အစားအစာ ဘေးကင်းစေရေး အလေးအနက် ထားခြင်း

စမ်းယမင်းအောင်
ရန်ကုန်မြို့လည်ရှိ နေ့လည်စာရောင်းသော လမ်းဘေးဆိုင်တဆိုင် / ဧရာဝတီ 
Want create site? Find Free WordPress Themes and plugins.

မသန့်ရှင်းသောရေနှင့် အစားအစာကြောင့် နှစ်စဉ် ကမ္ဘာတဝှမ်း လူသန်းပေါင်း ၆၀၀ ခန့် နာမကျန်းဖြစ်ပြီး ထိုအနက်မှ လူပေါင်း ၄၂၀, ၀၀၀ ဦးမှာ သေဆုံးနေသည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ဆိုသည်။ ထိုအရေအတွက်မှာ နှစ်စဉ် HIV, AIDS ၊ ငှက်ဖျားနှင့် ဝက်သက်ရောဂါကြောင့်သေဆုံးရသူစုစုပေါင်းထက် ပိုများသည်ဟု သိရသည်။

အစားအသောက်ကြောင့် စားသုံးသူကို ဘေးမဖြစ်စေရန် လိုက်နာရမည့် အလေ့အထများ (Food Safety Practices) ကို စိုက်ပျိုးချိန်မှစ၍ ထုတ်ပိုးချိန်၊ ဖြန့်ချိရောင်းချချိန်နှင့် ပြင်ဆင်စားသုံးသည်အထိ လိုက်နာရန်မှာ အများပြည်သူကျန်းမာရေးအတွက်သာမက အာဟာရဖူလုံရေး၊ နိုင်ငံ စီးပွားရေး၊ ပြည်ပတင်ပို့မှု၊ ခရီးသွားလုပ်ငန်းနှင့် ထိုနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအားလုံးအတွက် စိန်ခေါ်နေသော အရာလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင်မူ ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်များကို စားသုံးမိခြင်းကြောင့် ဖြစ်ပေါ်နေသည့် ရောဂါများကို တားဆီးကာကွယ်ရေးမှာ နိမ့်ကျလျက် ရှိသည်။ လူထုအကြား အစားအစာ ဘေးကင်းရေးဆိုင်ရာနှင့် ပတ်သက်ပြီး သိရှိလိုက်နာမှု၊ ထုတ်လုပ်ရောင်းချသူများ၏ အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ အလေ့အထများ လေးစားလိုက်နာမှု၊ တာဝန်ရှိသည့် ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုများမှာ အလွန်အားနည်းနေပြီး အစားအစာ ဘေးကင်းလုံခြုံမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်း အချို့မှာလည်း ခေတ်ကာလနှင့်လျောညီခြင်း မရှိတော့သည့်အတွက် ပြင်ဆင်နေဆဲဖြစ်သည်။

Mekong Institute ၏ လူတိုင်းအတွက် အစားအစာ ဘေးကင်းလုံခြုံမှု မြှင့်တင်ခြင်းစီမံကိန်း (PROSAFE)မှ ညှိနှိုင်းရေးမှူး ဒွိုက် ဂျေဆင် ရိုနန်

ထိုအကြောင်းအရာများနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း ခွန်ကန်းရှိ Mekong Institute ၏ လူတိုင်းအတွက် အစားအစာ ဘေးကင်းလုံခြုံမှု မြှင့်တင်ခြင်းစီမံကိန်း (PROSAFE)မှ ညှိနှိုင်းရေးမှူး ဒွိုက် ဂျေဆင် ရိုနန်ကို ဧရာဝတီ သတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့ပါသည်။ သူသည် PROSAFE ၏ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူးလည်းဖြစ်ပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့မှ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများကို အစားအစာ ဘေးကင်းလုံခြုံရေးကို အထောက်အကူပြုသော သင်တန်းများနှင့် အခြားဝန်ဆောင်မှုများကို လုပ်ကိုင်ပေးနေသည်။

၎င်းမှ မြန်မာနိုင်ငံ၏ လက်ရှိ အစားအစာ ဘေးကင်းလုံခြုံမှု အခြေအနေကို အခြားမဲခေါင်ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ဆွေးနွေးထားပြီ်း ပြည်တွင်း အစားအစာဘေးကင်းလုံခြုံမှု တိုးတက်ရေးအတွက် လုပ်ဆောင်ရမည့် စိန်ခေါ်မှုများကို ပြောပြထားပါသည်။

