ဂေဟာ စူပါစင်တာသို့ မေးမြန်းရာ ၎င်းတို့အနေဖြင့် စိတ်ကြွဆေး ရောင်းချမှုကြောင့် အဖမ်းခံရသည့် ဝန်ထမ်း အမျိုးသမီးကိစ္စကို သေချာမသိရှိကြောင်းသာ ဖြေကြားသည်။
“အဖမ်းခံရတဲ့ ဝန်ထမ်း မိန်းကလေးက သူလိုကိုယ်လို လခစား ဝန်ထမ်းပါပဲ။ ခိုင်းလို့လုပ်ရတာပဲ။ သူက ဝယ်ပြီး ရောင်းချလို့မှ မရတာ။ အခုတော့ ဘယ်လို ဖြေရှင်းမလဲ ကျနော်တို့ မသိဘူး” ဟု စိန်ဂေဟာ စင်တာမှ အရောင်း ဝန်ထမ်းတဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ဒုတိယအပတ်မှ စတင်ကာ ရန်ကုန်မြို့အပါအဝင် နယ်မြို့တချို့တွင်ပါ မှတ်ပုံတင်ထားခြင်း မရှိသည့်် လိင်စိတ်ကြွဆေးဝါးများ ရောင်းချမှုကို စီမံချက်ဖြင့် လိုက်လံ ဖမ်းဆီးလျှက်ရှိသည်ဟု အဆိုပါ ဆေးဝါး မှောင်ခိုဈေးကွက်မှ သိရသည်။
“ဆေးတွေကို ဒိုင်မှာကို သွားမယူတော့တာ အဖမ်းအဆီး အရမ်းများနေသေးလို့ အခြေအနေ စောင့်ကြည့်နေတယ်။ ဈေးကွက်ထဲမှာ လောလောဆယ် လုံးဝမရှိသလောက်ပဲ” ဟု ပန်းဆိုးတန်းမြို့နယ်အတွင်း စိတ်ကြွဆေး မှောင်ခိုရောင်းချသူ တဦးက ပြောသည်။
ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။