NLD အစိုးရသစ်ကို မြစ်ဆုံက စိန်ခေါ်နေပြီ

ယွန်ဆန်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာအစိုးရသစ်အတွက် အရေးအကြီးဆုံး မေးခွန်းများထဲမှ တခုမှာ ကချင်ပြည်နယ်မှ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ဖြေရှင်းပေးဖို့ ဖြစ်လာမည်လားဆိုသည့် မေးခွန်းဖြစ်သည်။ အဆိုပါကိစ္စက မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး၌ ထိရှ အလွယ်ဆုံးနေရာတွင် ရှိနေပြီး မြောက်ဘက်မှ အိမ်နီးချင်းနိုင်ငံကြီးနှင့် ဆက်ဆံရေးအပေါ်လည်း သက်ရောက်မှုများစွာ ရှိနေသည်။

မြစ်ဆုံ ပြဿနာကို ဖြေရှင်းခြင်းက NLD အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် အဓိက စမ်းသပ်မှုများထဲမှ ပထမဆုံးတခု ဖြစ်လာဖွယ်ရှိပါသည်။ မကြာသေးမီက တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြစ်ဆုံ ပြဿနာကို သင့်လျော်သည့် နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ တရုတ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံ၏ အနာဂတ်အပေါ် အပြည့်အ၀ ယုံကြည်ထားကြောင်း ရိုက်တာသတင်းဌာန ကဆိုသည်။

အမှန်တကယ်တွင် မြစ်ဆုံစီမံကိန်း ပြဿနာက ကာလရှည်ကြာနေခဲ့ပြီ ဖြစ်သည်။ ၂၀၁၁ ခုနှစ်စက်တင်ဘာလတွင် သမ္မတ ဟောင်း ဦးသိန်းစိန်က စီမံကိန်းကို ရွှေ့ဆိုင်းလိုင်သည့် အချိန်မှစ၍ မြန်မာ့လူမှုအသိုင်းအဝိုင်းနှင့် တရုတ်မြန်မာ ဆက်ဆံရေးတွင် အနာတခုလို ဖြစ်ကျန်ခဲ့သည်။ မြန်မာပြည်သူတို့က မြစ်ဆုံ စီမံကိန်းသည် စစ်အစိုးရခေတ်အတွင်း တရုတ်နိုင်ငံ၏ ခေါင်းပုံဖြတ်မှု သင်္ကေတအဖြစ် ဆက်လက်ယူဆထားခဲ့ကြသည်။ စီမံကိန်း ပြန်လည်စတင်ရန် တွန်းအားပေးမှုများကို ဆန့်ကျင်ရန် အများစုက အသင့်စောင့်ကြည့်နေကြဆဲဖြစ်သည်။

တခြားတဘက်တွင် တရုတ်နိုင်ငံကလည်း သူ့ကိုယ်သူ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး၏ သားကောင် နှင့် ရင်းနှီးမြှုပ်နှံမှု ကြီးမားသည့် စီမံကိန်းတခုကို ဆိုင်းငံ့လိုက်ခြင်းကြောင့် ဒုက္ခရောက်ရသူ အဖြစ် ယူဆနေသည်။ လက်တွေ့တွင် မြစ်ဆုံ စီ မံကိန်းသည် တရုတ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသိုင်းအဝိုင်းအတွက် အနုတ်သဘောဆောင်သည့် ဥပမာတခုဖြစ်ပြီး တရုတ် နိုင်ငံက စတင်နေသည့် “One Belt, One Road” မူဝါဒအတွက် ဆွေးနွေးညှိနိုင်းမှုများတွင် လည်း တန်ဘိုးကြီးသည့် သင်ခန်းစာတခု ဖြစ်သည်။

