ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အထူးစီမံချက်အရ လူဦးရေထူထပ်ပြီး မှုခင်းဖြစ်ပွားမှု များပြားသော မြောက်ပိုင်းခရိုင်အတွင်းရှိ လှိုင် သာယာ၊ ရွှေပြည်သာနှင့် အင်းစိန် စသည့် မြို့နယ်များအတွင်း လှည့်လည်ကျက်စားနေပြီး ပြည်သူလူထုကို အနိုင်ကျင့်ခြိမ်းခြောက် မှုများ ပြုလုပ်နေသည့် လူဆိုးလူမိုက်များကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီး စစ်ဆေးနေခြင်း ဖြစ်သည်ဟု ပြောသည်။
“သတင်းရရင် ရသလို ဖမ်းတယ်။ ဖမ်းမယ်။ အုပ်ချုပ်ရေးအဖွဲ့တွေ သတင်းပေးသူတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်နေတာလည်း ရှိတယ်။ မနေ့က ဖမ်းလိုက်တဲ့ ခေါလေး (ခ) ခင်မောင်သန်းဆိုရင် ရပ်ကွက်ထဲမှာ လူဆိုးလူမိုက် နာမည်ခံပြီး ဓားကိုင်တယ်။ သောင်း ကျန်းတယ်။ မူးယစ်ဆေးဝါးလည်း မိတယ်။ ကျူးကျော်တဲတွေ ဖျက်တဲ့အခါမှာလည်း အငှားလိုက်တယ်။ အထူးစီမံချက်နဲ့ ဖမ်းတယ် ဆိုပေမယ့် လူဆိုးလူမိုက်တွေကိုတော့ အမြဲဖမ်းနေတာပဲ”ဟုလည်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး မြင့်လွင်က ဧရာဝတီကို ပြောပြသည်။
ဇန်နဝါရီ ၃၁ ရက်က ရွှေပြည်သာမြို့နယ်အတွင်း လူဆိုးလူမိုက်အမည်ခံ ခေါလေး (ခ) ခင်မောင်သန်းနှင့် အဖွဲ့ကို ဓားကိုင်ဆောင်ခြင်း နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းစသည့် ပြစ်မှုများဖြင့် ဖမ်းဆီးရာတွင် ထွက်ပြေးသဖြင့် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီး ခဲ့ရသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြောသည်။
အလားတူ ဇန်နဝါရီ ၂၄ ရက်က ရွှေပြည်သာမြို့နယ်တွင် လှည့်လည်ကျက်စားနေသည့် ရဲဘက်ပြေးတရားခံပြေး ကျော်ဝင်းစိန်နှင့် ၎င်း၏တပည့်ဖြစ်သူ နိုင်မင်းသူတို့အား ဖမ်းဆီးရာတွင် ပြန်လည်ခုခံခြင်း၊ ထွက်ပြေးခြင်း ပြုလုပ်သဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး ခဲ့ရပြီး ထိုတရားခံ ၂ ဦးအား လက်နက်ကိုင်ဆောင်မှု၊ လုယက်မှု၊ ပြည်သူ့ဝန်ထမ်းအား နာကျင်စေမှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပုဒ်မ ၁၅/၁၉ (က) စသည့် ပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားကာ ထပ်မံစစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။
ဇန်နဝါရီ ၁၇ ရက်က လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည့် “ဘုရားဒကာ အမည်ခံ လောင်းကစားနှင့် ဘိန်းရာဇာ” ခေါင်းစဉ်ဖြင့် လှိုင်သာယာမြို့နယ်တွင် လူမိုက်ဝင်းနိုင်နှင့် လူမိုက် ခင်စိန်တို့ ဦးဆောင်ပြီး မူးယစ်ဆေးဝါး ရောင်းချခြင်း၊ လောင်းကစား ဝိုင်းများ ပြုလုပ်နေခြင်း စသည့် အကြောင်းအရာများ မှတ်တမ်းဓာတ်ပုံများနှင့် ပျံ့နှံ့ထွက်ပေါ်လာပြီးနောက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က စီမံချက်ချ ဖမ်းဆီးမှု စတင်လုပ်ဆောင်ခြင်း ဖြစ်သည်။
လတ်တလောတွင် ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ် အတွင်းရှိ လူဆိုးလူမိုက်များဖြစ်သည့် ဝင်းနိုင်၊ ခင်စိန်၊ ကျော်ဝင်းစိန်၊ နိုင်မင်း သူ (ခ) အေးမူ၊ ခေါလေး(ခ) ခင်မောင်သန်း၊ သာဂိ (ခ) ဆုအောင်နှင့် နားပိတ်(ခ) ဖိုးဇော် စုစုပေါင်း ၇ ဦးကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီးဝင်းဗိုလ်က လူဆိုးလူမိုက်များနှင့်ပတ်သက်၍ သတင်းများထွက်ပေါ်နေသဖြင့် ထိန်းကျောင်း ရန် လိုအပ်လာခြင်းကြောင့် လူဆိုးလူမိုက်များကို အထူးစီမံချက်ချမှတ်၍ ရဲတပ်ဖွဲ့က စုံစမ်းဖမ်းဆီးနေခြင်း ဖြစ်ကြောင်း ပြောသည်။