တရုတ်နိုင်ငံမှာ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးခဲ့တဲ့ မင်းသမီး ချိုဝမ်
This article has been converted from Zawgyi One to Unicode
မန်မာပရိသတ်များက “ချိုဝမ်”လို့ သိထားကြတဲ့ ကိုရီးယားထိပ်တန်း သရုပ်ဆောင် မင်းသမီး “လီဒါဟေး (Lee Da-hae)” ဟာ တရုတ်နိုင်ငံမှာ မကြာသေးမီက ရုပ်သံဇာတ်လမ်းတွဲ တခု ရိုက်ကူးခဲ့ပါတယ်။
လီဒါဟေးဟာ ကိုရီးယားနာမည်ကြီး ရုပ်သံဇာတ်လမ်းဖြစ်တဲ့ “နန်းတွင်းရတနာ (Jewel in the Palace)” ရုပ်သံဇာတ်လမ်းကို ပြန်လည်ဆန်းသစ် ရိုက်ကူးတဲ့ “Actually Love” ရုပ်သံဇာတ်လမ်းတွဲမှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ပြီး တရုတ်နိုင်ငံမှာ အချိန်ကာလ အတော်ကြာ အခြေချ နေထိုင်ရိုက်ကူးခဲ့ပါတယ်။
“Actually Love” ရုပ်သံဇာတ်လမ်းတွဲမှာ လီဒါဟေးဟာ ထိုင်ဝမ်သရုပ်ဆောင် “ဂျိုးချောင်း (Joe Cheng)” နဲ့အတူ တွဲသရုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံမှာ နေထိုင် ရိုက်ကူးခဲ့တဲ့ လီဒါဟေးဟာ အခုဆို အမိမြေ ကိုရီးယားနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက် ကိုရီးယားနိုင်ငံ အခြေစိုက် မဂ္ဂဇင်းတစောင်ဖြစ်တဲ့ “Star1 မဂ္ဂဇင်း” ရဲ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလထုတ် စာစောင်မှာ လီဒါဟေးက သူမရဲ့ လက်တလော အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အင်တာဗျူးတခု ပြုလုပ်ခဲ့ပါတယ်။
အင်တာဗျူးမှာ လီဒါဟေးက တရုတ်နိုင်ငံမှာ ရိုက်ကူးခဲ့တဲ့ “Actually Love” ရုပ်သံဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး သူမအတွက် အခက်အခဲတခုက ဘာသာစကား အခက်အခဲဖြစ်ပြီး ရုပ်သံဇာတ်လမ်းရိုက်ကူးစဉ် ကာလတလျှောက်လုံးမှာ တရုတ် ဘာသာစကားကို ပြောဆိုရသလို အခြားသူများနဲ့ ဆက်သွယ်ပြောဆိုရာမှာလည်း တရုတ်ဘာသာစကား ဖြစ်တာကြောင့် သူမအတွက် များစွာ ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။
အသက် (၃၂) နှစ်ရှိပြီ ဖြစ်ပေမယ့် လှပနုပျိုနေဆဲ မင်းသမီး လီဒါဟေးဟာ သရုပ်ဆောင်ဘဝကို မရောက်ခင်မှာ အလှမယ် Miss တဦး အဖြစ် ကျင်လည်ခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ ကိုရီးယား MBC ရုပ်သံဇာတ်လမ်းတွဲ “A Fine Young Man” ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် ခဲ့ပြီး သရုပ်ဆောင်လောကထဲကို စတင် ဝင်ရောက်လာခဲ့ပါတယ်။ ။
Ref : Kpopstarz.com