နှစ်စဉ် နွေရာသီဖြစ်သည့် ဧပြီလနှင့် မေလသည် မြန်မာနိုင်ငံသားများအတွက် မုန်တိုင်းနှင့်အတူ ရောက်ရှိလာသည့် ဒီရေ များကြောင့် လူသိန်းချီ သေဆုံးခဲ့ရသည့် နာဂစ်တစ္ဆေ ခြောက်လှန့်ခံရသည့် ရာသီဖြစ်သည်။
မိုးကြိုကာလ ဖြစ်သည့် အဆိုပါ ကာလအတွင်း မုန်တိုင်းများလည်း နှစ်စဉ်လိုလို မြန်မာနိုင်ငံဘက်သို့ ခြေဦးလှည့်လာစမြဲ ဖြစ်သည်။
သို့ဖြစ်ရာ ယခုကာလ ရာသီဥတု အခြေအနေများနှင့် ပတ်သက်ပြီး မည်သို့ ကြိုတင် ပြင်ဆင်ထားသင့်သည် များကို သိရှိနိုင် ရန် မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်နှင့် ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်း ထားသည် များကို ဖော်ပြလိုက် ပါသည်။
မေး။ ။ ၂၀၁၇ ရဲ့ နွေရာသီ အခြေအနေကို ပြောပြပေးပါရှင့်။
ဖြေ။ ။ နွေရာသီက နှစ်စဉ် မတ်လ ၁ ရက်နေ့ကနေ စတယ်ဆိုတော့ အခု ၁ လ ကျော်လာပြီပေါ့။ အကြမ်းအားဖြင့်တော့ မိုးလေဝသ ဌာနရဲ့ သတ်မှတ်ပုံကတော့ မတ်လ ၁ ရက်ကနေ ဧပြီလ ၁၅ ရက်အထိက နွေရာသီဆိုတော့ ရက်ပိုင်းလောက် ပဲ ကျန်တော့တာပေါ့။ ဧပြီ ၁၅ရက် နောက်ပိုင်းမှာ များသောအားဖြင့် မြန်မာနိုင်ငံ အပေါ်မှာရှိတဲ့ လေထုထဲကို ရေငွေ့တွေ ဝင်လာပြီးတော့ မိုးစရွာတတ်ပါတယ်။ အဲဒါကြောင့် မိုးလေဝသဌာနက ဧပြီ ၁၅ ကနေ မေလကုန်အထိကို မိုးကြို ကာလလို့ ခေါ်တယ်။
ဒါပေမယ့့် အပူချိန်ကတော့ မေလကုန်အထိ ရှိနေဦးမှာပဲ။ နွေရာသီကာလရဲ့ ယေဘုယျ ထူးခြားချက်ကတော့ အပူချိန်တွေ မြင့်တက်မယ် ၊ မိုးရွာသွန်းမှုတွေ လျော့နည်းမယ်။ ပူပြင်းပြီး ခြောက်သွေ့တဲ့ ရာသီဥတု ရှိတတ်တယ်ပေါ့။ တနှစ်နဲ့ တနှစ် တော့ မတူကြဘူး။
ပြီးခဲ့တဲ့ ၂၀၁၅ ၊ ၂၀၁၆ အတွင်းမှာ အယ်လ်နီညို လို့ခေါ်တဲ့ ပူပြင်း ခြောက်သွေ့တဲ့ ရာသီဥတုကို ဖြစ်စေတတ်တဲ့ ပစိဖိတ် သမုဒ္ဒရာရဲ့ ရေစီးကြောင်း ပြောင်းလဲမှုကြီး ဖြစ်တော့ မြန်မာနိုင်ငံဟာ အလွန်ပူခဲ့တယ်။ အပူချိန်တွေ စံချိန်တင်အောင် မြင့်ခဲ့ တယ်။ ဒီနှစ်ကတော့ အယ်လ်နီညိုလည်း မဖြစ်သလို သူနဲ့ ဆန့်ကျင်ဘက် လာနီညာလည်း မဖြစ်တဲ့ နှစ်ဆိုတော့ ၂၀၁၅ ၊ ၂၀၁၆ လောက်တော့ မပူနိုင်ဘူးပေါ့။ ပုံမှန်တွေ့နေကျ နွေရာသီထက်တော့ ပိုပူမယ်။ ဒါပေမယ့် စံချိန်တင်အောင် ပူမယ့် နှစ်တော့ မဟုတ်ဘူးလို့ သတ်မှတ်ထားတယ်။