မေး။ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူးအနေနဲ့ လွန်ခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံက အစားအစာ ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့တွေ၊ အစိုးရဝန်ကြီးဌာနတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့တော့ မြန်မာနိုင်ငံရဲ့ အစားအစာ ဘေးကင်းလုံခြုံမှု အခြေအနေကို ဘယ်လိုမြင်လဲ။

ဖြေ။ မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ ဒေသတွင်းက တခြားနိုင်ငံတွေနဲ့ အလားတူပါပဲ။ တခုရှိတာကတော့ မကြာသေးခင်ကမှ မြန်မာနိုင်ငံက ပွင့်လင်းလာပြီး တခြားနိုင်ငံတွေနဲ့ ကုန်သွယ်ရေးလမ်းကြောင်း စ ဖွင့်ပေးနေပြီး မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေလည်း ဝင်လာနေပြီ။ မြန်မာအစိုးရကလည်း အစားအစာ ဘေးကင်းလုံခြုံရေးကို စပြီး ဦးစားပေးလာတယ်။ အစိုးရက ဒီကိစ္စကို တိုးတက်အောင်ဆောင်ရွက်ဖို့ ဆန္ဒရှိတာကိုလည်း ကျနော်တို့ တွေ့နေရတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ တခြားနိုင်ငံတွေနဲ့တွေလိုဘဲ ပြဿနာက ဒီကိစ္စကို အဓိက တာဝန်ယူဆောင်ရွက်နေတဲ့ ဝန်ကြီးဌာနသုံးခုဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွေအကြား ဝန်ကြီးဌာနချင်း ပူးပေါင်းဆောင်ရွက်မှုက လိုအပ်နေတယ်။ ဒီအဓိက ဝန်ကြီးဌာနတွေအကြား ညှိနှိုင်းဆောင်ရွက်မှု တိုးတက်အောင် လုပ်ဖို့ လိုနေသေးတယ်။ ဒါက အစိုးရပိုင်းအနေနဲ့ပေါ့။

ပုဂ္ဂလိကကဏ္ဍအရကြည့်ရင် မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတာက နိုင်ငံမှာ အသေးစား၊ အလတ်စားလုပ်ငန်းတွေ အများကြီးရှိတယ်။ သူတို့ကို အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ လိုက်နာရမယ့် အလေ့အထတွေကို သိနားလည်အောင်နဲ့ လိုက်နာနိုင်အောင် အသိပညာ၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ မြှင့်တင်ပေးဖို့ လိုအပ်နေသေးတယ်။ အဲ့လိုဆို ကိုယ့်နိုင်ငံတွင်း ဈေးကွက်မှာရော ပြည်ပတင်ပို့ဖို့အတွက်ပါ စီးပွားရေးအခွင့်အလမ်းတွေလည်း ပိုပြီးပွင့်လာနိုင်မယ်။

မေး။ အစားအစာ ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက ကိုင်တွယ်ဖြေရှင်းဖို့ လိုတဲ့ အဓိကပြဿနာက ဘာလဲ။

ဖြေ။ ပြသနာ တခုတည်းကို ပြောဖို့တော့ခက်တယ်။ ဒါပေမယ့် အရေးကြီးတဲ့ ပြဿနာတခုက အစားအစာ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်ပြီး အသိပညာပေးမှု မြှင့်တင်ဖို့ လိုအပ်ချက်ပဲ။ အစားအစာ ဘေးကင်းလုံခြုံမှုအကြောင်းကို လူတွေ ပိုသိရှိနားလည်ပြီး လိုက်နာနိုင်အောင်လုပ်ဖို့ အများကြီးလိုသေးတယ်လို့ မြင်တယ်။ အလေ့အထလို့ပြောတဲ့အခါမှာ ဈေးကနေ တခုခုဝယ်တိုင်း၊ ပစ္စည်းတခုခုကို ဝယ်ဖို့ရွေးတိုင်း ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို ရွေးဝယ်တာ၊ သေချာ သန့်သန့်ရှင်းရှင်း ပြင်ဆင်ချက်ပြုတ်တာတွေပါ ပါတယ်။

ရန်ကုန်မြို့တွင် အလွယ်တကူ ရနိုင်သော လမ်းဘေးစာ/ အောင်ကျော်ထက်

မေး ။ အခြားမဲခေါင်ဒေသနိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် မြန်မာနိုင်ငံရဲ့ အစားအစာ ဘေးကင်းလုံခြုံမှုအဆင့်က ဘယ်လောက်ရှိလဲ။

ဖြေ။ အခြားနိုင်ငံတွေနဲ့တော့ သိပ်မကွာပါဘူး။ သေချာပေါက်တော့ (မဲခေါင်ဒေသတွင်း နိုင်ငံတွေထဲမှာ) တရုတ်နဲ့ ထိုင်းနိုင်ငံက အစားအစာ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်ရင် တော်တော်လေးကို ရှေ့ရောက်နေပြီ။ မြန်မာနိုင်ငံက လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့နဲ့ အလားတူတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ကျနော်မြင်တယ်။ မြန်မာနိုင်ငံမှာ အခုလောလောဆယ် အရေးကြီးဆုံး အာရုံစိုက်သင့်တာတခုက အမျိုးသား အစားအသောက် ဥပဒေ ဖြစ်တယ်။ အခု အဲဒီဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ရှိတယ်လို့ သိရတယ်။ အမျိုးသား အစားအသောက် ဥပဒေကို လူတိုင်းဆီ ပျံ့နှံအောင်လုပ်ဖို့၊ သူ့ရဲ့စည်းမျဉ်းတွေကို အကောင်အထည်ဖေါ်အောင် လုပ်ဖို့ကို အစိုးရအနေနဲ့ လတ်တလော ဦးစားပေးအဖြစ် ထားသင့်တယ်။ ဒီစည်းမျဉ်းတွေကို အကောင်အထည်ဖေါ်မယ့် ဝန်ကြီးဌာနအဆင့် ပူးပေါင်းဆောင်ရွက်မှုလည်း ကောင်းဖို့ လိုအပ်တယ်။

ကျနော်ပြောခဲ့သလိုပဲ မြန်မာနိုင်ငံမှာ ဝန်ကြီးဌာန ၃ ခု က အစားအသောက် ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေကြတယ်။ ဒါပေမယ့် ဝန်ကြီးဌာနချင်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုက မရှိဘူး။ ဥပမာပြောရရင် နေပြည်တော်၊ ရန်ကုန်နဲ့ တခြားမြို့တွေမှာ ဈေးတွေထဲကို စစ်ဆေးတာနဲ့ပတ်သက်ပြီး ကျနော်တို့ကြားရတာက ဒီမှာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA က သူအစီအစဉ်နဲ့ သူ စစ်ဆေးတာ အသိပညာပေးတာ လုပ်တယ်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဌာနကလည်း သပ်သပ်လုပ်တာ ရှိတယ်။ အစိုးရမဟုတ်တဲ့ အရပ်ဖက်အဖွဲ့တွေကလည်း သူတို့ဖာသာ လုပ်တယ်။ ဒီတော့ဈေးသည်တွေက ရှုပ်ထွေးပြီး ဘာကို လိုက်နာရမလဲ မသိတော့ဘူး။

အခုလောလောဆယ် အစားအစာ ဘေးကင်းလုံခြုံရေး ဆောင်ရွက်မှုက ဟိုတစ ဒီတစနဲ့ အားပျော့နေတုန်းပဲ။ ဝန်ကြီးဌာနတွေ ပူးပေါင်းဆောင်ရွက်မှု အားနည်းတဲ့အတွက် တယောက်ကလုပ်ပြီးသားကို နောက်တယောက်က ထပ်လုပ်နေတာမျိုးတွေ ဖြစ်နိုင်တယ်။

မေး။ တရုတ်နဲ့ ထိုင်းနိုင်ငံဟာ အစားအစာ ဘေးကင်းလုံခြုံမှုအရ တော်တော် တိုးတက်ပြီး ရှေ့ရောက်တယ်လို့ ပြောတယ်။ သူတို့ကလည်း ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်တို့ကို အစားအသောက်ထုတ်ကုန်တွေ အဓိက တင်ပို့နေတဲ့နိုင်ငံတွေ ဖြစ်တယ်။ဒါပေမယ့် အဲဒီထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး အထူးသဖြင့် တရုတ်က စားသောက်ကုန်တွေ ဘေးကင်းလုံခြုံမှု ရှိမရှိ စိုးရိမ်မှုတွေ ရှိနေတယ်။ အဲ့ဒါကို ဘယ်လိုမြင်လဲ။

ဖြေ။ လောလောဆယ်အနေနဲ့ တရုတ်ထုတ်ကုန်တွေ ဘေးမကင်းဘူးလို့ ထင်ကြတာ မှားယွင်း ယူဆမှုဖြစ်တယ်လို့ ကျနော်ထင်တယ်။ ဒါဟာ ကျနော်တို့ အမြဲယုံမှတ် မှားတတ်ကြတာလည်း ဖြစ်တယ်။ တကယ်က တရုတ်က သူတို့ရဲ့ ထုတ်ကုန်တွေနဲ့ပတ်သက်ပြိး အစားအစာ ဘေးကင်းမှု ရှိမရှိ စောင့်ကြည့်စစ်ဆေးတဲ့အပိုင်းမှာ တော်တော်လေးကောင်းတယ်။ အစိုးရက အဲ့အပေါ်မှာ တင်းကျပ်တာကြောင့် ပုဂ္ဂလိက ကုမ္ပဏီတွေ စည်းကမ်းချိုးဖေါက်တဲ့ သတင်းတွေ ကြားရတယ်လို့လည်း ထင်တယ်။

မြန်မာနိုင်ငံ လုပ်နိုင်တာက တရုတ်နဲ့ ထိုင်းမှာ လုပ်နေတဲ့ အစားအစာ ဘေးကင်းလုံခြုံရေး မူဝါဒတွေကို လေ့လာဖို့နဲ့ ဒီမူတွေကို မြန်မာနိုင်ငံက ဘယ်လိုပေါင်းစည်းနိုင်မလဲ တုံ့ပြန်ဆောင်ရွက်နိုင်မလဲ ဆိုတာကို ကြည့်ဖို့ဖြစ်တယ်။

ကျနော်ပြောခဲ့တဲ့အတိုင်း မြန်မာနိုင်ငံဟာ မကြာသေးမီကမှ ပွင့်လင်းလာတဲ့နိုင်ငံဖြစ်ပြီး နိုင်ငံထဲက ထွက်သွားတဲ့ ကုန်တွေအများကြီးရှိသလို ဝင်လာတာတွေလည်း များတယ်။ ဒါဟာ ကောင်းပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ မြန်မာနိုင်ငံအနေနဲ့ အဲဒီဝင်ထွက်သွားတဲ့ကုန်တွေအတွက် အထောက်အကူပြုမယ့် မူဝါဒတွေ၊ စနစ်တွေကို အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်သင့်တယ်။

မေး။ မကြာသေးမီ နှစ်တွေအတွင်း အစားအစာ ဘေးကင်းလုံခြုံမှုနဲ့ပတ်သက်လို့ တိုးတက်မှုတွေ ရှိလား။

ဖြေ။ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ အစားအစာ သိပ္ပံနှင့် နည်းပညာအသင်းလို၊ စားသုံးသူ သမဂ္ဂလို အင်အားကောင်းတဲ့ လူမှုအဖွဲ့အခြေပြုအဖွဲ့အစည်းတွေ ရှိတယ်။ သူတို့တွေက အရမ်းကို တက်ကြွတယ်။ အစားအစာ ဘေးကင်းလုံခြုံမှုနဲ့ပ တ်သက်တဲ့ လှုပ်ရှားမှုတွေလည်း တွေ့ရတယ်။ အဲ့ဒါက ကောင်းတဲ့အချက်တချက်လို့ မြင်တယ်။ အစိုးရရဲ့ ဆန္ဒအပြင် လူမှုအခြေပြုအဖွဲ့အစည်းတွေရဲ့ ပါဝင်မှု အားကောင်းတာကလည်း မြန်မာနိုင်ငံအတွက် ကောင်းတဲ့လက္ခဏာဖြစ်တယ်။ နိုင်ငံက ပွင့်လင်းလာတာနဲ့အမျှ အစားအစာ ဘေးကင်းလုံခြုံမှု လုပ်ငန်းဆောင်တာနဲ့ အလေ့အထတွေကို ပိုမို တိုးတက်အောင်လုပ်ဖို့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလည်း အများကြီးဝင်လာတယ်။

မေး။ မြန်မာနိုင်ငံက အစားအစာနဲ့ပတ်သက်ပြီး လန့်သွားစေခဲ့တာ ရှိလား။

ဖြေ။ မြန်မာနိုင်ငံကို ပထမဆုံးရောက်စက တုန်လှုပ်တာတော့ မဟုတ်ပေမယ် ကျနော်ကြီးပျင်းခဲ့တဲ့နေရာနဲ့အဓိကကွာတာက ဒီမှာ ဟင်းသီးဟင်းရွက်တွေကို ရေနွေးဖျောပြီး ငပိနဲ့ တို့စားတာပဲ။ အခု ဒီအကြောင်းကို စဉ်းစားလိုက်တော့ အစာ အဆိပ်သင့်စေနိုင်တဲ့အချက်တွေ အများကြီးရှိတယ်။ ရေကသန့်လား မသန့်လား မသိရဘူး။ ငပိလုပ်တဲ့နေရာမှာ သန့်လားမသန့်လား မသိရဘူး။

နောက်တခုက ကျနော့်ကို အံသြသွားစေခဲ့တဲ့အရာလို့ ပြောလို့ရတာက အစားအစာထဲမှာ သုံးတဲ့ ဆီပမာဏပဲ။ ကျေးလက်တွေမှာက ရေခဲသေတ္တာတွေ မရှိတဲ့အတွက် မသိုးသွားအောင်လို့ ဆီကို အများကြီးသုံးတာကို ကျနော်နားလည်တယ်။ ပိုးကောင်တွေ ဟင်းကို တိုက်ရိုက်မထိအောင် အများကြီးထည့်တာလို့လည်း ဒေသခံတွေက ကျနော့်ကို ပြောတယ်။ အခုစဉ်းစားကြည့်တော့ အဲ့ဒီလိုလုပ်တာ ကျန်းမာရေးပြဿနာတွေ အများကြီးရှိတယ်။ ဆီအလွန်အကျွံသုံးမှုနဲ့ သုံးတဲ့ဆီအမျိုးအစားအရ ဘေးကင်းလုံခြုံမှု စိုးရိမ်စရာတွေ ရှိတယ်။

ရန်ကုန်မြို့တွင် အလွယ်တကူ ရနိုင်သော လမ်းဘေးစာ/ အောင်ကျော်ထက်

မေး။ မြန်မာအစိုးရကို ဘာသတင်းစကားများ ပေးလိုပါသလဲ။

ဖြေ။ FAO နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့က ဦးဆောင်ပြီး ဇွန်လ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ပထမဆုံး အစားအသောက် ဘေးကင်းလုံခြုံရေးနေ့ရဲ့ ဆောင်ပုဒ်က “အစားအစာ ဘေးကင်းလုံခြုံရေးသည် လူတိုင်း၏ အရေးဖြစ်သည်” ဆိုတာပါပဲ။ အစားအစာ ဘေးကင်းလုံခြုံမှု မြှင့်တင်ရေးဟာ အစိုးရရဲ့ အခန်းကဏ္ဍ သက်သက်တော့ မဟုတ်ဘူး။ ဘေးကင်းတဲ့ အစားအသောက်ကို တောင်းဆိုခြင်းဖြင့် ပုဂ္ဂလိကကဏ္ဍနဲ့ စားသုံးသူတွေကလည်း အရေးပါတဲ့အခန်းကနေ ပါဝင်နေတယ်။ သူတို့မှာ အစားအစာ ဘေးကင်းလုံခြုံရေး အသိစိတ်ရှိရင် ဘေးကင်းတဲ အစားအစာ စားသုံးရခြင်း တန်ဖိုးကို နားလည်ရင် သူတို့က ဘေးကင်းတဲ့ အစားအသောက်ကိုပဲ တောင်းဆိုကြမယ်။ ဘေးကင်းတဲ့ အစားအသောက်ကို ဈေးကွက်က တောင်းဆိုမှုဟာ အလေ့အထသစ်တွေ ကျင့်သုံးဖို့ ပုဂ္ဂလိက ကဏ္ဍကို တွန်းအားပေးနိုင်တယ်။ နိုင်ငံက လူတိုင်း လူတိုင်း ဘေးကင်းတဲ့ အစားအသောက်စားနိုင်ဖို့ ဘယ်လို မူဝါဒ၊ ဥပဒေ၊ အစီအစဉ်တွေကို လုပ်ရမယ်ဆိုတာကို ကြည့်ဖို့လည်း အစိုးရကို တွန်းအားပေးနိုင်တယ်။

ကျနော်တို့မှာ ကောင်းမွန်သော စိုက်ပျိုးနည်း အလေ့အကျင့် GAP ဆိုတာ ရှိတယ်၊ အမျိုးသား အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ စံနှုန်းတွေရှိတယ် ဆိုတာကို လူတွေပို သိအောင်လို့ အစိုးရကနေလည်း ပညာပေးအစီအစဉ်တွေ ပိုလုပ်သင့်တယ်။

တချိန်တည်းမှာ ပုဂ္ဂလိကကဏ္ဍမှာ လိုဂိုတွေ ကောင်းမွန်တဲ့ထုတ်ပိုးမှုတွေ၊ ပါဝင်ပစ္စည်းအညွှန်းတွေ သေချာပါဖို့လည်း အစိုးရက ပြောဖို့အရေးကြီးတယ်။ အစားအသောက် ရောင်းချတဲ့ဈေးသည်တွေကို ဘယ်လိုမျိုး ဘေးကင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆောင်ရွက်ဖို့လိုတယ်ဆိုတာ အားပေးဖို့ အရေးကြီးတယ်။ ပိုပြီး သန့်သန့်ပြန့်ပြန့်နဲ့ ဘေးကင်းအောင် လုပ်လာနိုင်ရင် သူတို့လည်း ပိုရောင်းရမယ်။

မေး။ အစားအစာ ဘေးကင်းလုံခြုံမှု ကျွမ်းကျင်သူတဦးနေနဲ့ အစားအသောက်ကို ဘယ်လို ရွေးချယ်စားလဲဆိုတာ သိချင်တယ်။

ဖြေ။ တကယ်တော့ ကျနော်က အစားအသောက် ဘေးကင်းလုံခြုံရေး ကျွမ်းကျင်သူရယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အစားအစာ ဘေးကင်းလုံခြုံမှု မြှင့်တင်ရေးအတွက် လုပ်ခဲ့တာ နှစ်တော်တော်ကြာရှိပြီ။

အစားအသောက်ရွေးချယ်မှုနဲ့ပတ်သက်ပြီး ပြောရရင် ဘယ်လိုအစားအသောက်တွေကို ရွေးချယ်ပြီး စားရမလဲဆိုတာ ပိုသိလာတယ်။ ဥပမာ ဈေးမှာ စူပါမားကတ်မှာ ဈေးဝယ်ရင် GAP၊ HACCP- (Hazard Analysis and Critical Control Points) or GMP (Good Manufacturing Practices) အသိအမှတ်ပြု ထုတ်ကုန်တွေကို ပိုဦးစားပေးရွေးတာမျိုး။ နေ့စဉ် စားသုံးသူအနေနဲ့ပါ အစားအစာကို ဘယ်လိုဘေးကင်းအောင် သိမ်းဆည်းရမယ် ပြင်ဆင်ချက်ပြုတ်ရမယ်ဆိုတာကိုလည်း ပိုသတိထား တတ်လာတယ်။ နောက်ပြီး အစားအစာဘေးကင်းလုံခြုံရေး လုပ်ဆောင်နေသူတဦးအနေနဲ့ လူတွေ ပိုမိုသိရှိအောင် ဒီအကြောင်းတွေကို မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ ပိုပြောဖြစ်တယ်။ ဒါက ကျနော် နေ့စဉ်ဘဝမှာ အစားအသောက် ဘေးကင်းလုံခြုံမှုကို ကျင့်သုံးနေတာပါပဲ။

(San Yamin Aung ၏ Getting Serious About Food Safety in Myanmar ကို ဆီလျော်အောင် ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန်

စားသောက်ကုန် ဘေးကင်းလုံခြုံရေး ညီလာခံခေါ်

ခေတ်ပေါ် အစားအစာတွေ ကျန်းမာရေးအတွက် ကောင်းသလား

ငရုတ်သီး၊ မြေပဲနဲ့ ပြောင်းဖူးတို့မှာ တွေ့ရတဲ့ Aflatoxin မှိုရဲ့ ကျန်းမာရေး အန္တရာယ်

Did you find apk for android? You can find new Free Android Games and apps.
Loading