မနှစ်ပိုင်း မိုးတွင်းကာလ အောက်တိုဘာကို အမှတ်တရရှိနေသည်။ ကျနော့်ဆီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကွန်ရက် ရပ်/ကျေး အဖွဲ့ဝင်တဦး နံနက်စောစော အမောတကော ရောက်လာသည်။ ထိုအချိန်က မန္တလေး ပတ်ဝန်းကျင်မှာ မိုးသည်းသည်း ရွာခဲ့သည်။ ရှေးယခင်ကတည်းက လယ်ကွင်းများနှင့် ပတ်ရံထားသော မန္တလေးကား မိုးသည်းသည်း ရွာလိုက်သောအခါ မိုးရေတက်ရေတဖွေးဖွေး ကွင်းကျယ်အဝေးဝေးဖြစ်၍ သွားတော့သည်။
လယ်ကွင်းတွေက တမျှော်တခေါ် စိုစိုပြည်ပြည် ဝေဝေလွင်လွင် ရှိရမည့်အစား လယ်တွေရေမြုပ်ကုန်ပြီး စိုက်ပျိုးထားသည့် စပါးပင်များ ခေါင်းမဖော်နိုင်တော့။ စပါးပင်သည် ရေကြိုက်သော်လည်း ရှင်သန်စ စပါးပင်သည် ရေကြာကြာ မြုပ်သည့်ဒဏ်ကို မခံနိုင်ချေ။ ကျနော် နေထိုင်သည့် နန်းဦးလွင်လည်း ရေနစ်လေတော့သည်။ ကျနော့်ခြံထဲက သုတေသနလုပ်ဆောင်ဖို့ စိုက်ပျိုးထားသည့် ဆေးပင်များ၊ အထူးသဖြင့် မြိတ် NLD အဖွဲ့က လေကြောင်းနှင့် ပေးပို့လိုက်သော ကန့်ဇော်ပင် နှစ်ပင်လည်း ရေးဘေးဒုက္ခ ကြုံတွေ့ခဲ့ရဖူးသည်။
နန်းဦးလွင ်တောင်ဘက်တွင် လျှပ်စစ်ဓာတ်အားပေး စက်ရုံရှိသည်။ ယခင်က စိုက်ပျိုးရေး ရှေ့တန်းစခန်းရုံး ရှိသည်။ ပြင်ဦးလွင်သွား ကားလမ်းအနောက်ဘက်တွင် တည်ဆောက်ဆဲ ဟိုတယ်အကြီးစား တလုံးလည်းရှိသည်။ လမ်းအရှေ့ဘက်တွင် သူ့ကိုယ်သူ စိနဖွားဟု ဆိုသူတဦးပိုင်သည့် မြေ ၄-၅ ဧက ရှိသည်။ ထိုသူက သူ့မြေကို ရေမဝင်အောင် မြေဖို့၊ လယ်/ဆည် ဝန်ကြီးဌာနပိုင် ရေးမြောင်းအတွင်း ကျောက်တုံးများချ၊ ဝါးကပ်များကာပြီး ရေမစီးအောင် လုပ်ထားသဖြင့် ရေများက စပါးပင်စိုက်ထားရာ နိမ့်သည့် လယ်ကွင်းများဆီ ရေလမ်းလွဲပြီး စီးဆင်းလာကြတော့သည်။ မြကန်သာ အနီးဝန်းကျင်ရှိ လယ်သမား ၅၀ ကျော်၏ လယ်မြေဧက ၉၀ ကျော် ရေမြုပ်ခဲ့သည်။
စိနဖွား၏ လယ်မြေကို အသွင်ပြောင်းရန် အားထုတ်နေသည့် မြေ ၄-၅ ဧကကို မြေဖို့ခြင်းဖြင့် တခြားလယ်သမားများ၏ စပါးကွင်းများ ရေမြုပ်ကုန်သည်မှာ သူ့ကိစ္စမဟုတ်ယူ ယူဆပုံရသည်။ ဘယ်သူသေသေ ငတေမာလျှင် ပြီးရောစိတ်ဖြင့် သူ့မြေဧက ရေမဝင်အောင် လယ်/ဆည် ရေမြောင်းများကို ပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။
တခြား လယ်သမားများ၏ ဧက ၉၀ ကို ဂရုမစိုက်ဘဲ လုပ်ဝံ့အောင် အဆိုပါ စိနဖွားများ အဘယ်ကြောင့် အတင့်ရဲကြသနည်း။ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက မသိမမြင်သောကြောင့်လော။
ကျနော့်ဆီ လာရောက်အကူအညီတောင်းသူထံမှ အချက်အလက် ပြည့်စုံစွာ မေးမြန်းခဲ့ပြီး ဒေသဆိုင်ရာ လယ်/ဆည် ဝန်ကြီးဌာန တာဝန်ခံထံ အခြေအနေကိုပြောပြကာ အကူအညီပေးရန် ဆက်သွယ်ပြောကြားခဲ့သည်။ ကျေးလက်ဒေသခံ လယ်သမားများမှာ အားငယ်ကြောက်ရွံ့စွာ မည်သူ့ကို တင်ပြရမှန်းမသိ၊ စပါးစိုက်ရာသီမှာ ရေမြုပ်ပြီး ပျက်စီးဆုံးရှုံးခဲ့လျှင် တနှစ်တာ ဘဝ ဝမ်းစာ မည်သို့ ရှာဖွေကြမည်နည်း။
ချက်ချင်းဖြေရှင်းပေးခဲ့သည့် သက်ဆိုင်ရာ ဆည်မြောင်းဌာနမှ တာဝန်ခံ ပုဂ္ဂိုလ်ကို ကျေးဇူးတင်ရသည်။ ဒီလို ဝန်ထမ်းကောင်းများရှိ၍ တော်ပေသေးသည်။
မြန်မာနိုင်ငံ ဒေသအသီးသီးရှိ တောင်သူလယ်သမားများမှာ လယ်သိမ်းမြေသိမ်း ဒုက္ခနှင့် ရင်ဆိုင်နေရပြီး လယ်ယာမြေ ထွန်ယက်စိုက်ပျိုးပိုင်ခွင့် ရှိသူများအနေနှင့်လည်း ကျားလည်းကြောက်ရ၊ ကျားချေးလည်းကြောက်ရ ဖြစ်နေရချိန်တွင် ဤကဲ့သို့ အစိုးရဌာနတခုနှင့် ပူးပေါင်း ဖြေရှင်းပေးလိုက်နိုင်ခြင်းမှာ ပီတိဖြစ်စရာ၊ ကုသိုလ်ရစရာ ဖြစ်ပါသည်။
မြန်မာနိုင်ငံ အနှံ့အပြားတွင် လယ်မဲ့ယာမဲ့ ဖြစ်နေသူ တောင်သူလယ်သမားများ ရှိသကဲ့သို့ ရွှေတွဲလဲ ငွေတွဲလွဲ တောင်သူလယ်သမားများလည်း ရှိကြပါသည်။ ဤကား အခြေခံလူတန်းစား၌ပင် ယနေ့ကာလ လူတန်းစား မညီမျှမှု ပြယုဂ်ပင်ဖြစ်သည်။
တကယ်တော့ တော်လှန်ရေးကောင်စီ ၁၉၆၂ ခုနှစ် အာဏာမသိမ်းမီက လယ်ယာမြေတွေသည် ပုဂ္ဂလိက ပိုင်မြေရှင်ကြီးများ၏ လက်ထဲတွင် ရှိနေခဲ့ကြသည်။ ရှေးခေတ်က ငွေရှိလျှင် မြေထဲမြုပ်ထား ဆိုသည့်စကားရှိသည်။ မြေတွေဝယ်ယူပြီး စပါးသီနှံ၊ ယာထွက်သီးနှံ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ တွေ စိုက်ပျိုးရင်း မြေယာပိုင်ရှင်ကြီးတွေဖြစ်ပြီး ကျေးလက်ဒေသ သူဌေးဘွဲ့ ခံယူနိုင်ကြသည်။
ထိုခေတ် မြေပိုင်ရှင်ကြီးတွေက မြေမရှိသူ ကျေးလက်ဒေသရှိ လယ်မဲ့ယာမဲ့များကို သီးစားချ အလုပ်လုပ်စေခဲ့သည်။ ထိုခေတ်က မြေပိုင်ရှင်နှင့် လယ်စာရင်းငှား နှစ်ဦးနှစ်ဖက် ဆက်ဆံရင်းနှင့် မြေပိုင်ယာပိုင်ရှင်များက အစိုးရဆီ အခွန်ဘဏ္ဍာထမ်းဆောင်ကြရသည့် ခေတ်ကာလ ဖြစ်သည်။
ထို့နောက်ပိုင်း ကြားကလများတွင် လယ်လုပ်သူ လယ်ပိုင်စေဆိုသည့် စကားအရ လက်ရှိ လယ်သီးစား ချခံထားသူများသည် လယ်ပိုင်ရှင်ကြီးများထံမှ မြေများ မိမိတို့ ခံစားရရှိလိုက်၍ ပျော်ရွှင်ခြင်း များစွာဖြင့် တော်လှန်ရေး ကောင်စီအဖွဲ့အား ရှိခိုးဦးတင်ချင်စိတ် ပေါက်ခဲ့ကြသည်။ မြေပိုင်ရှင်ကြီးများ မြေယာလက်မဲ့ ဖြစ်သွားကြသည်။
ပြည်သူပိုင်သိမ်း၍ နိုင်ငံပိုင် ဖြစ်သွားကြပြီးနောက် နိုင်ငံတော်အစိုးရ အမည်ခံ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ် ၂၆ နှစ်တာ ကာလတွင် မြန်မာပြည်၏ တရားစီရင်ရေးသည်လည်း ပါတီယူနစ်အဖွဲ့ဝင် ပြည့်ဆရာအပေါင်းဖြင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍတွင် စီမံဆုံးဖြတ်လာခဲ့ကြသည်။
၈၈ နောက်ပိုင်း စစ်အစိုးရက မြန်မာ့ဆိုရှယ်လစ် အစိုးရလက်ထက်က နိုင်ငံပိုင်လုပ်ခဲ့သည့် မြေများကို ဆက်လက်၍ နိုင်ငံပိုင်အဖြစ် ထားရှိရင်း၊ ဝန်ကြီးဌာနများနှင့် နီးစပ်ရာ ခရိုနီကြီးများထံ ဝေခွဲလုပ်ဆောင်စေခဲ့သည့်အပြင် ကြက်ဆူ စီမံကိန်း၊ ကော်ဖီ၊ ပိုးစာ စီမံကိန်းစသည့် စက်မှုလယ်ယာ စီမံကိန်းတို့ကို လုပ်ဆောင်စေခဲ့သော်လည်း မယ်မယ်ရရ အကောင်အထည်ဖော် ဆောင်ရွက်အောင်မြင်ခဲ့ကြောင်း လက်ဆုပ်လက်ကိုင် မပြသနိုင်ခဲ့ချေ။
အစိုးရက စပါးထွက်လယ်မြေမှ စပါးများ ပေးဆောင်စေခြင်းဖြင့် အစိုးရပိုင် ဆန်စက်၊ ဆန်ဂိုဒေါင်များသို့ စပါးသွင်းရန် ယခင်စစ်အစိုးရ ကာလများတွင် စီမံချက်များ ချမှတ်ခဲ့ကြပေးသေးသည်။ ယခုကာလတွင် လယ်မြေတို့ကို စိနမျိုးနွယ်တို့ထံ ကြေးကောင်းကောင်းဖြင့် ရောင်းချလိုက်ကာ မန္တလေးဝန်းကျင်က လယ်သမားများ ကားဝယ်စီးနေကြပြီ ဖြစ်သည်။ အမှန်ကား လယ်မြေတို့ကို စပါးမှတပါး တခြားသီးနှံ စိုက်ပျိုးလိုလျှင်ပင် သက်ဆိုင်ရာကို ခွင့်ပြုချက်တောင်းခံပြီးမှ စိုက်ပျိုးလုပ်ဆောင်ခွင့် ရှိခဲ့သည်။
ဒီကနေ့မှာတော့ စပါး၊ သီးနှံစိုက်ပျိုးခြင်းထက် သူဌေးဖြစ်ဖို့၊ ကားစီးဖို့ ရည်မှန်းကာ ပွဲစား၊ ဒေသခံအာဏာပိုင်၊ ဝယ်ယူသူ စိနဖွားတို့ လက်ဝါးရိုက်ကာ ခါတော်မီ အကြံကောင်း အကပ်ကောင်း စီမံချက်များကို အကောင်အထည်ဖော် လိုက်ကြသောအခါ မန္တလေးအရှေ့ပြင် ပုသိမ်ကြီးမြို့နယ်အတွင်း လယ်သမားတချို့ ရွှေခေတ်ရောက်ကုန်တော့သည်။
မေလအလယ်ပိုင်းက အစိုးရသတင်းစာများတွင် သက်ဆိုင်ရာ တိုင်းအဖွဲ့အစည်းက ကြေညာထုတ်ကာ တားမြစ်မိန့် ဖော်ပြသည်ကို တွေ့ရှိရသည်။ မန္တလေးအရှေ့ပြင်၊ ပုသိမ်ကြီးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံ တောင်ဘက်၊ အရှေ့တောင်ဘက်တို့နှင့် နန်းဦးလွင်ရွာတောင်ဘက်၊ အရှေ့ဘက်တို့တွင် လယ်ပိုင်ရှင်တွေ ကားစီးကုန်ကြပြီ။ ယခု သတင်းစာပါ ကြေညာချက်မှာ ဟန့်တား ပိတ်ပင်သည့်သဘော ပါရှိလာသည်။
တကယ်ပဲ အရေးယူတော့မည်လော။ တခြားပါတီ အဖွဲ့အစည်းများက ဝေဖန်ပြောဆိုတော့မည်စိုး၍ အကာအကွယ် ပြုလုပ်ခြင်းပေလော။ ၂၀၁၅ ရောက်ခဲ့ပြီမို့ ဒေသခံတွေ ကျေနပ်အောင် သတင်းထုတ်လွှင့်လိုက်ခြင်းပေလော။ လယ်မြေတဖြစ်လဲ ဝိုင်းပိုင်ရှင်အများစုက စိနမျိုးနွယ်တွေ ဆိုသည်ကို အားလုံး သိရှိထားကြပြီး ဖြစ်သည်။
ဤသို့သော အရေးကိစ္စသည် သေးငယ်သော အနေအထားမဟုတ်။ မြန်မာစကား လုံးဝမပြောဆိုတတ်သည့် စိနဘွားတို့ မြန်မာမှတ်ပုံတင် ကိုင်ထားကြသည်။ စိနဘွားတို့တွင် ငွေကြေးကြောထောက်နောက်ခံပြုသူများ ရှိနေပြီး မန္တလေး မြို့လယ်ကောင်နှင့် မန်းမြို့ဝန်းကျင် ဒေသများရှိ မြေများ ဝယ်ယူစေကြောင်း တွေ့နေရသည်။ မြန်မာပြည်၏ အလယ်ဗဟို ဒေသသာမက မန္တလေး၊ ပြင်ဦးလွင်၊ ရှမ်းပြည်မြောက်ပိုင်း ဒေသ အနှံ့အပြား အားလုံး ပိုင်ရှင်တွေက စိနဖွားတွေချည်းသာ။
စိနတိုင်းရင်းသားတို့ ဘာလုပ်လုပ် ရေရှည်စီမံချက်ဖြင့်သာ လုပ်ဆောင်တတ်ကြသည်။ မြန်မာတို့က မမြင်ဖူးသော ငွေကြေးပမာဏကို မက်မောကြသည်။ အုပ်ချုပ်ရေးစနစ်နှင့် မြန်မာ့တရားစီရင်ရေး ဥပဒေကို သက်ဆိုင်ရာ ရပ်/ကျေးအာဏာပိုင်အဖွဲ့တို့က အမျိုးသားရေးစိတ်ဓာတ်အမြင်ဖြင့် မကြည့်ရှုတတ်ကြချေ။
မန္တလေးဒေသဝန်းကျင်မှ လယ်သမားများ ဘာကြောင့် လယ်မစိုက်တောဘဲ လယ်မြေရောင်း၍ ကားစီး၊ တိုက်ဆောက်ကာ ဘာကြောင့် လုပ်ငန်းပြောင်းခဲ့ကြသနည်း။
လေ့လာကြည့်တော့ လယ်စိုက်၍ ဘယ်တော့မှ ကားစီးနိုင်မည်မဟုတ်၊ ဖြတ်လမ်းမှ လယ်ရောင်း၍ ကားဝယ်၊ တိုက်ဆောက်နိုင်သည်။ သူ့အတွက် နိုင်ငံရေးခံယူချက်၊ မျိုးချစ်စိတ်ဓာတ်နှင့် အမိမြေထိန်းသိမ်းရေးဆိုသည့်တို့ကား အဝေးကြီးမှာ ရှိနေသည်။ ကားဝယ်၊ တိုက်ဆောက်သည့် လယ်သမားကြီးထက် ကွပ်ကဲအုပ်ချုပ်နေသည့် သက်ဆိုင်ရာ ရပ်ကျေးမြို့နယ်၊ ခရိုင်၊ အဖွဲ့အစည်းတို့မှ ပုဂ္ဂိုလ်များက ပိုမို ခံယူချက် နည်းပါးလှကြောင်း တွေ့ရှိရခြင်းမှာ ဝမ်းနည်းဖွယ်ရာ ဖြစ်သည်။ ဒါတို့ပြေ၊ ဒါတို့မြေဟု နောင်အနာဂတ်တွင် ကြွေးကြော်နိုင်ကြပါဦးမည်လား။
(စာရေးဆရာ ဒေါက်တာ ကျော်သန်းထွန်းသည် တရုတ်နိုင်ငံ ကန်တုန် ဆေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး တိုင်းရင်းဆေး သိပ္ပံ သုတေသန ဌာနတွင် သုတေသနမှူး တာဝန် ထမ်းဆောင်ခဲ့သည်။ အမျိုးသား စာပေဆု၊ ပခုက္ကူ ဦးအုံးဖေ စာပေဆုများလည်း ရရှိခဲ့သည်။)












