မြန်မာစာကို စိတ်ဝင်စားလာဖို့ ဘက်ပေါင်းစုံက ကြိုးစားနေတယ်
ရန်ကုန်တက္ကသိုလ်သည် ၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ပေါက်ဖွားလာရာ လာမည့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့တွင် နှစ်ပေါင်း ၁၀၀ ပြည့်မြောက်ပြီ ဖြစ်သည်။ ထိုရာပြည့်အခမ်းအနား ကျင်းပနိုင်ရေး အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ကော်မတီဖွဲ့ကာ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ အခမ်းအနားအမှီ ဆရာကြီး ဦးဖေမောင်တင်၏ ကြေးရုပ်တုကို တောင်ငူဆောင် မြက်ခင်းပြင်၌ ထားရှိရေး အတွက်လည်း ကန့်ကွက်နေမှုရှိသည့်အတွက် ကြန့်ကြာလျက်ရှိသည်။
ဆရာကြီး ဦးဖေမောင်တင်သည် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနကို စတင် အခြေခံ၍ တပည့်ပေါင်းများစွာ မွေးထုတ်ပေးခဲ့ကာ မြန်မာစာပေဖွံ့ဖြိုးအောင် ဆောင်ရွက်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ဂုဏ်ထူးဆောင် မြန်မာစာ ပါမောက္ခ (၁၉၆၀-၆၁) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ကိုလိုနီခေတ် ၁၉၂၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် စတင်ဖွင့်လှစ်ရာတွင် မြန်မာစာဌာနနှင့် မြန်မာစာ သင်ကြား ခြင်း မရှိခဲ့ဘဲ မြန်မာစာ သီးခြားသင်ပေးမည့် ဆရာသည် ဆရာကြီး ဦးဖေမောင်တင် တဦးသာ ရှိခဲ့သည်။
ဆရာကြီး ဦးဖေမောင်တင်လက်ထက်တွင် မြန်မာစာဌာန သီးသန့်ဖွင့်ပြီး တက္ကသိုလ်ကျောင်းသားအားလုံးကို မြန်မာစာသင်ကြားရေးအတွက် စပြီး တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ၎င်း တိုက်ပွဲဝင်ခဲ့ခြင်းကြောင့် သိပ္ပံမောင်ဝ၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ် အစရှိသော မြန်မာစာအထူးပြုကျောင်းသားများ ပေါ်ပေါက်လာခဲ့သည်။
သို့ဖြစ်ရာ ဆရာကြီး ဦးဖေမောင်တင် ရုပ်တု ထားရှိရေး၊ မြန်မာစာ၊ မြန်မာစကား၏ အရေးပါပုံ၊ ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနနှင့် နိုင်ငံခြားတက္ကသိုလ်များ၏ ပူးပေါင်း ဆောင်ရွက်မှု အခြေအနေနှင့် မြန်မာစာဌာနမှ လှုပ်ရှား ဆောင်ရွက်မှုများ အကြောင်းကို ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၏ ပါမောက္ခ ဌာနမှူး ဒေါက်တာ အောင်မြင့်ဦး ကို ဧရာဝတီ သတင်းထောက် လဲ့လဲ့က တွေ့ဆုံမေးမြန်းထားသည်။

မေး ။ ။ မြန်မာစာ မြန်မာစကားရဲ့အရေးပါပုံ၊ ဘာကြောင့် သင်ကြားသင့်တယ်ဆိုတာကို ဆရာအနေနဲ့ ရှင်းပြပေးပါဦး။
ဖြေ ။ ။ မြန်မာစာက ဘယ်လောက် အရေးကြီးသလဲဆိုတော့ မြန်မာနိုင်ငံမှာနေရင် မြန်မာစကားက အရေးကြီးဆုံးပဲ။ မြန်မာစာက လူမျိုးပေါင်းစုံရဲ့ ကြားခံစကားအနေနဲ့ အသုံးပြုနိုင်တဲ့ ဘာသာစကားပဲ။ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် တတ်မှ မြန်မာတနိုင်ငံလုံး သွားလာဖို့ ပိုအဆင်ပြေမယ်။
အခုဘာလို့ အင်္ဂလိပ်စကားက ရှေ့ရောက်နေသလဲဆိုတော့ အင်္ဂလိပ်စကားတတ်မှ နိုင်ငံတကာကို ထိုးဖောက် နိုင်တာ။ အဲဒီလိုဆိုတော့ နိုင်ငံတကာကို မစဉ်းစားနဲ့ဦး။ ကျနော်တို့ မြန်မာပြည်ထဲမှာ အနယ်နယ် အရပ်ရပ်ကို ကူးသန်းသွားလာဖို့ ဆိုရင် ဘယ်ဘာသာစကားနဲ့ ကျနော်တို့က အသုံးပြုရမလဲပေါ့။ အရင်တုန်းက မြန်မာစကားက ဗမာလူမျိုးတွေရဲ့စကား၊ လူမျိုးကြီးဝါဒလို့ ပြောတာတွေ ရှိတယ်။ ဒါက ရှုထောင့် တခုပေါ့။ ကျနော်တို့က ဘာသာစကား လေ့လာတဲ့သူဆိုတော့ ဘာသာစကား ရှုထောင့်ပဲ ကျနော်တို့က ပြောပါတယ်။
ဒီနိုင်ငံမှာ လူအများဆုံး နားလည်နိုင်တာ ဘာလဲ။ မြန်မာစကား လူအများက နားလည်ရင် ဒီစကားကို လူအများ သုံးနိုင် အောင် လုပ်ရမယ်။ မြန်မာစကားနဲ့ ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ကျနော်တို့ ဆွေးနွေး တာတွေလည်း ရှိပါတယ်။ မြန်မာစကားက ပဒေသရာဇ်စနစ် ဝါဒကြောင့် မြန်မာစကားသင်ဖို့ လက်မခံဘူးဆိုရင် အင်္ဂလိပ်ဘာသာစကားကို ဘာဖြစ်လို့ လက်ခံချင်ကြတာလဲ။
အင်္ဂလိပ်ကတော့ သူ့ဘာသာစကားကို နိုင်ငံတကာ သုံးနိုင်အောင် လုပ်ဆောင်လာတဲ့အတွက် နိုင်ငံတကာမှာ အသုံးဝင်တဲ့ ဘာသာစကား ဖြစ်နေတယ်။ နိုင်ငံတွေကို သိမ်းပြီး သူတို့ဘာသာစကား မျိုးစေ့ကို ချထားခဲ့တယ်။ ဒါကို ကျနော်တို့က ကိုလိုနီဘာသာစကားမို့ မသင်ဘူးလို့ တင်းခံနေလို့ မရဘူး။
အဲဒီတော့ နိုင်ငံတကာကို ထိုးဖောက်ချင်ရင် အင်္ဂလိပ်စာကို သင်ကို သင်ရတော့မယ်။ အဲဒီလိုပဲ ကိုယ့် မြန်မာနိုင်ငံ ရဲ့ အနေအထားကလည်း ဒီလို သဘောရှိတယ်။ သမိုင်းကြောင်းက ဘယ်လိုပဲ ရှိခဲ့၊ လက်ရှိအချိန်မှာ လူအများ နားလည် နိုင်တဲ့ ဘာသာစကားက မြန်မာစကားဖြစ်နေတော့ နိုင်ငံသားတိုင်းက မြန်မာစကားကို တတ်ကျွမ်းသင့်တယ်ပေါ့။ ဒါကြောင့် မြန်မာပြည်မှာ နေတဲ့သူ အားလုံးက မြန်မာစာကို လေးလေးစားစားနဲ့ သင်ယူသင့်တယ်။ တတ်ကျွမ်းသင့်တယ်။
မေး ။ ။ လက်ရှိအစိုးရပိုင်းကရော မြန်မာစာပေအပေါ် အားပေးမှု အနေအထားက ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ အစိုးရ တက်လာတဲ့အချိန်မှာ ဦးထင်ကျော်က နိုင်ငံတော်သမ္မတ ဖြစ်တယ်။ သမ္မတကြီး ဦးထင်ကျော်က မြန်မာစာရဲ့ ဖခင်၊ ဆရာကြီး မင်းသုဝဏ်ရဲ့သားဖြစ်တယ်ဆိုတော့ သမ္မတကြီး ဦးထင်ကျော် စိတ်ထဲမှာက မြန်မာစာကို ချစ်တဲ့စိတ်က သူ့အသွေးအသားထဲမှာ ရှိတယ်။
အဲဒီတော့ သမ္မတကြီး ဦးထင်ကျော်လက်ထက်မှာ ကျနော်တို့ မြန်မာစာဌာနအနေနဲ့ မျှော်လင့်ချက် တော် တော်လေး ကြီးကြီးမားမား ရှိခဲ့တယ်။ တကယ့် လက်တွေ့မှာလည်း သံယောဇဉ်ရှိစွာနဲ့ မြန်မာစာဌာနကို စောင့်ရှောက်ခဲ့တာတွေ ရှိတယ်။
၂၀၁၆မှာ ပြုလုပ်တဲ့ မြန်မာစာစိန်ရတုပွဲမှာ သမ္မတကြီးက တက်ရောက် အမှာစကားပြောခဲ့တယ်။ အဲဒီလိုပြောခဲ့ တော့ ကျနော်တို့ မြန်မာစာအနေနဲ့ အားတက်သရော ဖြစ်ခဲ့တယ်။ နောက်ပိုင်း သမ္မတကြီး အနားယူသွားတဲ့ အချိန်မှာ ကျနော်တို့ တော်တော်လေး အားလျော့သွားတယ်။
မေး ။ ။ မြန်မာစာဌာနကနေ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာတွေဆောင်ရွက်နေတာ ရှိပါသလဲ။
ဖြေ ။ ။ ကျနော်တို့ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန အနေနဲ့ ပုံမှန်သင်တန်းက ပထမနှစ်ကနေ မဟာတန်း အထိ ထူးချွန် ကျောင်းသူကျောင်းသားတွေ လက်ခံတဲ့ ပုံမှန်သင်တန်းတွေ ရှိပါတယ်။ ပုံမှန်သင်တန်းမှာ ကျနော်တို့က မေဂျာ ၂ ခုကို တာဝန်ယူထားပါတယ်။ မြန်မာစာနဲ့ မြန်မာမှုကို တာဝန်ယူဖွင့်လှစ်ထားပါတယ်။
လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး အစီအစဉ်နဲ့ CHRD ပရိုဂရမ်အနေနဲ့ ကျနော်တို့ ဆောင်ရွက်နေတာကတော့ သင်တန်း ၂ မျိုး ရှိပါတယ်။ မြန်မာစာ ထပ်မံ လေ့လာချင်သူတွေ အတွက် စာပေတည်းဖြတ်မှုနဲ့ ဖန်တီး ရေးသားမှု အတတ် ပညာ ဒီပလိုမာ (DCWE) ရှိပါတယ်။ ဒါက မြန်မာနိုင်ငံမှာ ဘွဲ့ရပြီးတဲ့ ဘွဲ့လွန်လူငယ်တွေ အတွက် ဖွင့်ထားတဲ့ သင်တန်းဖြစ် ပါ တယ်။
နောက်တခုက နိုင်ငံခြားသားတွေအတွက် အခြေခံ မြန်မာဘာသာ စကားသင်တန်း ပါတယ်။ နိုင်ငံခြားသား များအတွက် အခြေခံ မြန်မာစကား ကျွမ်းကျင်မှု ဒီပလိုမာသင်တန်း ရှိပါတယ်။ အဲဒီသင်တန်းတွေကတော့ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု အစီအစဉ်တွေနဲ့ ဖွင့်လှစ်ထားတဲ့ သင်တန်းတွေ ဖြစ်ပါတယ်။
အဲဒါအပြင် တက္ကသိုလ်အချင်းချင်း နားလည်မှု စာချွန်လွှာ (MOU) ရေးပြီးတော့ နိုင်ငံခြားတက္ကသိုလ်တွေက မြန်မာစာ၊ မြန်မာမှု လာရောက်ပြီးတော့ သင်ယူနေတဲ့ နိုင်ငံခြားကျောင်းသူ ကျောင်းသားများလည်း ရှိပါတယ်။ နိုင်ငံခြား တက္ကသိုလ် တွေကနေ ကျနော်တို့ဆီကိုလာပြီး သင်ယူနေတာတော့ တရုတ်နိုင်ငံကတော့ အများဆုံး ဖြစ်ပါတယ်။
ကိုရီးယားတက္ကသိုလ်ကနေ လာပြီး သင်နေတာလည်းရှိပါတယ်။ ဂျပန်နိုင်ငံဆိုရင် တက္ကသိုလ်ကြီး ၃ ခု ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ထိုင်းမှာဆိုရင် ချင်းမိုင်တက္ကသိုလ်နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒီ ၄ နိုင်ငံ အဓိက ဆောင်ရွက်နေပါတယ်။ ပုံမှန်မဟုတ်ပေမယ့် မကြာမကြာ ကျနော်တို့ဆီကို သင်တန်းသားတွေ စေလွှတ်နေတာ တော့ အမေရိကန်ပြည်ထောင်စု Northeastern တက္ကသိုလ်ကနေ တနှစ်ခြား တခါလာပြီး မြန်မာစာ သင်ယူနေတာ ရှိပါတယ်။
မေး ။ ။ သင်တန်းတွေက ဘယ်အချိန်က စလုပ်ဖြစ်ခဲ့တာလဲ။ ရည်ရွယ်ချက်ကရော ဘာဖြစ်ပါမလဲ။
ဖြေ ။ ။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနအနေနဲ့တော့ ၂၀၁၃မတိုင်မီအထိကတော့ ဘွဲ့ကြိုတန်းတွေပဲ ဖွင့်ခွင့် ရှိခဲ့တယ်။ ဘွဲ့ကြိုတန်းဆိုရင် မဟာတန်းနဲ့ ပါရဂူတန်းတွေ ရှိခဲ့တယ်။ ၂၀၁၃ မတိုင်မီ အထိက ကိုယ်ပိုင် ကျောင်း သူကျောင်းသား မရှိခဲ့ဘူး။ ရန်ကုန်အရှေ့ပိုင်းတို့၊ အနောက်ပိုင်းတက္ကသိုလ်တွေကနေ မဟာတန်းတက်ချင် တယ်ဆိုရင် ဝင်ခွင့်လျှောက်ပြီး တော့မှ ရန်ကုန်တက္ကသိုလ်မှာ မဟာတန်းလာတက်တဲ့ ကျောင်းသားတွေရှိတယ်။
ပါရဂူတန်းကတော့ ၁၉၉၅ မှာ စပြီးတော့ ပါရဂူတန်း ပြန်ဖွင့်တယ်။ အဲဒါနဲ့ မတိမ်းမယိမ်းမှာ မဟာတန်းတွေ ပြန်ဖွင့်လာ တယ်။ ၁၉၉၅ ကနေ စလိုက်တာက ၂၀၁၃ မတိုင်မီ အထိက ဘွဲ့လွန်တန်းတွေပဲ ဖွင့်ခဲ့တယ်။
ဒါပေမယ့် ၂၀၁၀၊ ၂၀၁၁ အရပ်သား အစိုးရ တက်ပြီးတဲ့နောက်မှာ ရန်ကုန်တက္ကသိုလ်ကို ပြန်လည်ဖွင့်လှစ်ဖို့ စီမံ ခန့်ခွဲတဲ့ အခါကျတော့ ထူးချွန် ကျောင်းသူကျောင်းသားများ ပြုစုပျိုးထောင်ရေး အစီအစဉ်ထဲမှာ ၁၀ တန်း အောင်တဲ့ ကျောင်းသူ ကျောင်းသားတွေထဲမှ သတ်မှတ်ထားတဲ့ အမှတ်ကို ပြည့်မီတဲ့ကလေးတွေကို ပညာသင် ဆုလည်း ပေးမယ်။ ရန်ကုန် တက္ကသိုလ်မှာလည်း တက်ခွင့်ပေးမယ်ဆိုပြီး ၂၀၁၃ ကစပြီး ထူးချွန်ကျောင်းသူ ကျောင်းသားများ ပြုစုပျိုးထောင်ရေး အစီအစဉ်နဲ့ ဖွင့်လှစ်လာခဲ့တယ်။
အဲဒီတော့ ၂၀၁၃ မှာ ဘွဲ့ကြိုသင်တန်းတွေ ပြန်ဖွင့်လာတယ်။ ကျောင်းသူကျောင်းသားတွေလည်း ပိုပြီးတော့ ပွင့်လင်း လာတယ်။ လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့အချိန်မှာ ကျနော်တို့က ပုံမှန်သင်တန်းတွေ မဟုတ်ပဲနဲ့ လူ့စွမ်းအား အရင်းအမြစ် အထောက်အကူပြု သင်တန်းတွေကို ဖွင့်လှစ်ဖို့ ကျနော်တို့ စီမံချက် တင်ပါတယ်။
စီမံချက် တင်ပြီးတော့ ၂၀၁၃ ဒီဇင်ဘာလမှာ ပုံမှန်သင်တန်းအပြင် လူ့စွမ်းအား အရင်းအမြစ်ရဲ့ ပရိုဂရမ်တွေ လည်း ဖွင့်လှစ်လာနိုင်ခဲ့တယ်။ အဲဒီတော့ ဒီစာပေ ဖန်တီးရေးသားမှုနဲ့ တည်းဖြတ်မှု အတတ်ပညာက စဖွဲ့စဉ် တုန်းက မြန်မာစာနဲ့ ပတ်သက်ပြီးတော့ အသက်မွေးဝမ်းကြောင်း ပြုလို့ရတယ်ဆိုတဲ့ ပညာကို ဖြန့်ဝေချင်တဲ့ သဘောနဲ့ ပညာသင်ကာလ တခုမှာ သင်တန်းတခုပဲ ဖွင့်တာပါ။
အဲဒီမှာ ပြင်ပစာပေ ပညာရှင်တွေလည်း လာသင်တယ်။ အဲဒီတုန်းကဆိုရင် ဒေါက်တာ ဖေမြင့်တို့က အစ လာပြီးတော့ ပို့ချပေးတယ်။ အခုဆိုရင်လည်း ဆရာဟိန်းလတ်တို့၊ ဆရာကောင်းသန့်တို့ ပြင်ပပညာရှင်တွေ လာကြတယ်။ နောက်ပြီး ကျနော်တို့ ဌာနကနေ အငြိမ်းစားယူသွားတဲ့ ဆရာကြီး ဦးခင်အေး(မောင်ခင်မင်(ဓနုဖြူ)၊ ကျနော်တို့ လက်ရှိ တာဝန်ထမ်း ဆောင်နေတဲ့ ဆရာ၊ ဆရာမတွေလည်း ပု့ိချတယ်။
နောက်ပြီး မြန်မာစာနဲ့ အသက်မွေးနေတဲ့ စာနယ်ဇင်းဘက်က လူတွေလည်း မြန်မာစာကို ပိုပြီးတော့ ထိထိ ရောက်ရောက် မှန်မှန်ကန်ကန် သုံးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီသင်တန်းကို စဖွင့်ခဲ့တာပါ။ တနှစ်မှာ ၂ ဖြတ်သင်တဲ့ သင်တန်းတက်တာ အားမရလို့ တနှစ် ဒီပလိုမာသင်တန်းဖွင့်ဖို့ ကျောင်းသားတွေက တောင်းဆိုလာတဲ့အတွက် ဝန်ကြီးဌာနက ခွင့်ပြုလိုက် တယ်။ အဲဒီတော့ ကျနော်တို့လည်း ဘွဲ့ပေးတဲ့ ဒီပလိုမာသင်တန်းကို ဖွင့်လှစ် နိုင်ခဲ့ပါတယ်။
မေး ။ ။ မြန်မာစာအပြင် သင်တန်းတွေရဲ့ ဘတ်ဂျက်ကို ဘယ်လိုစီမံခန့်ခွဲပါသလဲ။
ဖြေ ။ ။ ဘတ်ဂျက် စည်းမျဉ်းစည်းကမ်းကတော့ သင်တန်း ဖွင့်မယ် ဆိုကတည်းက ပညာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက် က ရှိပြီးသား။ ကျနော်တို့က သင်တန်းကြေး ဘယ်လောက်ကောက်မယ် ဆိုတာကို စီမံချက် ထဲမှာ အကုန်လုံး ထည့်ရ တယ်။ ကျောင်းက ရတဲ့ သင်တန်းကြေးကို သူတို့ ငွေစာရင်းထဲကို သွင်းတယ်။
သွင်းပြီး ကျနော်တို့ကို သူတို့သတ်မှတ်ထား တဲ့ ရာခိုင်နှုန်းနဲ့ ကျနော်တို့ကို ပြန်ပေးပါတယ်။ ပထမတော့ ကျနော်တို့က သင်တန်းဖွင့်သာ ဖွင့်နေရတာ စီးပွားရေးအရ ဆိုရင် ရှုံးတယ်။ ဘာလို့လည်းဆိုတော့ ပြင်ပဆရာကြီးတွေ ဖိတ်ကြားတယ် ဆိုတာ အနည်းဆုံးတော့ သူတို့ရဲ့ ခရီးစရိတ်ကို ကျနော်တို့က ချီးမြှင့် ရတယ်။ ကျွေးမွေး ဧည့်ခံရတယ်။
ဘတ်ဂျက်ကတော့ တော်တော်လေး ခက်ခဲပါတယ်။ ခက်ခဲပေမယ့် ကိုယ်ဌာနရဲ့လှုပ်ရှားမှု တခု အနေနဲ့ ခက်ခက်ခဲခဲ ရုန်းကန်ရတာ ဖြစ်ပါတယ်။ ကျန်တဲ့ ဘာသာရပ်တွေရဲ့ သင်တန်းတွေလည်း ဒီလို သဘောမျိုး ရှိတော့ ဒီလိုကိစ္စတွေ ကိုလည်း အခါအားလျော်စွာ တင်ပြရတယ်။
အခု ဒီနှစ်မှာ သင်တန်းကြေးရဲ့ ၆၀ ရာခိုင်နှုန်း ကျနော်တို့ကို ပြန်ပေးတယ်။ ကျန်တဲ့ ၄၀ ရာခိုင်နှုန်းကတော့ နိုင်ငံတော်ကို ပေးရတယ်။ ၆၀ ထဲမှာမှ ကျောင်းအတွက် ၁၀ ရာခိုင်နှုန်း ပြန်သွင်းရတော့ ကျနော်တို့က ၅၀ ရာခိုင်နှုန်း ရတယ်။ အဲဒီ ရတဲ့ငွေတွေကို လာသင်တဲ့ ဆရာ၊ ဆရာမတွေ အချိုးကျ ပြန်ပြီးတော့ ခွဲဝေနိုင်တယ်။ ဒီထဲကပဲ ဧည့်ခံ ကျွေးမွေးစရိတ်တွေ ပြန်သုံးနိုင်တယ်။
ဒီ၂၀၁၉ ကနေစပြီး ဘတ်ဂျက်အခက်အခဲ လျော့ပါးသွားတယ်လို့ ဆိုနိုင်တယ်။ ရှေ့ပိုင်း တောက်လျောက် ကတော့ ပွင့်ပွင့်လင်းလင်းပြောရင် အိတ်စိုက်ပါပဲ။
မေး ။ ။ မြန်မာစာလုံးပေါင်း၊ သတ်ပုံတွေကို ဆိုရှယ်မီဒီယာတွေမှာ အပြောင်အပျက် သုံးနှုန်းကြတဲ့အပေါ် ဆရာဘယ်လို မြင်ပါသလဲ။
ဖြေ ။ ။ အများညီလို့ “ဤ”ကို “ကျွဲ” လို့ ဖတ်ကြတာပေါ့။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့လိုမျိုး ကိုယ့်ဘာသာ စကားကို တန်ဖိုးထားရမယ်။ ကိုယ့်ဘာသာစကားကို ထိန်းသိမ်းရမယ်ဆိုတဲ့ အင်အားက အတော်လေး နည်းပါတယ်။ ပွင့်ပွင့်လင်း လင်း ပြောရရင်တော့ တာဝန်ရှိတဲ့သူ အပိုင်းတွေမှာကိုက ဒီအတွေးအခေါ်မျိုး တော်တော်နည်းပါတယ်။
ဘာဖြစ်သလဲဆိုတော့ အင်္ဂလိပ်စာက ပိုအရေးကြီးတယ်။ အင်္ဂလိပ်စာက နိုင်ငံတကာ သုံးဖြစ်တဲ့အတွက် အင်္ဂလိပ်စာ၊ အင်္ဂလိပ်စာလို့ ပြောတဲ့အချိန်မှာ မဟုတ်ဘူး။ မြန်မာစာကိုလည်း ထိန်းသိမ်း သင့်ပါတယ်လို့ ပြောရင်တောင် ရန်သူလို အကြည့်မျိုးနဲ့ အကြည့်ခံရတယ်။
ကျနော်တို့ ဆိုလိုချင်တာက အင်္ဂလိပ်စာကို အားမပေးရဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ အင်္ဂလိပ်စာက အရေးမပါ ဘူးလို့ ပြောတာလည်း မဟုတ်ဘူး။ မြန်မာစာကို လေ့လာရင်း အင်္ဂလိပ်စာက အထောက်အကူ ပြုတာတွေ လည်း အများကြီးပဲ။ ကျနော်တို့ ကိုယ်တိုင်လည်း အင်္ဂလိပ်စာကို လေ့လာနေတာပဲ။
ကျနော် ဆိုလိုချင်တာက တဖက်ကလည်း ကိုယ့်ဘာသာစကားကို ထိန်းသိမ်းရမယ်။ ရှင်းရှင်းပြောရင် ရှင်ဘုရင် ဝတ်ရင် ပိုးပုဆိုး ဖြစ်တယ်ဆိုတဲ့ သဘော ဖြစ်တယ်။ တကယ် တာဝန်ရှိတဲ့သူ၊ သက်ဆိုင်ရာ သြဇာအာဏာရှိတဲ့ သူတယောက်က မြန်မာစာဆိုတဲ့ စကားတခွန်းထွက်ရင် ကျန်တဲ့သူတွေ အကုန်လုံးက မြန်မာစာ၊ မြန်မာစာ ဖြစ်မှာပဲ။
တကယ် သြဇာရှိတဲ့သူက အင်္ဂလိပ်စာလို့ ပြောတဲ့အချိန်မှာ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စာ ဖြစ်ကြတယ်။ အဲဒီတော့ ဒါက ဌာနဆိုင်ရာ အသီးသီးမှာ ဒီသဘောတွေ ရှိတော့ ကျနော်တို့က တော်တော်လေး ရုန်းကန်ရတယ်။
ရုန်းကန်ရတဲ့အခါ ဒီလိုသင်တန်းတွေ ဖွင့်နေလျက်နဲ့ ဒီလို မြန်မာစာလုံးပေါင်းတွေက ကပျက်ကချော် ဖြစ်နေလည်း ဆို တော့ အနည်းစုနဲ့ အများစုဖြစ်နေတယ်။ ကျနော်တို့ သင်တန်းက ထွက်သွားတဲ့သူက အနည်းစု ဖြစ်တယ်။ ဒီသင်တန်းက ထွက်သွားတဲ့သူတွေလည်း သူတို့ တတ်နိုင်သလောက် ဝိုင်းဝန်း ထိန်းသိမ်းပြီး ကြိုးစား နေကြတာပဲ။
စာနယ်ဇင်းတွေထဲမှာလည်း တချို့စာနယ်ဇင်းတွေဆို စာလုံးပေါင်းကို တော်တော်လေး ထိန်းထိန်းသိမ်းသိမ်း လုပ်နေ တာရှိတယ်။ မသုံးသင့်တဲ့ စာလုံးပေါင်းတွေ မသုံးဖို့၊ ရေးထုံးကအစ မှန်မှန်ကန်ကန်ရေးဖို့ ထိန်းသိမ်းနေတဲ့ စာစောင်တွေ၊ ဂျာနယ်တွေလည်း ရှိပါတယ်။ ဒါကလည်း အနည်းစု ဖြစ်နေတယ်။
ဒီလို လူအနည်းစုမှ မရှိဘူးဆိုရင်တော့ မြန်မာစာပေက တော်တော်လေး စိုးရိမ်စရာ ကောင်းတယ်။ လက်ရှိမှာ ကျနော်တို့ က ဘာသာစကား ထိန်းသိမ်းတဲ့ အင်အားကို ဖြည်းဖြည်းချင်း ပြန်ပြီးတော့ စုစည်းနေရတဲ့ သဘော ဖြစ်ပါတယ်။
ဒါပေမယ့် အခု ဆိုရှယ်မီဒီယာတွေမှာ အပြောင်အပျက်ရေးတာတွေက နည်းလာသလားလို့။ ဘာလို့လည်း ဆိုတော့ ကျနော်တို့နဲ့ ရင်းနှီးသူတွေကို ဒီလိုမရေးဖို့ သတိပေးတာတွေ ရှိပါတယ်။ နောက်ပိုင်းမှာ သူတို့လည်း ဆင်ခြင်လာတော့ နည်းသွားတယ်လို့ ကျနော်လည်း သတိထားမိတယ်။
မေး ။ ။ မြန်မာစာမေဂျာယူတဲ့သူတွေရဲ့အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ မြန်မာစာမေဂျာ ယူတဲ့သူကတော့ ပုံမှန်အတိုင်းပဲ ရှိပါတယ်။ လုံးဝ ထိုးဆင်းမသွားအောင်၊ ကျဆင်း မသွားအောင် ကျနော်တို့က တတ်နိုင်သလောက် ခုခံနေရတယ်။ မြန်မာစာမေဂျာကို ယူဖို့၊ မြန်မာစာကို စိတ်ဝင်စား လာဖို့ ကျနော်တို့ နည်းအမျိုးမျိုးနဲ့ ဘက်ပေါင်းစုံက ကြိုးစားနေပါတယ်။
ကိုယ့်ဌာနမှာဆိုရင်လည်း နိုင်ငံခြားသားတွေ မြန်မာစာလာသင်နေတယ် ဆိုတဲ့ အခါကျတော့ ကိုယ်ရဲ့ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်ထဲမှာ အားတက်တယ်။ ငါတို့ မြန်မာစာကလည်း နိုင်ငံခြားသား တွေတောင် လာပြီး တက်နေကြပါလားဆိုတဲ့ ဒီစိတ်ဓာတ်မျိုး ကိုယ်မှာဖြစ်တယ်။
ရှင်းရှင်းပြောရင် ရန်ကုန်တက္ကသိုလ်ထဲမှာ ပညာအများဆုံးလာသင်တာ မြန်မာစာဌာနတခုပဲ ရှိတယ်။ နိုင်ငံခြား သားတွေ အဝင်အထွက် အများဆုံးကလည်း ကျနော်တို့ ဌာနပါပဲ။ ကိုယ့်ဌာနက ဒီလို လုပ်နိုင်တယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ရဲ့ ကျောင်းသူကျောင်းသားတွေ အနေနဲ့ ကိုယ့်စာပေ အပေါ်မှာ ပိုပြီး တန်ဖိုးထားလာ တယ်။ အဲဒီလိုမျိုးတွေတော့ ရှိတယ်။
မေး ။ ။ နိုင်ငံခြားသားတွေအနေနဲ့ မြန်မာစာကို ဘာကြောင့်သင်ယူကြတာ များပါသလဲ။
ဖြေ ။ ။ ရာခိုင်နှုန်း အများဆုံးကတော့ တနှစ်သင်တန်းဖြစ်တဲ့ မနက်ပိုင်း CHRD သင်တန်းတွေကတော့ ကိုရီးယားတွေ အများဆုံးပဲ။ ကျန်တာကတော့ ရောနေတယ်။ ဖိလစ်ပိုင်လည်း ပါတယ်။ အင်ဒိုနီးရှားလည်း ပါတယ်ဆိုတော့။ တရုတ်တွေတောင်မှ အဲဒီသင်တန်းမှာ များများစားစား မရှိဘူး။
ပုံမှန်သင်တန်းတွေကျတော့ တရုတ်က အများဆုံးဖြစ်တယ်။ တရုတ်ပြီးရင် ကိုရီးယား၊ နောက် ဂျပန်ပေါ့။ ထိုင်းကတော့ ပုံမှန်တနှစ် သင်တာမျိုးမဟုတ်ပဲ လေ့ကျင့်ရေးသဘောမျိုးနဲ့ တလ၊ နှစ်လ လာသင်တာတော့ ရှိတယ်။
ဘာလို့ ကိုရီးယားတွေ များတာလည်း ဆိုတော့ မြန်မာပြည်မှာ အလုပ်လာလုပ်တဲ့ ကုမ္ပဏီက ကိုရီးယားတွေ မြန်မာစာ လာသင်တာ။ အဲဒီလို သင်တဲ့နေရာမှာ တရုတ်က ဘာလို့နည်းနေလဲဆိုတော့ မြန်မာပြည်မှာ ကုမ္ပဏီတွေ အလုပ်ရုံတွေ လုပ်ကတည်းက မြန်မာစာတတ်တဲ့ တရုတ်နိုင်ငံသားတွေကို တခါထဲ ခေါ်လာပြီးသား ဖြစ်တယ်။
ပုံမှန်သင်တန်းမှာ တရုတ်တွေ များနေတာက သူတို့က ဘွဲ့ရတဲ့အခါမှာ ဒီဘာသာစကားကို တတ်ကျွမ်းဖို့ လာသင်ကြတာ ဖြစ်တယ်။ ဘွဲ့ရပြီး ဒီဘာသာက တတ်ကျွမ်းသွားပြီဆိုရင် ကုမ္ပဏီတွေက အလုပ်ခန့်တယ်။ သူများတွေက ပြောတာပဲလေ တရုတ်တွေ မြန်မာစကားတတ်ရင် အန္တရာယ်ရှိတယ်။ ဒါကတော့ တ ကဏ္ဍပေါ့။
တကယ်က သူတို့က မြန်မာမှ မဟုတ်ပါဘူး။ ဂျပန် သွားမယ်ဆိုရင်လည်း ဂျပန်စာတတ်တဲ့ ဘွဲ့ရကျောင်းသူ ကျောင်းသား တရုတ်တွေကို ခန့်တာ ဖြစ်တယ်။ အမေရိကသွားမယ်ဆိုရင်လည်း အင်္ဂလိပ်စာ ကောင်းတဲ့သူကို ခန့်တယ်။ ဒါသူတို့ရဲ့ ပေါ်လစီပေါ့။ ဒါကြောင့် ဘွဲ့ကြိုတန်းတွေမှာ တရုတ်ကျောင်းသူကျောင်းသား ပိုများတယ်။
ကိုရီးယားတွေကျတော့ သူတို့လုပ်ငန်းကို အဓိကထားတော့ မြန်မာစကားတတ်ခြင်း၊ မတတ်ခြင်းက သူတို့ လုပ်ငန်း စလုပ်ကာစမှာ သိပ်ပြီး အဓိကမထားဘူး။ သူတို့ တကယ်လက်တွေ့ လုပ်တော့မယ်ဆိုမှ မြန်မာပြည် ရောက်လာမှ မြန်မာစကား မတတ်ရင် အခက်အခဲရှိတယ်ဆိုတော့ လာသင်ကြတာပါ။
မေး ။ ။ မြန်မာစာပေကို အရှေ့တောင်အာရှမှာ တင်မက ဥရောပမှာ သင်ကြားနေတာရှိလား။
ဖြေ ။ ။ ရှိပါတယ်။ လန်ဒန်တက္ကသိုလ်မှာလည်း မြန်မာစာပါမောက္ခ ဖြစ်နေတဲ့သူတွေလည်း ကျနော်တို့ဆီကို မကြာမကြာ ရောက်ပါတယ်။ သူတို့နဲ့လည် အဆက်အသွယ်ရှိပါတယ်။ ကျောင်းသားဖလှယ်တဲ့ အစီအစဉ်တော့ မရှိသေးဘူး။ သူတို့နဲ့ MoU လည်း မထိုးဖြစ်သေးဘူး။ အရင်ကဆိုရင် ဂျာမနီနဲ့လည်း အဆက်အသွယ် ရှိတယ်။ ခုတော့ ကျနော်တို့ ဌာနနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုရင် ပြင်သစ်သံရုံး ရှိပါတယ်။
မေး ။ ။ ဆရာကြီး ဦးဖေမောင်တင် ရုပ်တုထားရှိရေးနှင့် ပတ်သက်ပြီး နောက်ဆုံး အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ ဦးဖေမောင်တင်ရုပ်တု ထားရှိရေးက အခက်အခဲတွေ အများကြီးရှိတယ်။ ဆရာကြီး ဦးဖေမောင်တင် ရုပ်တုနဲ့ ပတ်သက်ပြီး ကျနော်တို့ နားမလည်နိုင်တဲ့ကိစ္စ အများကြီးရှိတယ်။ ဘာလို့လည်းဆိုတော့ ဆရာကြီးက ရန်ကုန် တက္ကသိုလ်မှာ မြန်မာလူမျိုး ကျောင်းအုပ်ကြီး၊ ရန်ကုန်တက္ကသိုလ်ရဲ့ ပထမဆုံး အဓိပတိဖြစ်တယ်။
သူတော်တော်လေး ကြိုးကြိုးပမ်းပမ်း ဆောင်ရွက်ခဲ့ပေမယ့် ခေတ်အဆက်ဆက်မှာ ဆရာကြီးကို ချီးမြှင့်တာမျိုး သိပ်မတွေ့ဘူး။ အဲဒါ ကျနော်တို့အတွက် တော်တော်လေး ထူးဆန်းတဲ့ အနေအထား ဖြစ်တယ်။ ပြောမယ် ဆိုရင် အခု ဝိဇ္ဇာခန်းမမှာ ဆိုရင် ပါမောက္ခချုပ်တွေ တန်းစီပြီးတော့ ဓာတ်ပုံတွေ ချိတ်ထားတယ်။ ပထမဆုံး ကျောင်းအုပ်ကြီး လုပ်ခဲ့တဲ့ ဦးဖေမောင်တင် ဓာတ်ပုံ မရှိဘူး။
ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့က မေးဖူးတယ်။ ဒီမှာ ချိတ်ထားတဲ့ပုံတွေက ပါမောက္ခချုပ်တွေ၊ ဦးဖေမောင်တင် က ပါမောက္ခချုပ် မဟုတ်လို့ သူ့ပုံမပါဘူးလို့ ပြောတယ်။ အဲဒါကြောင့် တော်တော်လေး ထူးဆန်းတယ်။ သူ့ခေတ် မှာတုန်းက ပါမောက္ခချုပ်ဆိုတဲ့ နာမည်လည်း မသုံးသေးဘူး။
သူ့ကျောင်းအနေအထားနဲ့ သူ့ သတ်မှတ်ချက်အရ ကျောင်းအုပ်ကြီးဆိုတဲ့ နာမည်နဲ့ ဒီကျောင်းကို ဦးစီး ဦးဆောင် ပြုခဲ့တာ ဒီလိုကိစ္စတွေပေါ့။ အခု ကျနော်တို့ ရုပ်တုကိစ္စကို စီစဉ်တဲ့အခါမှာလည်း ဘာကြောင့် ကျနော် တို့ကို အနှောက်အယှက်ပြု သလဲ။ အတိုက်အခံပြုသလဲဆိုတာ ကျနော်တို့ မသိနိုင်ဘူး။
အခု အနှောက်အယှက်၊ အတိုက်အခံတွေက ပေါ်လာတယ်။ ပေါ်လာတော့ ဆရာကြီး ဦးဖေမောင်တင်ရဲ့ တပည့် မဟုတ်ခဲ့သလို ကျနော်တို့နဲ့ တော်တော်လည်း ကွာပါတယ်။ ဆရာကြီးရဲ့စာပေတွေကို ဖတ်ရှုပြီး ကြီးပြင်း လာတယ်ဆိုတော့ စာပေဆရာ ဖြစ်တာပေါ့။
နောက်ပြီး သူ ရန်ကုန်တက္ကသိုလ်အပေါ် ဆောင်ရွက်ခဲ့တာတွေ၊ မြန်မာစာပေအတွက် သူ ဦးစီး ဦးဆောင် ပြုခဲ့တာ တွေက တကယ်တော့ သူက ဘယ်လိုပဲ လေ့လာ၊ လေ့လာ သူက ကျေးဇူးရှင်ပဲ။ ဒါကို ကျနော်တို့က ဂုဏ်ပြု ချင်တဲ့ အတွက် ကြောင့်၊ နောက် မြန်မာစာဌာန ပေါ်တာလည်း သူရဲ့ ကျေးဇူးကြောင့် ဖြစ်တဲ့အတွက် မြန်မာစာ ဌာနမှာ သူ့ရုပ်တု ထားဖို့ စီစဉ်တာ ဖြစ်တယ်။
ဒီရုပ်တ ုထားရှိရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရက ဖြေရှင်းချက်တောင်းတာတွေ အားလုံးကိုလည်း လုပ်ပေးပြီးပြီ။ မေးသမျှလည်း ဖြေပြီးသွားပြီ။ နောက်ဆုံးတော့ သဘောတူခွင့်ပြုပါတယ်ဆိုတဲ့ စကားတော့ သိရတယ်။
ဒါပေမယ့် စာတော့ မထွက်သေးဘူး။ နောက်ပြီးတော့ ဖွင့်ပွဲလုပ်ဖို့ကလည်း ရာပြည့်အကြိုက ဒီဇင်ဘာလုပ်မှာ ဖြစ်တဲ့ အတွက် အချိန်တော့ လိုပါသေးတယ်။ ဒီကာလမတိုင်မီတော့ တရားဝင်အနေနဲ့ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရင်တော့ စည်စည်ကားကားနဲ့ ခမ်းခမ်းနားနား လုပ်သွားဖို့ မျှော်မှန်းထားပါတယ်။
မေး ။ ။ ဆရာ့အနေနဲ့ ထပ်မံဖြည့်စွက်ပြောလိုတာရှိရင် ပြောပြပေးပါဦး။
ဖြေ ။ ။ အားလုံးက မြန်မာစာဆိုရင် မြန်မာစာဌာနနဲ့ပဲ ဆိုင်တယ် ထင်နေကြတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ ရှိတဲ့ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်။ တချို့က မြန်မာဘာသာစကား စွမ်းရည်ပြိုင်ပွဲလိုမျိုး လုပ်ဖို့လိုသေးလို့လား။ ကိုယ့်မြန်မာတွေ မြန်မာစကားပြောတာ ဘာဆန်းလို့လဲဆိုတဲ့ဟာမျိုး ထင်မြင်ပြီးတော့ နှာခေါင်းရှုံ့ချင်ကြတာတွေလည်း ရှိတယ်။
အဲဒီလိုဆိုတော့ မြန်မာစာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ မြန်မာလူမျိုးတွေ အားလုံး ဝိုင်းပြီး ဆောင်ရွက်မှ ဖြစ်မှာပါ။ ဒီလိုဆောင်ရွက်ဖို့အတွက် အခြေခံအဆင့်က ကိုယ့်ဘာသာစကားကို မြတ်နိုးတန်ဖိုးထားတဲ့ စိတ်ရှိမှ ဖြစ်မှာ။ တန်ဖိုး ထားတယ် ဆိုတာကလည်း တန်ဖိုးသိမှ တန်ဖိုးထားမှာဖြစ်တယ်။
မြန်မာစာပေ မဖတ်ဘူးတဲ့သူက မြန်မာစာပေတန်ဖိုး မသိနိုင်ဘူး။ မြန်မာစာပေမှာရှိတဲ့ ပျို့ကဗျာ၊ လကာင်္တွေ ထားဦး။ တကယ့် နောက်ပိုင်းပေါ်တဲ့ ရသစာတမ်းတို့ ဘာတို့၊ ဝတ္ထုလိုဟာမျိုး ကိုတောင်မှ တချို့တွေ မဖတ်ဖူးဘူး။ မသိလည်း မသိဘူး။ မသိတော့ တန်ဖိုးမထားဘူး။
အဲဒီတော့ အားလုံးက ဝိုင်းပြီး တန်ဖိုးထားတတ်တဲ့ အခြေခံစိတ်ကလေးဖြစ်မှ ကိုယ့်ဘာသာစကားရဲ့ ရှင်သန်မှု၊ ဖွံ့ဖြိုးမှု ဆိုတာ ပိုပြီးတော့ ထိရောက်မှာဖြစ်တယ်။ တဖက်ကလည်း ဘာလိုအပ်သလဲဆိုတော့ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ကိုယ့် ဘာသာစကားဖွံ့ဖြိုးဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်တယ်။ နိုင်ငံတော်ရဲ့ ပံ့ပိုးတဲ့အပိုင်းဆိုရင် ကိုယ့်ဘာသာစကား အပေါ် အလေးထားပြီးဆောင်ရွက်တယ်။
သူများနိုင်ငံတွေမှာဆိုရင် သူတို့ ဘာသာစကားဖွံ့ဖြိုးမှုကို နည်းအမျိုးမျိုးနဲ့ ဆောင်ရွက်နေကြတယ်။ ကျနော်တို့ နိုင်ငံမှာ ကျတော့ မြန်မာစကားပြောတာကိုပဲ အထင်သေးသလို ဖြစ်တယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ရာပြည့် အကြိုအစည်းအဝေးမှာ ပြောသွားတာရှိပါတယ်။
တချို့မိဘတွေက နိုင်ငံခြားကျောင်းတွေမှာ ထားပြီးတော့ မြန်မာစကား မပြောတတ်တာကိုပဲ ဂုဏ်ယူနေတယ်။ ဒါက လုံးဝ ဂုဏ်ယူစရာမဟုတ်ဘူးဆိုပြီး ပြောထားတာရှိတယ်။ ဒါပေမယ့် အများစုက အဲဒီလို သဘောထားတွေ ရှိတယ်။ ဒီဘာသာ စကား တတ်ကျွမ်းပြီး ကိုယ့်ဘာသာစကား မတတ်ကျွမ်းဘူး ဆိုတာက ဂုဏ်ယူစရာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တယ်။
ကိုယ့်ဘာသာလည်း ကျွမ်းကျင်သလို နိုင်ငံတကာသုံးတဲ့ အင်္ဂလိပ်လိုလည်း ပြောတတ်မယ်ဆိုရင် ပိုမကောင်း ဘူးလားပေါ့။ ကိုယ့်ရဲ့ မိခင်စကားကို တန်ဖိုးထားသင့်တယ်။ တတ်ကျွမ်းသင့်တယ်ဆိုတဲ့ အခြေခံစိတ်ကလေးက စပြီး ပြင်မှ ကျန်တဲ့အဆင့်ဆင့်က ပိုပြီးအောင်မြင်မှာဖြစ်တယ်။