မေး။ ။ အချိန်အခါမဟုတ် မိုးရွာတာတွေ လေပြင်းတိုက်တာတွေ ဖြစ်နေတဲ့ အခြေအနေကိုကော ပြောပြပေးပါဦးရှင့်။
ဖြေ။ ။ ဒီနှစ်မှာ ထူးခြားချက်တွေ ရှိနေတယ်။ ဘာလဲဆိုတော့ ကမ္ဘာ့ရာသီဥတုဟာ နေရာသီဥတု အပေါ်မှာ အမှီပြုရတာ ကိုး။ နေက ကမ္ဘာ့ရဲ့ စွမ်းအင်ပင်ရင်းပဲလေ။ နေကနေ အပူတွေ များများရလေ ကမ္ဘာက ပူလေပဲ။ ကမ္ဘာ့သမိုင်း တလျှောက် မှာ အားအကောင်းဆုံး အယ်လ်နီညိုဆိုတာလည်း ၂၀၁၅၊ ၂၀၁၆ မှာဖြစ်လာတယ်။
ကမ္ဘာ့လေထုထဲကို ကြည့်လိုက်ရင် အပြင်ဘက် နေဘက်က အပိုင်းကတော့ စွမ်းအင်ရရှိမှု နည်းတဲ့အတွက် အေးတယ်။ ကမ္ဘာကြီးအတွင်းမှာ ရှိတဲ့ လူလုပ် ပယောဂတွေကြောင့် အပူချိန်တွေက မြင့်တက်နေတော့ ပူနေတယ်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ် လောက်ကတည်းက အပူချိန်က နည်းနည်း တက်လာတာပေါ့၊ မတ်လဆန်းက စပြီးတော့ အပူချိန် သိသိ သာသာ မြင့်တက်လာတယ်။
အခုဆိုရင် မြန်မာတနိုင်ငံလုံးမှာ နေ့အပူချိန်ဟာ ၂၅ အောက်လျော့တဲ့ နေရာမရှိတော့ဘူး ၂၅ အထက်မှာပဲ ရှိတယ်။ နောက် စစ်ကိုင်းတိုင်း အောက်ပိုင်းတို့၊ မကွေးတိုင်းတို့၊ မန္တလေးတိုင်းတို့၊ ပဲခူးတိုင်းမြောက်ပိုင်းတို့၊ ဧရာဝတီတိုင်း မြောက် ပိုင်း တို့ ဒီဒေသတွေဟာ တနိုင်ငံလုံးမှာ အပူဆုံးပဲ၊ ၄၀ အထက်မှာရှိတယ်။ မြန်မာပြည်ရဲ့ ဒီနှစ် ရာသီဥတုဟာ ပြီးခဲ့တဲ့ မတ်လက စပြီးတော့ အောက်ကပူတယ် အပေါ်က အေးတယ်။
ဒါဟာ လေထုအတွင်းမှာ အထက်အောက် မတည်ငြိမ်မှုကို ဖြစ်စေပြီးတော့ အဲဒီကနေ တိမ်တွေ ဖြစ်တာပေါ့။ အဲဒီ တိမ်တွေ ကနေ မိုးရွာတာ။ မြောက်ဘက်ပိုင်းဒေသက အများဆုံးရွာတယ်။ ပြီးခဲ့တဲ့ တပတ်အတွင်းမှာ အဲဒီလို လေထုရဲ့ အထက်အောက် မတည်ငြိမ်မှုကြောင့် ဖြစ်တဲ့ မိုးတိမ်တောင်တွေကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းရယ်၊ ကချင်ရယ်၊ စစ်ကိုင်း ရယ်၊ ချင်းရယ် ဒီဒေသအားလုံးမှာ လေပြင်းတွေတိုက်တယ် ၊ မိုးသီးတွေကြွေတယ် ၊ မိုးကြိုးတွေပစ်တယ် ဒါမျိုးကို အချိန်အခါမဟုတ် မိုးလို့ ခေါ်တာပေါ့။
မေး။ ။ အချိန်အခါမဟုတ်မိုးက ဘယ်အချိန်လောက်အထိ ရွာနိုင်ပါသလဲ။
ဖြေ။ ။ မိုးလေဝသ သဘောအရ မိုးရာသီ မရောက်မချင်းက အချိန်အခါမဟုတ် မိုးပဲလေ။ အဲဒီတော့ မေလကုန်ပေါ့။
မေး။ ။ လေပြင်းတိုက်ခတ်မှုတွေကြောင့် မုန်တိုင်းတိုက်ခတ်မှာကို လူတွေက စိုးရိမ်နေကြပါတယ်။ ဆရာ့အမြင်ကရော ရှင့်။
ဖြေ။ ။ အဲဒါတော့ အမြဲ သတိရှိရမှာပဲလေ။ ဒါပေမယ့် အချိန်တိုင်း ကြောက်ရွံ့နေရမှာတော့ မဟုတ်ဘူး။ မုန်တိုင်း အကြောင်း ကို နားလည်ရမှာလေ။ မြန်မာနိုင်ငံ အနောက်ဘက်မှာ ဘင်္ဂလား ပင်လယ်အော်ရှိတယ်။ ဘင်္ဂလား ပင်လယ် အော် အတွင်းမှာ မုန်တိုင်း ဖြစ်တယ်။ မုန်တိုင်းတွေကို လေ့လာကြည့်တဲ့အခါမှာ ဘင်္ဂလား ပင်လယ်အော် အတွင်းမှာဖြစ်တဲ့ မုန်တိုင်းတွေရဲ့ ၆ ရာခိုင်နှုန်းက မြန်မာပြည်ကိုဝင်တယ်။ မိုးကြို(မေလ)နဲ့ မိုးလွန်(အောက်တိုဘာ ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)ပဲ ဝင်တယ်။ မိုးတွင်းမှာ မဝင်ဘူး။
မြန်မာလူမျိုးတိုင်းဟာ ဗုဒ္ဓဘာသာ လူမျိုးတွေများတယ်။ ဗုဒ္ဓဘာသာတွေမှာ ယဉ်ကျေးမှု တခုရှိတယ်။ ဥပမာ စေတီ ၊ ပုထိုး ဘုရားတွေသွားရင် အလိုအလျောက် ဖိနပ်ချွတ်တယ်။ လူကြီးသူမ ရှေ့က ဖြတ်လျှောက်ရင် ခါးလေးကိုင်း၊ ခေါင်းလေးငုံ့ပြီး လျှောက်တယ်။ ဒါဟာ အလေ့အထပေါ့။
ရာသီဥတုနဲ့ ပတ်သက်လာရင်၊ မုန်တိုင်းနဲ့ ပတ်သက်လာရင် မေလဆို သတိထားရမယ် ဟေ့ ဆိုတဲ့ ယဉ်ကျေးမှုတခု ရှိကို ရှိ နေရမယ်။ ဒါကြောင့် သတိထားရမယ်ဆိုတဲ့ အချက်ကတော့ သေချာပေါက် မှန်တယ်။ မုန်တိုင်းက ဘယ်အချိန်မှာ အန္တရာယ် ရှိသလဲ၊ ဘယ်ဒေသကို အန္တရာယ်ပေးတတ်သလဲ၊ ဘာကို ငါတို့က ကြည့်ရမှာလဲ။ အဲဒါလောက်ကတော့ အခြေခံ အားဖြင့် လူတိုင်း သိရမယ်။ ၂၀၁၇ ရဲ့ ထူးခြားမှုလည်း သိဖို့ လိုတယ်။ ဒီနှစ် မြန်မာပြည်အတွက် မုန်တိုင်း အန္တရာယ် က နည်းနည်းလေးတော့ ပိုနိုင်တယ်။ သတိပေးတာ မဟုတ်ဘူး။ နှိုးဆော်တာ။ အခုချိန်ကစပြီး မေလကုန်တဲ့ အထိ မုန်တိုင်းသတင်းကို နားထောင်ပါ။
မုန်တိုင်း သတိပေးချက်ဆိုရင် သတိထား။ မုန်တိုင်းက အင်အားက ဘယ်လောက်ရှိတယ်။ ဘယ်လိုဝင်မယ်။ ဘယ်ကို ဦး တည်တယ် ဆိုတဲ့ ခန့်မှန်းချက် ပါတယ်။ အဲဒါ သိပ်အရေးကြီးတာ။ အဲဒီတော့ မုန်တိုင်းဝင်မယ်လို့ ခန့်မှန်းထားရင် အဲဒီ သတင်းကို နေ့တိုင်းကြည့်ရမယ်။ မုန်တိုင်းတွေဟာ အချိန်တိုင်း ပြောင်းနေတဲ့အတွက် ၃ နာရီ ၁ ခါလောက် ထုတ်နေ တယ်။ အမြဲတမ်း နောက်ဆုံးသတင်းကို သိဖို့ လိုတယ်။
နောက်တခုက မြန်မာ့ကမ်းရိုးတန်း အကြောင်းကိုလည်း နည်းနည်းလေ့လာထားဖို့ လိုမယ်။ ဘယ်နေရာမှာ ရခိုင် ကမ်းရိုး တန်း ရှိတယ်။ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ သိဖို့လိုတယ်။ ဆရာတို့က သတင်း ထုတ်ပြန်လိုက်တယ်။ မောင်တောကို ဝင်မယ်လို့ ပြောတယ်။ မောင်တောဟာ ဘင်္ဂလားဒေ့ရှ်နား ကပ်နေတာ။ အဲဒါကို လပွတ္တာက လူက ထွက်ပြေးတယ်။ ကြောက်တာကို ဆရာတို့က အပြစ် မပြောဘူး။ အသိပညာ နည်းနေတာ။
သတင်းတခုကို လူထုအတွက် ထုတ်ပြန်တယ်။ လူထုက ဒါကို နားမလည်ဘူးဆိုတော့ ဘယ်လို အသက်ကယ်မလဲ ဘယ်လို မှ မကယ်နိုင်ဘူး။ သက်ဆိုင်ရာ ညွှန်ကြားချက်တွေကို လိုက်နာပါ။ ဒီအချက်တွေသာ ရှိရင် မုန်တိုင်းဆိုတာ ကြိုသိနိုင်တဲ့ အရာဖြစ်တဲ့အတွက် အေးအေးဆေးဆေး လွတ်အောင် ရှောင်နိုင်ပါတယ်။
မေး။ ။ အစိုးရနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကကော ဘယ်လိုတွေ ပြင်ဆင်ထားသင့်သလဲ။
ဖြေ။ ။ ပြင်နေပါတယ်။ ဒါကိုလည်း နည်းနည်း ခြုံငုံ သုံးသပ်ရရင်တော့ မုန်တိုင်းတခုနဲ့ ပတ်သက်ပြီး လုပ်ရမယ့် လုပ်ငန်းက ၃ ဆင့်ရှိတယ်။ မုန်တိုင်း မဝင်မီ၊ ဝင်နေတုန်းနဲ့ မုန်တိုင်းဝင်ပြီးနောက် လုပ်ရမယ့် အရာတွေပေါ့။ မုန်တိုင်း မဝင်မီ လုပ်ရတာ ကို ကြိုတင် ကာကွယ်တယ် ခေါ်တယ်။ မုန်တိုင်းဝင်နေတုန်း လုပ်ရတာကို ကယ်ဆယ်တယ် ခေါ်တယ်။ မုန်တိုင်းဝင်ပြီးမှ လုပ်ရတာကိုတော့ ပြန်လည်ထူထောင်တယ်၊ ပြန်လည်နေရာချတယ်လို့ ခေါ်တယ်။ ဒီအပိုင်း ၃ ပိုင်းမှာ မတူတာက အချိန် မတူဘူး။ အဲဒီတော့ ကြိုတင် ကာကွယ်တယ် ဆိုတာမျိုးက မုန်တိုင်းမလာခင် လုပ်ရပါတယ်။ လာပြီးမှ လုပ်လို့ မရပါဘူး။မြန်မာနိုင်ငံမှာ အစိုးရတွေရော ပုဂလိကပါ မုန်တိုင်းနဲ့ ပတ်သက်ပြီး ဆောင်ရွက်တာမျိုး ရှိပါတယ်။ ဦးစားပေး ဆောင်ရွက် တာ က ပြီးမှ လုပ်ရတဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးမှာပဲ လူတွေက အားသန်တယ်။ ဒုက္ခရောက်ပြီဟေ့ ဆိုရင် တနိုင်ငံလုံးက ထွက်လာတယ်။ ကြိုလုပ်တယ်ဆိုတာ မရှိသလောက်ဘဲ။
တကယ်လုပ်ရမှာက ကြိုတင် ပြင်ဆင်ရမယ်။ ကြိုတင် ကာကွယ်ရမယ်။ အဲဒီအပိုင်းကို ဦးစားပေး လုပ်ပါ။ စုပေါင်းလုပ်ရ မယ်။ အစိုးရ၊ ဒေသဆိုင်ရာ အုပ်ချုပ်သူ၊ သတင်းမီဒီယာ၊ ပြည်သူလူထု၊ CSOs, NGO တွေ၊ ဒီ ၅ ခုက လက်တွဲညီညီ တွဲ လုပ်မှ ဒီလုပ်ငန်းက အောင်မြင်နိုင်တယ်။ အရေးကြီးဆုံးက ကြိုတင် ပြင်ဆင်မှုပဲ။
မေး။ ။ ဒေါက်တာ ထွန်းလွင်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားတဲ့ သတင်းတွေထဲမှာ သဘာဝက ပေးတဲ့ Alert ဆိုပြီး တွေ့ရပါတယ်။ အဲဒါက ဘယ်လိုမျိုး ပါလဲ။
ဖြေ။ ။ သဘာဝက ပေးတဲ့ Alert ဆိုတာ မုန်တိုင်းမှာ ကြိုတင် သိနိုင်တဲ့အချက်တွေက ထုံးစံအတိုင်း ရှိတယ်။ ဗြုန်းဒိုင်း ဆိုပြီး လှုပ်တဲ့ ငလျင်လိုမဟုတ်လို့။ ငလျင်တောင်မှ ကြိုတင်သိနိုင်တဲ့ အချက်ကလေးတွေရှိတာပဲ။ မုန်တိုင်းတလုံး ဘယ် လောက် မြန်ပါတယ်ပြောပြော ၂ ရက် ၃ ရက်တော့ အချိန်ပေးရတယ်။
ယနေ့ခေတ်လို အာကာသ နည်းပညာတွေ၊ အိုင်တီနည်းပညာတွေ သုံးနေတဲ့ ခေတ်မှာ မသိလိုက်တာက မကြည့်လို့သာ ဖြစ်မယ်။ မိုးလေဝသက အလွန်မှန်ပါတယ်။ ကြည့်နေရင် မြင်တယ်။ ဘယ်လောက်ထိ မြင်လဲဆိုရင် မဖြစ်ခင်တောင် ကြိုမြင်တယ်။ အဲဒီလိုသိနိုင်တဲ့ နည်းလမ်းတွေ ရှိတယ်။
အရပ်သူ၊ အရပ်သားတွေ အနေနဲ့ ဘယ်လို သိနိုင်လဲဆိုရင် မိုးလေဝသ ခန့်မှန်းတဲ့ နည်းက ၃ မျိုးရှိတယ်။ ဆရာတို့လို မိုးလေဝသ ပညာရှင်တွေ သုံးတဲ့ ခေတ်မီသိပ္ပံနည်းပညာ၊ နက္ခတ်ပညာနဲ့ ကြည့်တဲ့နည်း။ ဒါက ဘုရင် လက်ထက်တွေ ကတည်းက သုံးလာတာ။ နောက်ဆုံးတမျိုးက လယ်သမားတွေသုံးတဲ့ဟာ။ ပတ်ဝန်းကျင် ကျေးငှက် တိရစ္ဆာန်တွေရဲ့ အမူအကျင့်ကို ကြည့်ပြီး လေကျတော့မယ်။
ရေကြီးတော့မယ်။ မုန်တိုင်း တိုက်မယ်ဆိုတာ ခန့်မှန်းတဲ့နည်း။ အားလုံးကို ခြုံပြောရရင် မြန်မာ့ရိုးရာ မိုးလေဝသ ခန့်မှန်းတဲ့ နည်းပေါ့။
မေး။ ။ ဖြည့်စွက်ပြောချင်တာ ရှိပါသေးလားရှင့်။
ဖြေ။ ။ ဖြည့်စွက်ပြောချင်တာကတော့ ၂ချက်ပါပဲ။ တချက်က ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်ရဲ့ မတ်လ ၂၃ ရက် နေ့ ရောက် တိုင်း ဆောင်ပုဒ် သတ်မှတ်ပြီးတော့ ကျင်းပတဲ့ ကမ္ဘာ့မိုးလေဝသနေ့။ ပြီးခဲ့တဲ့ ၂နှစ်မှာ သုံးခဲ့တဲ့ ဆောင်ပုဒ်တွေက ဘာလဲ ဆိုတော့ ရာသီဥတု လုပ်ငန်းများအတွက် ရာသီဥတု အသိပညာ။ ဆိုလိုတာက အသိပညာ ပြန့်ပွားဖို့ လုပ်ကိုလုပ်ရမယ်။
ဒီဟာ ပညာရပ် တခုဆိုတာကို အများသိလာအောင် အစိုးရက ဦးဆောင်လုပ်သင့်တယ်။ ၂ အချက်က ဘာလဲဆိုတော့ မြန်မာနိုင်ငံ အပါအဝင် တကမ္ဘာလုံး ဖြစ်နေတဲ့ ရာသီဥတု အပူချိန်သည် တမျိုးပဲဖြစ်တယ်၊ Hoter ပိုပူတာပဲ ဖြစ်တယ်။ မိုးဆိုရင် ၂မျိုး Drier နဲ့ Weater ၊ မိုးခေါင်တာနဲ့ ရေကြီးတာပဲ ဖြစ်တယ်။
ဒီနေ့ ရာသီဥတုသည် ပိုပူ ပိုမိုးခေါင်ပြီး ပိုရေကြီးသော ရာသီဥတုသာ ရှိတဲ့အတွက် ဒီရာသီဥတုဘောင်ထဲမှာ နေဖို့ထိုင်ဖို့ စိုက်ဖို့ပျိုးဖို့ဆိုတာ အလွန်ခက်ခဲတယ်။ ပျက်စီးဆုံးရူံးမှု နည်းအောင်လုပ်ဖို့ ဆိုတဲ့အလုပ်က အသိပညာက ဦးမဆောင်ဘဲ လုပ်လို့ မရပါဘူး။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မရှိလို့ မရပါဘူး။
မြန်မာပြည်ဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်တယ် ဆိုပေမယ့် စိုက်ပျိုးရေးနဲ့ မိုးလေဝသနဲ့ ပေါင်းစပ်ထားတဲ့ စိုက်ပျိုး ရေး မိုးလေဝသ ပညာရှင် ရှားပါတယ်။ အဲဒါကို အစိုးရက စီမံချက်ချပြီး မွေးထုတ်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ ။