ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု တနှစ်ပြည့်ခဲ့ပြီ ဖြစ်သော်လည်း စစ်အုပ်ချုပ်ရေးကို မြန်မာပြည်သူလူထုက လက်မခံနိုင်ကြောင်း နည်းမျိုးစုံဖြင့် ခုခံဆန့်ကျင်ကြသောကြောင့် စစ်အာဏာသိမ်းမှုသည် မအောင်မြင်ပေ။ ထို့အတူ ပြည်သူလူထု၏ ဆန့်ကျင်ခုခံရေးသည် တနေ့တခြား ပိုမိုကြီးမားကျယ်ပြန့်နေသောကြောင့် စစ်အာဏာသိမ်းမှုသည် ကျဆုံးရမည့် အလားအလာများကိုလည်း မြင်နေရသည်။
စစ်အာဏာသိမ်းမှုများနှင့် စစ်အုပ်ချုပ်ရေးများအောက်က မြန်မာနိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အနှေးဆုံးနိုင်ငံများစာရင်းထဲ ဝင်ခဲ့ရပြီး အိမ်နီးချင်းနိုင်ငံများကြားတွင်ပင် မျက်နှာငယ်ခဲ့ကြရသည်ကို မြန်မာနိုင်ငံသားများ မျိုးဆက်နှင့် ယှဉ်၍ ခံစားနားလည်သဘောပေါက်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် စစ်တပ်က အရပ်သားအစိုးရကို အာဏာခွဲဝေပြီး နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးဆီ ဦးတည်သော လမ်းကြောင်းတခုကို ၂၀၁၀ ခုနှစ်တွင် စတင်ကျင့်သုံးသောအခါ အများစုက လက်ခံပြီး တတပ်တအား ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြသည်။
ယင်းကာလသည် ၁၀ နှစ်မျှသာကြာသော်လည်း ရွေးကောက်ခံအရပ်သားအစိုးရသည် စစ်အုပ်ချုပ်ရေးအဆက်ဆက်ထက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ပိုမိုလုပ်ဆောင်နိုင်ခဲ့ကြောင်း မြန်မာပြည်သူအများ ခံစားတွေ့ကြုံခဲ့ပြီး ဖြစ်သည်။ ပြောရလျှင် စစ်တပ်သည်ပင် လူရာဝင်လာပြီး ၎င်းပိုင် စီးပွားရေးလုပ်ငန်းကြီးများ ပြည်ပမှ ငွေပင်ငွေရင်းများ စီးဝင်လာခဲ့သည်။ သို့ရာတွင် စစ်တပ်သည် ၎င်းတို့အတွက် ရွှေဥတနေ့တလုံး အုပေးနေသော ငန်းကို တမနက်တည်းနှင့်ပင် ရိုက်သတ်ခဲ့ကြသည်။ ရလဒ်အနေဖြင့် တိုင်းပြည်စီးပွားရေး ပြိုလဲကျဆင်းကာ နိုင်ငံသားအများအပြား ပြည်ပသို့ တရားမဝင်နည်းရော တရားဝင်လမ်းကြောင်းကပါ ထွက်ခွာကုန်ကြတော့သည်။
ညံ့ဖျင်းနုံချာလွန်းသော စစ်တပ်သည် ၎င်းတို့အား ဆန့်ကျင်ခုခံမှုများအား မမျှော်လင့်ဘဲ ကြီးမားစွာ ကြုံရသောအခါ ဘီလူးအစွယ် ထွက်လာပြီး ယုတ်မာရိုင်းစိုင်းလာခဲ့သည်။ မြို့ပြ၏ လမ်းမများပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော တိုင်းပြည်၏ သားကောင်းရတနာ လူငယ်များကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ပြသည်။ တောတောင်များကြား စစ်ဘေးရှောင်ဒုက္ခသည်များအပေါ် ဗုံးမိုးရွာချကာ ကလေးငယ်များနှင့် အမျိုးသမီးများပါမချန် မီးရှို့သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုများ တသီတတန်း ကျူးလွန်သည်။ တိုင်းပြည်ကို အကြောက်တရားဖြင့် အရင်လို တံခါးပိတ်အုပ်ချုပ်နိုင်ဦးမည်ဟု အသိတရားမဲ့ ရူးသွပ်စွာ အထင်မှားနေကြဆဲ ဖြစ်သည်။
သို့ရာတွင် ၂၀၂၁ သည် ၁၉၆၂ နှင့် ၁၉၈၈ တို့ကဲ့သို့ မဟုတ်တော့။ အင်တာနက်နှင့် ဆိုရှယ်မီဒီယာတို့သည် စစ်တပ်၏ ဝါဒဖြန့်ချိရေးကို ရိုက်ချိုးပစ်ခဲ့သည်။ တောင်ပေါ်နှင့် မြေပြန့်၊ မြို့ပြနှင့် ကျေးလက်ကြား ပိုမိုနားလည်ရင်း စည်းလုံးသွားကြသည်။ လူမျိုးစုံ ဘာသာစုံ ပူးပေါင်းပါဝင်လာခဲ့ကြသည်။ ပြည်ပနိုင်ငံအသီးသီးရောက် မြန်မာအသိုင်းအဝိုင်းများလည်း တက်ကြွလှုပ်ရှားလာကြသည်။ မြန်မာနိုင်ငံသားအပေါင်းတို့သည် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်အချင်းချင်း ဖေးမမှသာ စစ်အာဏာသိမ်းမှုကို မြန်မာ့မြေပေါ်မှ အပြီးတိုင် တွန်းလှန်ဖယ်ရှားနိုင်မည်ဟု သန္နိဌာန်ချထားပြီး ဖြစ်သည်။
အဆိုပါ အမျိုးသား သန္နိဌာန်သည် စစ်အာဏာသိမ်း တနှစ်ပြည့်တွင် ကျောက်ဆောင်ကျောက်သားများကဲ့သို့ ပိုမိုခိုင်မာလာနေပြီး ဖြိုဖျက်မရနိုင်တော့ပြီ။ မြန်မာ့သမိုင်းတွင် နိုင်ငံအား လွတ်လပ်ရေးရယူလိုသောအခါ ဆင်းရဲဒုက္ခကြီးစွာခံ၍ တိုက်ပွဲဝင်ခဲ့ကြသလိုမျိုး ဖြစ်သည်။ ထို့ကြောင့်ပင် စစ်အာဏာသိမ်းမှုသည် ကျဆုံးသွားရလိမ့်မည် ဖြစ်သတည်း။
You may also like these stories:
တိုင်းပြည် လွတ်လပ်သော်လည်း နိုင်ငံသားများ မလွတ်လပ်သေး
စစ်အာဏာသိမ်းမှုက လူ ၂၅ သန်းကို ဆင်းရဲတွင်းထဲ တွန်းချခဲ့သည်
မြန်မာစစ်ဗိုလ်များ နိုင်ငံကြီးပွားရေးအစား စီးပွားပျက်ရန်သာ လုပ်တတ်သည်
အာဏာသိမ်းမှုများက တိုင်းပြည်ကျရှုံးမှုကိုသာ ဦးတည်နေ