မြစ်ဆုံ စီမံကိန်းသည် တရုတ်နှင့် မြန်မာနိုင်ငံတို့ကြားမှ အပြန်အလှန်ဆက်ဆံရေးတွင် မေ့ဖျောက်၍မရ၊ ဥပေက္ခာပြု၍ မရသည့် အနာတခုပမာ ရှိနေသည်။ အဓိကကျသည့် အကြောင်းမှာ သမ္မတဟောင်း ဦးသိန်းစိန်က စီမံကိန်းကို ရွှေ့ဆိုင်းခဲ့ခြင်းသာဖြစ်ပြီး လုံးလုံးလျားလျား ပယ်ဖျက်ခဲ့ခြင်း မဟုတ်ပါ။ သူက ထိုသိုဆုံးဖြတ်ခဲ့ခြင်းမှာ တရုတ်နိုင်ငံ၏ သဘောထားနှင့် တုန့်ပြန်မှုအပေါ် စိုးရိမ်ခဲ့၍ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ တနေ့နေ့တွင် ပြန်လည်စတင်ခွင့်ရလိမ့်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်နိုင်ရန် တံခါးဖွင့်ထားခဲ့သလို ဖြစ်ခဲ့သည်။

ပြဿနာကို အဆောတလျှင် ဖြေရှင်းနိုင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရအတွက် အချိန်နှင့်အမျှ အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ဦးသိန်းစိန်က စီမံကိန်းကို ဆိုင်းငံ့ခဲ့သည်မှာ သူ၏ သမ္မတသက်တမ်း အတွင်းသာ ဖြစ်သည့်အတွက် အဆိုပါ ဆိုင်းငံ့မှုက သက်တမ်းကုန်ဆုံးသွားသည့် သဘောရှိနေသည်။ စီမံကိန်း၏ အနေအထားက မေးခွန်းထုတ်စရာဖြစ်လာသည်။ အစိုးရသစ်၏ ဆုံးဖြတ်ချက် သို့မဟုတ် ဆွေးနွေးညှိနှိုင်းမှုတခု မရှိခဲ့လျှင် တရုတ်နိုင်ငံ အနေဖြင့် စီမံကိန်းပြန်လည်စတင်နိုင်ရေး တွန်းအားပေးရန် သို့မဟုတ် အနည်းဆုံး ထိုကိစ္စနှင့် ပတ်သက်၍ ပြန်လည်ပြောဆိုနိုင်ရန် အခြေအနေ ပိုပေးလာနေသည်။

မြန်မာ့အရေး လေ့လာစောင့်ကြည်သူများက မြစ်ဆုံစီမံကိန်းသည် ယခုအခြေအနေအတိုင်း ပြန်လည်စတင်ရန် တွေးရန်ပင် မဖြစ်နိုင်သည့် အဆိပ်အတောက်တခု ဖြစ်ကြောင်း ကောင်းစွာ နားလည်ထားကြပါသည်။ ဒီဇိုင်းနှင့်တည်ဆောက်မှုများတွင် အကြီးစားပြင်ဆင်သုံးသပ်မှုများ ရှိလာခဲ့လျှင်ပင် ပြန်လည်စတင်ခြင်းက တပြည်လုံးအတိုင်းအတာဖြင့် ကြီးမားသော အမျိုးသားရေး တုန့်ပြန်မှုများ ဖြစ်ပေါ်လာနိုင်ဖွယ်ရာ ရှိနေပါသည်။ NLD အစိုးရသစ်၏ စွမ်းဆောင်ရည်၊ ယုံကြည်အားထားနိုင်မှု တို့တွင်သာမက မျိုးချစ်စိတ်ဓာတ်နှင့် နိုင်ငံရေး ရပ်တည်ချက်တို့အပေါ်တွင်ပါ မေးခွန်းများ ပေါ်ထွက်လာမည်ဖြစ်သည်။

တရုတ်နိုင်ငံပိုင် စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သည့် China Power Investment (CPI) က မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရေးအတွက် တက်ကြွစွာ စည်းရုံးလှုပ်ရှားနေခဲ့သည်။ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား အလွန်အမင်း လိုအပ်နေခြင်းကို ထောက်ပြခဲ့ကြသလို ကျွမ်းကျင်သူများက စီမံကိန်းအပေါ် အကောင်းဘက်မှ မြင်ကြကြောင်းလည်း အခိုင်အမာ ပြောခဲ့ကြသည်။ သို့သော်လည်း စိတ်ပိုင်းဆိုင်ရာ ခံစားမှုနှင့် နိုင်ငံရေးအကြောင်းအရာများ၊ ဆည် နှင့် ပတ်သက်သည့် သံသယဖြစ်ဖွယ်ရာ အကျိုးအမြတ် ဆန်းစစ်မှု၊ စီမံကိန်း၏ အားသာချက် အားနည်းချက်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများအရပင်လျှင် အလွယ်တကူ ပယ်ဖျက်ပစ်နိုင်သည်။ အကယ်၍ စီမံကိန်း၏ အကျိုးကျေးဇူးနှင့် ပတ်သက်၍ ပြည်သူလူထု သိအောင် အချေအတင် ဆွေးနွေးရမည်ဆိုလျှင်ပင် လူအများကြား အရှက်တကွဲဖြစ်မည်ကို စိုးရိမ်စိတ်ဖြင့် တရုတ်နိုင်ငံက ဖိတ်ကြားမှုကို ငြင်းပယ်ဖို့က ပိုများနေသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရက ယခုကဲ့သို့ အထင်ကရကိစ္စမျိုးတွင် တရုတ်နိုင်ငံအပေါ် မည်သို့တုန့်ပြန်သွားမည် ဆိုသည်ကို မြန်မာပြည်သူများက စောင့်ကြည့်နေကြပါသည်။ လက်ရှိအခြေအနေများအရဆိုလျှင် အကယ်၍ အစိုးရသစ်က ပြန်လည်စတင်ရေးကို မျက်နှာသာပေးသည့် ဆုံးဖြတ်ချက်တခုကို ပြုလုပ်ခဲ့လျှင် ပြည်သူလူထု၏ အမြင်နှင့် နိုင်ငံရေး ထောက်ခံမှုများအတွက် စွန့်စားရမှု များသွားနိုင်ပါသည်။

အကယ်၍ စွန့်စားရမည့် အခြေအနေများကို နားလည်သဘောပေါက်၍ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းရန် လုပ်ဆောင်ခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ NLD အစိုးရအနေဖြင့် သူတို့ဘက်တွင် အချိန်နည်းနေပြီဆိုသည်ကို နားလည်ထားရမည် ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ဦးသိန်းစိန် အစိုးရနှင့် CPI တို့က စီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ သည်။ အဓိကကျသည့် မေးခွန်းမှာ မည်သို့ဖြစ်လာလိမ့်မည်ဆိုခြင်း မဟုတ်ဘဲ ငွေရေးကြေးရေးဆိုင်ရာ နောက်ဆက်တွဲ အကျိုးဆက်များနှင့် ပတ်သက်၍ ဖြစ်သည်။

တိကျစွာပြောရလျှင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ပြီး တရားဝင် စာချုပ်တခုကို ဖျက်သိမ်းခဲ့သည့်အတွက် မြန်မာအစိုးရက လျော်ကြေးအနေဖြင့် မည်မျှပေးရမည် ဆိုသည့်အကြောင်း ဖြစ်ပါသည်။ ဦးသိန်းစိန် အစိုးရက လျော်ကြေးအတွက် ကတိပြု ခဲ့မည်ဟု ယုံကြည်ရပြီး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံခဲ့သည့် ပမာဏနှင့် အတိုးလည်း ပါဝင်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံက အသည်းအသန် တွန်းအားပေးလိမ့်မည် မဟုတ်ဟု ယူဆရပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာအစိုးရက နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်ရန် ကြာမြင့်သည်နှင့် အမျှ ရင်းနှီးရသည့် ငွေအပေါ်တွင် အတိုးက များလာမည် ဖြစ်သောကြောင့် ဖြစ်သည်။

NLD အစိုးရသက်တမ်း အစပိုင်းအချိန်တွင် တရုတ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နှင့် ကောင်းမွန်သော ဆက်ဆံရေးတခု တည်ထောင်ရန် ဆန္ဒပြင်းပြနေသည့် ယခုအချိန်တွင် စီမံကိန်းကို ပယ်ဖျက်လိုက်ခြင်းက တရုတ်နိုင်ငံမှ လက်တုန့်ပြန်လာမည့် အန္တရာယ် အနည်းဆုံး အခြေအနေတွင် ရှိနေပါသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရက ဆုံးဖြတ်ရန် အချိန်ဆွဲနေ၍ ကြာမြင့်သွားခဲ့လျှင် တရုတ်နိုင်ငံ၏ ပြင်းထန်သော တုန့်ပြန်မှုကို ကြုံရနိုင်သည့် အလားအလာများ ရှိနေပြီး ရပ်တန့်ရန် နောက်ဆုံး ဆုံးဖြတ်လိုက်သည့် အချိန်တွင် ပိုမိုထိခိုက်နစ်နာမှုများ ရင်ဆိုင်ရဖွယ်ရှိပါသည်။

စောစီးစွာ ဆုံးဖြတ်ချက်ချမှတ်ခြင်းက ပြဿနာကို ပေါ့ပေါ့ပါးပါး ကိုင်တွယ်ခြင်းဟု မဆိုနိုင်ပါ။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရက စီမံကိန်းကို ပယ်ဖျက်တော့မည် ဆိုလျှင် ပညာသားပါစွာ ကိုင်တွယ်မှုနှင့် သံတမန်ရေးရာများ ရှိလာမည် ဖြစ်သည်။ သူတို့ အနေဖြင့် ဆုံးဖြတ်ချက်ကို အထောက်အကူဖြစ်စေမည့် စီမံကိန်း၏ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများကို သက်သေအထောက်အထားအဖြစ် ပြသရန် လိုအပ်လာမည် ဖြစ်သည်။ ဆုံးဖြတ်ချက်သည် ကောင်းကျိုးကို အခြေခံသည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်းနှင့် ယခုကိစ္စသည် ဦးသိန်းစိန် အစိုးရထံမှ အမွေဆက်ခံရသည့် ပြဿနာတခုဖြစ်ကြောင်း တရုတ်နိုင်ငံသို့ သတင်းစကားပါးနိုင်ရန် လိုအပ်လိမ့်မည်ဖြစ်သည်။ အရေးအကြီးဆုံး အချက်မှာ ဆုံးဖြတ်ချက်သည် မူဝါဒအပေါ်တွင်သာ အခြေခံခြင်း ဖြစ်ပြီး တရုတ်ဆန့်ကျင်ရေး မူဝါဒကို ဖော်ပြခြင်း မဟုတ်ကြောင်း ရှင်းလင်းစွာ ပြသနိုင်ရေး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးမှသည် စီးပွားရေးတိုးတက်မှု အရှိန်မြှင့်ရေးအထိ၊ ရခိုင်ပြည်နယ်ပြဿနာမှသည် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးအထိ ဦးစားပေး ဖြေရှင်းရမည့် ကိစ္စများ အများအပြား ရှိနေသည်။ အားလုံးကလည်း အလျင်အမြန် အလေးပေး ဖြေရှင်းရန် လိုအပ်နေသည့် အသွင်ရှိနေ ပါသည်။ မြစ်ဆုံစီမံကိန်းကို အလွယ်တကူပင် ဆိုင်းငံ့ထားမည်ဆိုလျှင် အဆိုပါဆုံးဖြတ်ချက်မျိုးက အမြော်အမြင်မဲ့သော ဆုံးဖြတ်ချက်မျိုး ဖြစ်သည်။ မြစ်ဆုံကဲ့သို့ သတ်သတ်မှတ်မှတ်ထား၍ ဖြေရှင်းရမည့် ပြဿနာ သို့မဟုတ် အချိန်ကြာမြင့် လာသည်နှင့်မျှ ပေးလျော်ရမည့်ငွေပမာဏ တိုးတက်လာမည့် ပြဿနာမျိုးက များများစားစား ရှိမနေပါ။

ထို့ကြောင့် အစိုးရသစ်က တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အနှောင်အဖွဲ့ကင်းစွာဖြင့် ပြန်လည်စတင်လိုပြီး အာရှ၏ အကြီးဆုံးနိုင်ငံနှင့် မှန်ကန်သော ဆက်ဆံရေးကို လိုချင်နေသည့် အချိန်တွင် NLD အနေဖြင့် မြစ်ဆုံ ပြဿနာကို မှန်ကန်စွာ ကိုင် တွယ်နိုင်ရန် လိုအပ်ပါသည်။

(ယွန်ဆန် သည် အမေရိကန်နိုင်ငံ ဝါရှင်တန် အခြေစိုက် Henry L. Stimson Center အရှေ့ အာရှ အစီအစဉ် နှင့် Brookings Institution မှ အကြီးတန်း ပညာရှင်တဦး ဖြစ်ပါသည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Yun Sun ၏ Myitsone: The Incoming NLD Govt’s First Big Test ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading