ARSA နဲ့ ပတ်သက်မှု မရှိဘူး

နန်းလွင်နှင်းပွင့်
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

အစိုးရနဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေး ကော်မတီ (FPNCC) အဖွဲ့ဝင်တွေအကြား အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီး နိုင်ငံရေး ဆွေးနွေးနိုင်ဖို့ ကြားဝင် ညှိနှိုင်းပေးနေတဲ့ တရုတ်ကိုယ်စားလှယ်က ရက္ခိုင့်တပ်မတော် (AA) အပါအဝင် FPNCC အဖွဲ့ဝင်တွေကို ရခိုင်ပြည်နယ် ထဲက အကြမ်းဖက် ARSA အဖွဲ့နဲ့ မပတ်သတ်ဖို့၊ ပတ်သတ်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ပြောဆိုတာတွေ ရှိပါတယ်။

ဒါကြောင့် ARSA အဖွဲ့နဲ့ ပတ်သက်မှု ရှိမရှိ အပါအဝင် မကြာသေးခင်က ကျင်းပပြီးသွားတဲ့ FPNCC အစည်းအဝေး ဆွေးနွေးချက်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေတွေနဲ့ ပတ်သက်ပြီး FPNCC အဖွဲ့ဝင်ဖြစ်တဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ တရုတ်ဘက်က AA အပါအဝင် မြောက်ပိုင်းအဖွဲ့တွေကို ARSA လို အကြမ်းဖက်အဖွဲ့နဲ့ မပတ်သတ်ဖို့ ၊ ဆက်စပ်မှု ရှိရင် ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုတာမျိုး ပြောတယ်လို့ သိရပါတယ်။ ဒီအပေါ်မှာရော မြောက်ပိုင်းအဖွဲ့ တွေ သဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ကိုလည်း တရုတ်နိုင်ငံ လုံခြုံရေးအရာရှိတွေက တဆင့်လာပြီးတော့ အဲဒီ ARSA အဖွဲ့ရဲ့ သတင်းတွေကို စုံစမ်းမေးမြန်း တာတော့ ရှိပါတယ်။ ပြီးရင် သူတို့ (ARSA) ကို မကူညီဖို့ ပြောတာတွေ ရှိတယ်။ အဲ့တော့ ကျနော်တို့ ပြောပြတယ်။ ဘာသာရေးကို အခြေခံတဲ့ Jihadist တွေကို ဘယ်သူမှလည်း မကူညီဘူး။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေဆိုတာကလည်း အမျိုးသားရေး လိုလားချက် တွေကို တိုက်နေတာ ဖြစ်တယ်။ တဖက်က ပြောဆိုတဲ့ အချက်တွေ ရှိတယ်လို့ ကျနော်တို့က ယူဆတယ်။ နိုင်ငံရေး ညစ်လုံး၊ ထိုးလုံးလို့ ပြောရမလား။ တိုင်းရင်းသားလက်နက်ကိုင်တွေက ဒါနဲ့ ဆက်စပ် နိုင်တယ်ဆိုပြီး ယုံမှား အောင် သွားပြောတာတွေ ရှိတယ်။ ကျနော်တို့ တဆင့်ကြားထားတယ်။ တကယ်ဆိုရင် ဒီ ARSA ကြောင့် တိုက်ရိုက် ဒုက္ခရောက်နိုင်တာက ကျနော်တို့ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးတွေပဲ ဖြစ်တယ်။ ကျနော်တို့လည်း အဲ့ကိစ္စကို တော်တော်လေး စိတ်မအေးရဘူး။ စိတ်ပူရတယ်။ အဲ့အပိုင်းမှာ တရုတ်လို နိုင်ငံကြီးကလည်း သတိထားတယ်။ စိတ်ပူတယ်ဆိုတော့ ကျနော်တို့နဲ့ တူညီတဲ့ ရပ်တည်ချက်ရှိတယ်ပေါ့ဗျာ။ သူတို့ စိတ်ပူတယ် ဆိုတော့ ကျနော်တို့အတွက် ပိုကောင်းတာပေါ့။ ဒီကိစ္စကို အထူးသတိထားပါတယ်။

မေး။ ။ AA က နောက်ကွယ်မှာ ARSA နဲ့ ဆက်သွယ်မှုတွေ ရှိနိုင်တယ်လို့ ပြည်တွင်း နိုင်ငံရေးလေ့လာသုံးသပ်သူ အချို့က ထင်ကြေးပေး ပြောဆိုတာတွေ ရှိတယ်။ ဒါက မှန်ပါသလား။

ဖြေ။ ။ ယုတ္တိမရှိတဲ့ ပြောဆိုချက်ပဲ ဖြစ်တယ်။ သူတို့မှာ ကျနော်ထင်တာ ဦးနှောက်မပါပဲ သုံးသပ်တာပဲ ဖြစ်မယ်။ ဒါမှမဟုတ် တမင်တကာ ရည်ရွယ်ချက်နဲ့ စွပ်စွဲ ပြောဆိုတယ်လို့ပဲ ယူဆတယ်။

မေး။ ။ သူတို့ကိုယ် သူတို့ ရိုဟင်ဂျာဖြစ်ပြီး ရခိုင်ပြည်နယ်ထဲက တိုင်းရင်းသားတခု ဖြစ်တယ်လို့ ပြောဆိုချက် အပေါ် ဗိုလ်ချုပ် သဘောထား သိချင်ပါတယ်။

ဖြေ။ ။ ဒီကိစ္စက တော်တော်လေး ရှုပ်ထွေးတဲ့ အနေအထားဖြစ်တယ်။ တတ်နိုင်သမျှ ဒီကိစ္စကို မဖြေဘူး။ ဒီနေ့တော့ ကြုံလို့ ပြောရမယ်ဆိုရင် တိုင်းရင်းသား ဟုတ်မဟုတ်ဆိုတာကတော့ လက်ရှိ မြန်မာနိုင်ငံအစိုးရ ကနေ တိုင်းရင်းသား ဆိုတဲ့ ဝေါဟာရကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆို လက်ခံထားသလဲ ဆိုတဲ့ ပေါ်မှာ မူတည်ပါတယ်။ သူတို့တွေရဲ့ မျိုးရင်းဗီဇ DNA ၊ ဘာသာစကား ၊ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အစားအစာ ၊ ကိုးကွယ် ယုံကြည်မှု ၊ ကျနော်တို့ ရခိုင်ဒေသကို ဝင်ရောက်လာပုံတွေပေါ့ ။ အင်္ဂလိပ်ကိုလိုနီလက်ထပ်က မှတ်တမ်းတွေကို ဖတ်ကြည့်ရင်လည်း ကြည့်လို့ ရပါတယ်။

အထောက်အထားတွေကိုတော့ ငြင်းနေရင်လည်း အပိုတွေပါပဲ။ ကျနော်ကတော့ မသေချာ မရေရာတဲ့ ယူဆချက် တွေကို ခံစားချက်တွေကို ရှေ့တန်းတင်ပြီး မငြင်းခုန်တတ်ပါဘူး။ သေချာတဲ့ အရှိတရားတခု ကတော့ ဒီလူတွေဟာ မြန်မာနိုင်ငံဘက်မှာ ရှိနေတဲ့ ဘင်္ဂါလီအနွယ်လူသားတွေ ဖြစ်ကြပါတယ်။ ယခု သူတို့ တဖက်နိုင်ငံ ကို ထွက်ပြေးသွားတယ် ဆိုတော့ NLD အစိုးရက အဲ့လူတွေကို ပြန်လည်လက်ခံဖို့အတွက် သဘောတူညီချက်တွေ ဆောင်ရွက်နေတာတွေကို ကျနော်တို့ တွေ့နေရပါတယ်။ Repatriation ပေါ့ ။ Repatriation ဆိုတာ ကိုယ့်ရဲ့ နိုင်ငံကို ပြန်သွားခြင်းပေါ့ဗျာ။ အဲ့လို အသုံးအနှုန်းဆိုကတည်းက ထွက်ပြေးသွားတဲ့ သူတွေက မြန်မာ နိုင်ငံသား ဖြစ်ပါတယ်လို့ ဒါက လက်ခံခြင်း ဖြစ်တယ်လို့ ကျနော်နားလည်တယ်။

ဒီလိုဆိုရင် မြန်မာနိုင်ငံသားဖြစ်ပြီလို့ လက်ခံလိုက်ပြီဆိုရင် မြန်မာနိုင်ငံဥပဒေ အရ ဒီလူသားတွေကို တန်းတူ နိုင်ငံသားအခွင့်အရေးတွေ ရရှိသင့်တယ်။ ဒုက္ခသည်တွေကို ပြန်လည်လက်ခံလိုက်မယ်။ ပြီးရင် အကျဉ်းစခန်း လို နေရာမျိုးတွေမှာ ပိတ်လှောင်မထားသင့်ပါဘူး။ သူတို့ကို လက်ခံပြီဆိုရင် မြန်မာနိုင်ငံသား တယောက်လို ဥပဒေနဲ့ အညီ ဆက်ဆံသင့်တယ်။ မြန်မာနိုင်ငံတနိုင်ငံလုံးကို လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးသင့်တယ်။ အလုပ်အကိုင် အခွင့်အလမ်း၊ စီးပွားကူးသန်းခွင့်၊ ပညာရေး စသည်ဖြင့် သူတို့နိုင်ငံခြား သွားချင်တယ်ဆိုရင် လည်း မြန်မာနိုင်ငံ Passport ထုတ်ပေးရမယ်။ ဒီလူတွေ အနေနဲ့လည်း နိုင်ငံရဲ့ ဥပဒေကို လေးစား လိုက်နာ ရမယ်။ သစ္စာရှိရမယ်။

ဒါ့ကြောင့် ဒီကိစ္စကို သေချာတဲ့ မူတခု မရှိပဲနဲ့ ပြဿနာကို အပေါ်ယံဖြေရှင်းသလိုမျိုး အခုလို နိုင်ငံတကာ ဖိအား တွေ များလာလို့ အပြင်ပန်း အပေါ်ယံ ဖြေရှင်းလိုက်မယ်။ ခဏနေပြဿနာ တတ်လာမယ် ဆိုရင် ဒါက နောင် ဆိုရင် ပိုဆိုးသွားမယ်။ ပီပြင်တဲ့ မူတခု ချပြီးတော့မှ အစိုးရအနေနဲ့သော်လည်း တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ ဖြေရှင်းသင့်တယ်လို့ ကျနော်မြင်ပါတယ်။

မေး။ ။ နိုင်ငံတကာ အသိုင်းအဝိုင်းက ARSA ကို တော်လှန်ရေးအဖွဲ့တဖွဲ့လို့ မြင်ပေမယ့် ပြည်တွင်းမှာတော့ အကြမ်းဖက် လို့ပဲ သတ်မှတ်တယ်။ ဒီလို အမြင်နှစ်ခုကြားထဲမှာ ဗိုလ်ချုပ်ကရော ARSA ကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အဲ့တာကတော့ ကျနော်တို့ တော်လှန်ရေးအဖွဲ့လို့ မြင်ဖို့ အတွက်ကတော့ ကျနော်တို့လည်း သူတို့ရဲ့ ရပ်တည် ချက် တွေကို ဘာသာရေး နဲ့ သိပ်ခွဲခြားလို့ မရသေးဘူး ဖြစ်နေတယ်။ သူတို့ လုပ်ဆောင်နေတဲ့ အစောပိုင်းက ကိစ္စတွေကို သေချာ သုံးသပ်ကြည့်မယ်ဆိုရင် ဂျီဟတ် လှုပ်ရှားမှုလိုမျိုး ဖြစ်တာပေါ့ဗျာ။ ဆိုတော့ တော်လှန်ရေး အဖွဲ့အစည်းတခုလိုတော့ ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အသိုင်းအဝိုင်းမှာ လက်ခံထားတာ မတွေ့သေးဘူး။ နိုင်ငံတကာကတော့ သူတို့ရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ခြိမ်းခြောက်တာ မဟုတ်ရင် တချို့ကိစ္စ တွေမှာ စာနာမှု တခုတည်းကို ရှေ့တန်းတင်ပြီး တာဝန်မဲ့ ဆိုတဲ့ အသုံးအနှုန်းတွေလည်း အများကြီး တွေ့တာ ပေါ့ဗျာ။

အဓိက ကတော့ နိုင်ငံတကာက ဘယ်လောက်ပဲ လက်ခံသည်ဖြစ်စေ၊ အဓိက ကတော့ မြန်မာနိုင်ငံမှာ နေတဲ့ လူတွေ အတွက်ဆိုရင် မြန်မာနိုင်ငံက လက်ခံဖို့ ပိုအရေးကြီးတယ်။ မြန်မာနိုင်ငံသားတွေနဲ့ သဟဇာတဖြစ်ဖို့ ပိုအရေးကြီး တယ်။ နိုင်ငံတကာက လက်ခံတာ လက်မခံတာက တပိုင်း၊ မြန်မာနိုင်ငံက လက်မခံဘူးဆိုရင် ပဋိပက္ခက မြန်မာနိုင်ငံမှာ ဖြစ်နေတာ ဖြစ်တယ်။ ဆိုတော့ကျနော်တို့ တိုင်းရင်းသားတွေကြားမှာ အဲ့တာကို တော်လှန်ရေးအဖွဲ့အစည်းအနေနဲ့ လက်ခံထားတာ မရှိကြသေးပါဘူး။

မေး။ ။ ပြည်တွင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပြီး လူတွေ အစုလိုက် အပြုံလိုက်စွန့်ခွာ ထွက်ပြေးကြတဲ့ ကိစ္စတွေ သတ်ဖြတ်ခံရမှုတွေ အကြောင်းအရင်းတွေကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း က မြန်မာအစိုးရအပေါ် ဖိအားတွေ အများကြီးပေးတာ ရှိတယ်။ ဒီအကြောင်း အရင်းတွေ က မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းကို အနှောင့်အယှက်ဖြစ်စေနိုင်မယ်လို့ ထင်လား။

ဖြေ။ ။အတိုင်းအတာတခုထိတော့ သက်ရောက်မှု ရှိတာပေါ့။ သံတမန်ရေး ရှိမယ်။ ပြီးရင် ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာ စီးပွားရေးမှာ ထိခိုက်မှုတွေ ရှိတာတို့ မှန်ပါတယ်။ သို့သော်လည်း ဒီမိုကရေစီ အပြောင်းအလဲအတွက် အဓိက လိုအပ်တဲ့ အခြေခံဥပဒေ ပြောင်းလဲရေး ဆိုတာက လွှတ်တော်မှာ လုပ်ရမယ့် ကိစ္စဖြစ်တယ်။ ဒါနိုင်ငံတကာနဲ့ ဘာမှ မဆိုင်ဘူး။ ပြီးရင် မြန်မာနိုင်ငံ ဒီမိုကရေစီအပြောင်းအလဲမှာ အဓိက ပြည်တွင်းပြဿနာကို ဖြေရှင်းတဲ့ အချိန်မှာ ငြိမ်းချမ်းရေးနဲ့ပြည်ထောင်စု ပြဿနာကို ဖြေရှင်းရမှာ ဖြစ်တယ်။ အဲ့ဒီနှစ်ချက်လုံးက ပြင်ပနဲ့ ဘာမှ မဆိုင်ဘူး။ ကျနော်တို့ အချင်းချင်းကြားမှာ ရှင်းရမယ့်ပြဿနာ ဖြစ်တယ်။ အဲ့တာကို မဖြေရှင်းနိုင်ပဲနဲ့ ဒီပြဿနာကို လက်ညိုးထိုးပြီး ဆင်ခြေပေးတာတော့ မသင့်လျော်ဘူးလို့ ကျနော် ထင်တယ်။

ကျနော်ကတော့ ဆန့်ကျင်ဘက်မို့ အပြစ်ဖို့တာ မဟုတ်ပါဘူး။ အရှိတရားကို ပြောပြတာပါ။ မြန်မာစစ်တပ်က လက်လွန်ခြေလွန်လုပ်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ သူတို့အပြစ်ဖို့တာနဲ့ ပတ်သတ်ပြီး သူတို့လည်း တချို့ အစိတ်အပိုင်းတွေမှာ တာဝန်ရှိမယ်လို့ ကျနော်ထင်တယ်။ အဲ့ဒီအပိုင်းတွေတော့ ရှိတာပေါ့။

ပြီးရင် အစိုးရ အနေနဲ့လည်း ဖိအားတွေကို ပြန်ပြီးတော့ တုန့်ပြန်တဲ့ အချိန်မှာ အဆင်ပြေရင် ပြေသလို လုပ်နေတာပဲ တွေ့တယ်။ ပီပြင်တဲ့မူ သေချာချပြီးမှ လုပ်ရင်တော့ ပြဿနာ ဖြေရှင်းတာ ပိုလွယ်ကူမယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်လည်း ဖြစ်တယ်ဆိုတော့ တိုင်းရင်းသားတွေ ကြားမှာ စည်းလုံးညီညွတ်မှု မရှိဘူး။ တိုင်းရင်းသားတွေကြားမှာ စည်းစည်းလုံးလုံးနဲ့ ဖြေရှင်းရင်တော့ ဒီပြဿနာ ဖြေရှင်းရတာ လွယ်ကူမယ်လို့ ထင်တယ်။

အထူးသဖြင့် ရခိုင်ဒေသရဲ့ ပြဿနာဖြေရှင်းတဲ့ အချိန်မှာ ရခိုင်လူထုရဲ့ သဘောထားကို အလေးမထားပဲ လုပ်နေတာတွေ အများကြီး ရှိတယ်။

မေး။ ။ ရခိုင်ဟာ ထိလွယ်ရှလွယ်ဒေ ဖြစ်နေတယ်ဆိုပြီး အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်ဖို့ NCA ထိုးထား တဲ့ ALP ကို နိုင်ငံတော် အတိုင်ပင်ခံက ခွင့်မပြုလို့ ကျင်းပဖို့ ပြင်ထားတဲ့ ကော်မတီတွေတောင် ဖျက်လိုက်ရတယ်။ AA ကလည်း အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့ ဆောင်ရွက်နေတော့ ဒါကို ဘယ်လိုမြင်လဲ ။

ဖြေ။ ။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို လုပ်တဲ့ အချိန်မှာ မြန်မာ့တပ်မတော်ဘက်က ပိတ်ပင်တားဆီး မှုတွေက ရခိုင်တခုတည်း မဟုတ်ဘူး။ ရှမ်းပြည်မှာလည်း အကြောင်းရှာပြီး ပိတ်ဆို့ထားတာတွေ အများကြီး ရှိတယ်။ ရှမ်းပြည်မြို့နယ်ပေါင်းများစွာမှာ သူဖွင့်ပေးတဲ့ နေရာက တနေရာ၊ နှစ်နေရာ၊ အဲ့မှာတောင် လူဦးရေကို လိုက်ပြီး ကန့်သတ်နေတယ်။ ရခိုင်ပြည်မှာဆိုရင် အသစ်တိုးလာတာနဲ့ မြို့နယ် ၂၀ ကျော်လောက် ရှိတယ်။ တကယ်တမ်း နယ်စပ်က ပြဿနာက မောင်တောမြို့နယ်ကို ဗဟိုပြုပြီးမှ ဖြစ်နေတာ။ကျန်တဲ့ ၁၉ မြို့နယ် မှာ ဘာမှ မဖြစ်ဘူး။ ကျန်တဲ့ ၉၅ ရာခိုင်နှုန်းလောက်မှာ ဘာမှ မဖြစ်ဘူး။ ဒါဟာ ဆင်ခြေပေးတာတခုပဲ လို့ ကျနော်တို့ မြင်တယ်။ ရှင်းရှင်းလင်းလင်း ကြည့်လိုက်မယ်ဆိုရင် ထင်ရှားတယ်။ ဒါက ဆင်ခြေပေးတာပါ။

အခု NCA ရဲ့ ဖြစ်စဉ်တွေကို ကြည့်လိုက်ရင် သိပ်ပြီး ပြေလည်မယ့် အနေအထား မမြင်ဘူး။ သိပ်ပြီး ပြေလည်မယ့် အနေအထား မမြင်ရတော့ အဆိုးဆုံးပဲ ကျနော်တို့က ပြင်ဆင်ထားနေရတုန်းပါပဲ။

မေး။ ။ ပြီးခဲ့တဲ့ FPNCC အစည်းအဝေးမှာ NCA အကြောင်း ဆွေးနွေးဖြစ်တာတွေ ပြောပြပါဦး။

ဖြေ။ ။ကျနော်တို့ FPNCC အစည်းအဝေးမှာတော့ ဒီညီလာခံ မလုပ်ခင် ကြားထဲမှာ ဆောင်ရွက်တဲ့ ကိစ္စတွေကို တင်ပြကြတာပေါ့ ။ ပြီးတော့ အခု အစိုးရလုပ်ဆောင်နေတဲ့ NCA လမ်းကြောင်းရဲ့ ပကတိအခြေအနေ ၊ အခုချိန်မှာ ဘာတွေ ဖြစ်နေလဲ။ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေကို သူတို့ ဘယ်လို အမြင်ရှိသလဲ။ ထိုးပြီးသား အဖွဲ့တွေနဲ့ ဆက်ဆံရေး အခြေအနေတွေ။ စာချုပ်ပါ အချက်တွေကို ကတိကဝတ်နဲ့ အကောင်အထည် ဖော်မှု တွေ ပြဿနာတွေ အကုန်လုံး ကျနော်တို့ ဆွေးနွေးညှိနှိုင်းကြပါတယ်။

ပြီးတော့ ကျနော်တို့ လိုချင်တဲ့ ပုံစံနဲ့ သူတို့ဘက်က လိုလားနေတာနဲ့ ဘယ်လို ဆက်စပ်ပြီးမှ ဆောင်ရွက်နိုင်မလဲပေါ့။ ကျနော်တို့ ရပ်တည်ချက် FPNCC တခုလုံးအနေနဲ့က အကုန်လုံးနဲ့ စုပြီး ဆွေးနွေးချင်တယ်။ အစိုးရဘက်ကတော့ တဖွဲ့ချင်းကို လိုက်ပြီးမှ အခြေအနေ မတူဘူးဆိုပြီး တဖွဲ့ချင်းကို လိုက်ပြောတာ ရှိတယ်။ မိုင်းလားတို့ ဝတို့လို အဖွဲ့အစည်းတွေကို ဦးသိန်းဇော်တို့ ဦးခင်ဇော်ဦးတို့ သီးခြားဆွေးနွေးတာတွေ ရှိခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ညီနောင် အဖွဲ့အစည်း ကြားထဲမှာတော့ ပွင့်လင်းမြင်သာမှု ရှိအောင် ပြန်လည်တင်ပြကြပါတယ်။

အဲ့ဒီမှာ သူတို့က NCA ကို ထိုးပါ။ ကမ္ဘာမှာ ပြုပြင်လို့ မရတဲ့ သဘောတူညီချက်ဆိုတာ မရှိဘူးလို့ ပြောခဲ့ဆိုခဲ့ တာတွေ ရှိပါတယ်။ အဲ့အပေါ်မှာလည်း ကျနော်တို့ သဘောထား အမြင်တွေ ဖလှယ်ကြတာပေါ့။

မေး။ ။ ပန်ဆန်းအစည်းအဝေးမှာ NCA ထိုးပြီးသူတွေ အကြောင်း သုံးသပ်တယ်ဆိုတော့ ဘာတွေ သုံးသပ်မိကြလဲ ။

ဖြေ။ ။အဲ့အပေါ်မှာ ကျနော့်အမြင်ကို အရင်ပြောချင်တယ်။ ကျနော်မြင်တာက NCA၊ အစိုးရလုပ်နေတဲ့ လမ်းကြောင်း အတိုင်းဆို မကြာသော အချိန်ကာလတခုမှာ ဒီဖြစ်စဉ်က အလျော့အတင်းမလုပ်ပေးဘူးဆိုရင် ရပ်တန့်သွားနိုင်မလားလို့ မြင်တယ်။ တရုတ်ဘက်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ကို မြန်မြန် သွားဖို့ သူလုပ်နိုင်တဲ့ ဘက်ကနေ တွန်းတွန်းတိုက်တိုက် တွန်းအားပေးနေတာတွေ ရှိတယ်။ သူတို့ကလည်း သူတို့ နိုင်ငံ စီမံကိန်းကြီးတွေ ရှိနေတော့ အဲ့တာကိုလည်း ပိုပြီး လိုလားနေတာ ဖြစ်မယ်လို့ ယူဆတယ်။ ကျနော်တို့ဘက် ကလည်း သဘောထားကြီးမှုတွေ စိတ်ရှည်မှုတွေ အပြုသဘော ဆောင်တဲ့ ဘက်တွေကို ပြတဲ့ သဘောထားတွေ လည်း ရှိကြတာပေါ့။

မေး။ ။ FPNCC ရဲ့ မူလရပ်တည်ချက်က NCAကို မဆွေးနွေးဘူး။ အပစ်ရပ်စာချုပ်သစ်တခု ချုပ်ချင်တယ်လို့ ဆိုထားပြီး အခုဘာလို့ NCA ကို ပြန်ဆွေးနွေးကြတာလဲ ။ တရုတ်ရဲ့ တိုက်တွန်းမှုကြောင့်လား။ ဘာ့ကြောင့်လဲ ။

ဖြေ။ ။အဲ့တာကတော့ နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ဖြစ်နိုင်ချေတွေကို ပြန်သုံးသပ်တဲ့ သဘောလည်း ပါတယ်။ တရုတ်ဘက် ကလည်း ဒီကိစ္စကို ကြားဝင်စေ့စပ်ပေးမှုတွေလည်း ပါတယ်။ ကျနော်တို့ကတော့ ယခင်လုပ်ထားတဲ့ NCA အပေါ်မှာ အပစ်ခတ် ရပ်စဲရေးနဲ့ နိုင်ငံရေးသဘောတူညီချက်ကို တသီးတသန့်စီ ခွဲပြီးမှ လုပ်ရင် ပိုကောင်းမယ် ဆိုတဲ့ အမြင်က ရှိပြီးသား။ သီးခြားမချုပ်ဆိုရင်တောင်မှ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးသဘောတူညီချက် တွေကို ရှင်းရှင်းလင်းလင်း အကန့်လိုက်စီ ခွဲပြီးတော့မှ သဘောတူညီတာမျိုး။ ပြီးရင် သူတို့ဘက်က ပြောသလိုမျိုးစာချုပ်ဆိုတာ ပြောင်းလဲလို့ ရတယ်ဆိုတာကို ခိုင်လုံအောင် သေချာအောင် ဒီသဘောတူညီချက်တွေ။ ပြောတဲ့ စကားဟာ ပုံမှန် Gentlemen Agreement လောက်နဲ့ပဲ မေ့ပျောက်သွားတာမျိုး မဟုတ်ပဲ ပီပြင်တဲ့ ဖော်ပြချက်တွေနဲ့ တိတိကျကျ လုပ်ဆောင်တာမျိုး ဖြစ်မယ်။ ကျနော်တို့ အရင်လုပ်ခဲ့တဲ့ အထွေထွေ မူဝါဒများနဲ့ အသေးစိတ် တောင်းဆိုချက်များဆိုတာ ရှိတယ်။ အဲ့တာကိုလည်းပဲ ဆီလျော်အောင် အသိမှတ်ပြုပြီး မှ လက်ခံ အကောင်အထည်ဖော်မယ်ဆိုရင်တော့ ရှေ့ဆက်သွားနိုင်မယ့် လမ်းတွေ ရှိကောင်း ရှိနိုင်တယ်။

မေး။ ။ အစိုးရဘက်က တလျှောက်လုံးပြောနေတာက FPNCC ထဲမှာ ပါတဲ့ အဖွဲ့တွေက အခြေအနေတွေ မတူကြဘူး။ အထူးသဖြင့် ဝ၊ မိုင်းလားတို့ပေါ့။ အခြေအနေ မတူကြတဲ့ အဖွဲ့တွေက အပစ်ရပ်စာချုပ်တခုနဲ့ အတူတူသွားဖို့ ဖြစ်နိုင်မလား။

ဖြေ။ ။ကျနော်တို့ လက်ရှိအခြေအနေမှာ ဝတို့မိုင်းလားတို့လို အဖွဲ့တွေက တော်တော်လေး ခရီးရောက်နေတာ မှန်ပါတယ်။ သို့သော် သူတို့ ရရှိနေတဲ့ အခွင့်အရေးတွေက အခြေခံဥပဒေအရ တရားဝင်အပ်နှင်း ထားတဲ့ ပြည်ထောင်စု ပဋိဉာဉ်တွေ မဟုတ်သေးဘူး။ ကျနော်တို့မှာ တူညီတဲ့ အနာဂတ်မျှော်မှန်းချက်တွေ ကိုယ်စီ ရှိကြတယ်။ လက်ရှိအခြေအနေမှာ မတူညီပေမယ့် တူညီတဲ့ အနာဂတ် မျှော်မှန်းချက်တွေပေါ်မှာ ပူးပေါင်း ဆောင်ရွက်လို့ ရတယ်။ ပြီးတော့ မြန်မာနိုင်ငံ တိုင်းရင်းသားပြဿနာ ဖြေရှင်းတဲ့ အချိန်မှာ တချို့ လူမျိုးကို ပိုပေးမယ်။ တချို့လူမျိုးကို လျော့ပေးမယ်ဆိုတာကတော့ ပဋိပက္ခပဲ ဖြစ်မယ်။ ဒါ့ကြောင့် တန်းတူ အခွင့်အရေးဆိုတာကို ကျနော်တို့ ဆိုလိုနေကြတာ ဖြစ်ပါတယ်။

မေး။ ။ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အခြေအနေကို ဘယ်နေရာရောက်နေပြီလို့ ပြောလို့ရမလဲ။ NCA ကို ပဲ ဆွေးနွေးမယ့် အခြေအနေလား၊ ဒါမှမဟုတ် ဆွေးနွေးမရသေးပဲ ရပ်နေမယ့် သဘောလား။

ဖြေ။ ။အဲ့တာတော့ လောလောဆယ် အခြေအနေမှာ ပြောရခက်တယ်။ ကျနော်တို့ဘက်ကတော့ NCAကို ပြုပြင်လို့ ရမယ်ဆိုရင်လည်းပဲ ပြုပြင်ပြီး ဒီလမ်းကြောင်းပေါ်မှာ ခရီးဆက်မယ်။ အပြုသဘောဆောင်ပြီး ကြိုးစား လုပ်ဆောင်မယ်။ အဲ့ကြားထဲမှာ အခက်အခဲနဲ့ စိန်ခေါ်မှုက ကျန်သေးတယ်။ နဂိုအစိုးရ ပြောထားတဲ့ တအာင်း၊ ကိုးကန့်၊ ရခိုင် သုံးဖွဲ့ကို ဒီ NCA လုပ်ငန်းစဉ်မှာ ငြင်းဆိုထားတဲ့ ကိစ္စတွေကလည်း ကြားထဲမှာ စိန်ခေါ်မှုအဖြစ် ရှိနေတုန်းပဲ ဖြစ်တယ်။ ဒါပေမယ့် တရုတ်ဘက်ကတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ပြီးမှ ပြေလည်သွားဖို့ အတွက်ကတော့ တွန်းတွန်းတိုက်တိုက် လုပ်နေတာတော့ ရှိတာပေါ့။ ကျနော်တို့က FPNCC မှာ အဖွဲ့ဝင်တွေ အကုန်လုံးပါပြီးမှ ဒီခရီးကို ရှေ့ဆက်သွားမယ်ဆိုတဲ့ ရပ်တည်ချက်နဲ့ လုပ်နေတာ။ အစိုးရဘက်က အဲ့ဒီအပေါ်မှာ အလျှော့အတင်း လုပ်မလား။ မလုပ်ဘူးဆိုရင် ဒီခရီးက ရှေ့ကို သွားမှာ မဟုတ်ဘူး။ သူတို့ဘက်က အကုန်ပါပြီးမှ ညှိနှိုင်းရအောင် ဆိုရင်တော့ ရှေ့ကို အရွေ့တခုတော့ ဖြစ်လာနိုင်ချေရှိတယ်။

မေး။ ။ မြောက်ပိုင်းအဖွဲ့တွေ တရုတ်-မြန်မာ နယ်စပ်နေရာတွေမှာ တပ်မတော်ကို ထိုးစစ်ဆင်တာတွေ စမလုပ်ဖို့ တရုတ်ဘက်က ပြောတယ် ဆိုတာ ကြားပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ပြောတာလဲ။

ဖြေ။ ။ခုနက ပြောခဲ့သလိုပဲ ။ သူတို့က နယ်စပ်မှာ တည်ငြိမ်ရင် စီးပွားရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကောင်းမယ်။ အကုန်လုံး အတွက် အကျိုးရှိတာပေါ့ ။ ကျနော်တို့ နိုင်ငံဘက်ခြမ်းမှာလည်း အစိုးရဘက်က စစ်ဆင်ရေး တွေက အမြဲတမ်း ရှိတယ်။ ကျနော်တို့ကို ဒီလို တိုက်ပွဲတွေ ပြန်လုပ်ခဲ့ရင် အခြေအနေ မတည်ငြိမ်မှာစိုးလို့ ထိန်းထိန်း သိမ်းသိမ်း လုပ်ပါလို့ ပြောတာ ရှိတာပေါ့ ။ ကျနော်တို့ကလည်း ပြန်ရှင်းပြပါတယ်။ ကျနော်တို့ ထိုးစစ်ဆင်တယ် ဆိုတာက အရင်စပြီး ဆင်တာ မဟုတ်ပဲ ။ အစိုးရရဲ့ စစ်ဆင်ရေး တွေကို Counter-Offensive လုပ်တဲ့ သဘောမျိုးပဲ ဖြစ်တယ်ဆိုတာကို ကျနော်တို့ ပြောပြတယ်လေ။ တခါတခါဆို အစိုးရရဲ့ ထိုးစစ်တွေ အရမ်း များလာတဲ့ အချိန်မှာကျတော့ ကျနော်တို့က အခက်တွေ့တာပေါ့ဗျာ။ စစ်ရေးအရ ထိုးစစ်ကို Counter-Offensive ပြန်လုပ်ပေးရတဲ့ ပုံစံရှိတယ်။ ဒါ့ကြောင့် ဟိုဘက်ကိုလည်း ပြောပေးပါ။ အစိုးရဘက်က ထိုးစစ် ဆင်လာရင် ကျနော်တို့ ဒီတိုင်းထိုင်နေလို့တော့ မရဘူး။ ငါတို့ ပြန်ပြီး လုပ်ရလိမ့်မယ်။ ဒါ့ကြောင့် ကြားဝင်ဖျန်ဖြေ ပေးတယ် ဆိုတာကတော့ နှစ်ဦးနှစ်ဖက်ကြားမှာ သမာသမတ်ရှိရှိနဲ့ ဟိုဘက်ဒီဘက်ကို ထိန်းထိန်း သိမ်းသိမ်းဆိုရင်တော့ ဒါက လုပ်ဖြစ်နိုင်ပါတယ်လို့ ကျနော်တို့ဘက်က အကြောင်းပြန်တာ ရှိပါတယ်။

မေး။ ။ တဖက်ကလည်း အင်အားကြီးနိုင်ငံတရုတ်က စစ်ရေးနဲ့ ပတ်သတ်ပြီး တောင်းဆိုတာတွေ ရှိတယ်။ တဖက်မှာလည်း တပ်မတော်နဲ့ စစ်ရေးရင်ဆိုင် နေရတဲ့ကြားမှာ မြောက်ပိုင်းအဖွဲ့တွေက စစ်ရေးကိစ္စနဲ့ ပတ်သတ်ပြီး ဘယ်လိုချိန်ဆပြီး သွားနေကြသလဲ။

ဖြေ။ ။ အေးပေါ့ဗျာ အခက်အခဲဆိုတဲ့ ကြားမှာ ပြေလည်အောင်တော့ ကြိုးစားရတာပေါ့။ တဖက်မှာလည်း ကိုယ့်ရဲ့ ရပ်တည်ချက်၊ ကျနော်တို့ရဲ့ ရပ်တည်ချက်ဆိုတာကလည်း ကိုယ့်လူမျိုးရဲ့ အကျိုးစီးပွား၊ နိုင်ငံရေး ဆိုင်ရာ အမျိုးသား အကျိုးစီးပွားဆိုတော့ လျှော့ပေးလို့ရတဲ့ နေရာတွေ ရှိသလို လျော့ပေးလို့ မရတဲ့ နေရာတွေ ရှိတယ်။ ဟိုဘက်က ကျပြန်တော့လည်း သူ့ရဲ့ တောင်းဆိုမှုတွေနဲ့ လိုလားချက်တွေက ကျိုးကြောင်း ဆီလျော်တယ်ဆိုရင် ကျနော်တို့က ပူးပေါင်းဆောင်ရွက်ပါတယ်။ ဒီလိုပဲပေါ့။ ပြန်လည်ရှင်းလင်း ပြောရတာပေါ့။

မေး ။ ။ မြောက်ပိုင်းအဖွဲ့ရဲ့ လက်ရှိအခြေအနေက NCA ပေါ်မှာပဲ ပြန်ဆွေးနွေးသွားမယ့် အနေအထား လို့ ပြောလို့ ရနိုင်လား။

ဖြေ။ ။တရုတ်ကတော့ တွန်းတွန်းတိုက်တိုက် ရှေ့ကို ရောက်စေချင်တဲ့ လုပ်ဆောင်မှုတွေ ရှိပေမယ့် ကျနော်တို့ ဘက်ကလည်း ဖြစ်သင့်တာဆိုရင် လိုက်လျောပြီးမှ ချုပ်ဆိုဖို့ ပြင်ဆင်ထားတယ်။ သို့သော်လည်း မြန်မာအစိုးရ ဘက်ကနေ ဘယ်လို ပြုပြင် ပြောင်းလဲမှုတွေနဲ့ လိုက်လျောညီထွေအောင် လက်ခံမှုတွေ ရှိမလဲ ဆိုတာလည်း အများကြီး မူတည်ပါတယ်။ သူ့ဘက်က လွန်ခဲ့တဲ့ ညီလာခံမှာ မြန်မာစစ်တပ်ခေါင်းဆောင်တွေ ပြောခဲ့သလိုမျိုး NCA ဟာ ပြောင်းလဲလို့ မရဘူးလို့ တင်းတင်းမာမာ ဆိုရင်တော့ ဒီကိစ္စက ရှေ့တိုးလို့ မရတော့ပါဘူး။

မေး။ ။ တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်းနဲ့ ပတ်သတ်ပြီး AA အပါအဝင် မြောက်ပိုင်းအဖွဲ့တွေရဲ့ သဘောထား သိချင်ပါတယ်။

ဖြေ။ ။ဒီပိုးလမ်းမစီမံကိန်းကြီးက ၂၁ ရာစုမှာ တကယ့်ကြီးမားတဲ့ စီမံကိန်းကြီး၊ ကြီးမားတဲ့ အေရွှေ့ကြီး တခုဖြစ်တယ်။ အဲ့တာ စီမံကိန်းရဲ့ သဘောထားတွေ ကျနော်တို့ လေ့လာကြည့်တော့ သူ့ရဲ့ ဒေသတခုလုံး ဖွံ့ဖြိုးတိုးတတ်မှု ၊ အကျိုးစီးပွားကို မျှဝေခံစားမှု ဆိုတဲ့ မူ ၊ ရပ်တည်ချက်တွေ အများကြီး တွေ့ရတယ်။ ဒါ့ကြောင့် ကျနော်တို့ FPNCC အနေနဲ့လည်း ကြိုဆိုတယ်။ ကျနော်တို့ ရက္ခိုင့်တပ်မတော် အနေနဲ့လည်း ခေတ်နောက်ကျန်နေတဲ့ ကျနော်တို့ ရခိုင်တွေက ဒီစီမံကိန်းကြောင့် ဘယ်လိုမျိုး ကမ္ဘာကြီးနဲ့ ချိတ်ဆက်ရနိုင်မလဲ။ အခုချိန်မှာဆိုရင် ကျောက်ဖြူစီမံကိန်းတွေ တခြားသယံဇာတ စီမံကိန်း ဆိုင်ရာတွေမှာ ကျနော်တို့က မေ့ပျောက်ခံ ဖြစ်နေတာ။ ဒီဟာတွေကို ဖောက်ထွက်ပြီးမှ ကိုယ့်ဒေသ အကျိုးရှိအောင် နည်းလမ်းတွေကို ကျနော်တို့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် အနေနဲ့ကတော့ ကြိုးစားသွားဖို့ ရှိတယ်။ အခုဆိုရင် ကျနော်တို့ အရင်ထက်ပိုပြီးမှ အခြေခံကောင်း တွေ ရှိလာပြီ။ စစ်ရေးအရရော နိုင်ငံရေးအရရောပိုပြီးမှ ခိုင်မာမှုတွေ ရှိလာတဲ့ အချိန်မှာ ပလက်ဖောင်းကို ပိုမြှင့်ပြီး ကျနော်တို့ ဒီဟာကို လက်လှမ်းမှီအောင် ကြိုးစားသွားမယ်။

ကောင်းကျိုး၊ ဆိုးကျိုး မျှတွေးတဲ့အခါ စီမံကိန်းကြောင့် မြန်မာပြည်ဘက်က နစ်နာမလားဆိုတဲ့ ပညာရှင်တွေ သုံးသပ် ပြောဆိုချက်တွေရှိတယ်။ ဒီတော့ ဘာတွေ ပြင်ဆင်သွားဖို့ လိုမယ်ထင်ပါသလဲ။

လိုအပ်ချက်ကတော့ နည်းပညာပိုင်းရော ငွေကြေးအရင်းနှီးပိုင်းတွေရော အများကြီး လိုနေတာကို ကျနော်တို့ မြင်ရတယ်။ အဲ့အပိုင်းမှာ သဘောက သူ့နိုင်ငံက ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားရင်တော့ သူ့ရဲ့ ရပိုင်ခွင့်ကလည်း အများကြီး လိုချင်မှာပဲ ။ ကိုယ့်ဘက်က ပိုက်ဆံအရင်းနှီးလည်း မရှိဘူး။ ဘာမှ မရှိဘူးဆိုရင် ကိုယ့်ရဲ့ အားနည်းချက်တွေက ပိုများမယ်။ စီမံကိန်းဆိုတာတော့ အားသာချက်တွေ အားနည်းချက်တွေ ရှိပါတယ်။ အဲ့ဒီအပေါ်မှာ ကိုယ့်နိုင်ငံထဲမှာ စည်းစည်းလုံးလုံးလည်း မရှိဘူး။ ကြိုတင်ပြီးမှ ပြင်ဆင်ထားသင့်တာ တွေကို မပြင်ဆင်ထားဘူးဆိုရင်တော့ ကျနော်တို့ အကျိုးအမြတ်က နည်းသွားလိမ့်မယ်။

တကယ်လို့ ကိုယ့်ဘက်က နိုင်ငံရေးပြဿနာတွေ ကြိုတင်ဖြေရှင်း ထားမယ် ။ နည်းပညာပိုင်းဆိုင်ရာ အလုပ်သမားတွေကအစ အကုန်လုံး ကိုယ့်ဘက်က ဘယ်လိုလုပ်မလဲ ဆိုတာကို ပြင်ဆင်မှု ကောင်းရင် တော့ ရသင့်ရထိုက်တာ ရနိုင်တယ်။ အခုတော့ ကျနော်တို့ ရခိုင်ပြည်ဘက်က စီမံကိန်းတွေဆိုရင် ကျနော်တို့ ရခိုင်လူမျိုးတွေ ခံစားခွင့်က တော်တော်လေး ဆုံးရှုံးတယ်လို့ မြင်နေကြတယ်။ ကျနော်တို့လည်း ဒါကို သဘောတူတယ်။ ဆိုတော့ ကိုယ့်ဘက်ကတော့ မြင်နေတာ ရှိတယ်။ ဒါပေမယ့် လက်တွေ့မှာ လက်လှမ်းမမီ နိုင်တာတွေ ရှိတယ်။ သို့သော် ကျနော်တို့ လက်လှမ်းမီအောင် ကြိုးစားမယ်။ မီလာတဲ့ တနေ့မှာတော့ ကျနော်တို့ ရဲ့ ဆုံးရှုံးမှုတွေကို ဖွံ့ဖြိုးအောင် ပြန်လုပ်ရမယ်။

မေး။ ။ ပိုးလမ်းမစီမံကိန်းလမ်းကြောင်းမှ ပါဝင်နေတဲ့ တိုင်းရင်းသားလူမျိုုးစု ခေါင်းဆောင်တွေအနေနဲ့ ငြိမ်းချမ်းရေးအရရော ရှေ့အနာဂတ် စီမံကိန်းဖွံ့ဖြိုးရေး အတွက်တွေရော တရုတ်နဲ့ ဆက်ဆံရေးကို ဘယ်လို ပြင်ဆင်ထားကြလဲ။

ဖြေ။ ။ပြင်ဆင်မှုအနေနဲ့ကတော့ အတိကျကြီးတော့ မဟုတ်ပါဘူး။ ရပ်တည်ချက်အနေနဲ့ပဲ ရှိတယ်။ ဒါဖြစ်လာရင်တော့ ဒေသတွင်းမှာ အကျိုးရှိအောင် ကျနော်တို့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ ရပ်တည်ချက် ရှိတယ်။ ပြင်ဆင်မှု ဆိုတဲ့ တိကျသေချာတဲ့ဟာကို မလုပ်နိုင်တာကလည်း အစိုးရနဲ့ တိုက်နေတဲ့ တိုက်ပွဲတွေကြောင့် ဖြစ်တယ်။ ဒီတိုက်ပွဲတွေ ရှိနေတဲ့ အတွက် ကျနော်တို့က ဘယ်လိုဘယ်ပုံ ဆောင်ရွက်မယ်ဆိုတဲ့ တိကျသေချာတဲ့ မူတွေတော့ မချနိုင်သေးဘူး။ ကြိုဆိုတယ်။ ဒါကို ထောက်ခံသွားမယ်ဆိုတဲ့ ရပ်တည်ချက်တော့ ချထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading