စစ်အာဏာရှင် ဆန့်ကျင်နေသည့် ပြည်သူများကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးခြင်းများကို နေ့စဉ်ရက်ဆက် ပြုလုပ်နေရာ ဧပြီ ၁၇ ရက် နှစ်ဆန်း တရက်နေ့ကလည်း ရန်ကုန်မြို့ ရန်ကင်းမြို့နယ် အမှတ် ၄ ရပ်ကွက်ရှိ လူငယ် ၆ ဦး ကို ဖမ်းဆီးခဲ့သည်။
ဧပြီ ၁၈ရက်တွင် စစ်ကောင်စီ၏ မီဒီယာများမှ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်သူများအား ဖမ်းဆီးရမိဟုဆိုကာ ၎င်းလူငယ် ၆ ဦးထံမှ လက်လုပ်ဗုံးအပါအဝင် လက်နက်များ တွေ့ရှိသည်ဟု ရေးသား၍ အကြမ်းဖက် ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်ထားသည်ကိုလည်း တွေ့ရသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ဖမ်း ဆီးခံထားရသူ မခင်ငြိမ်းသူ၏ မိခင် ဒေါ်လှလှစိုးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ မခင်ငြိမ်းသူကို စစ်ကောင်စီက ဖမ်းဆီးမှု အခြေအနေကို အရင်ပြောပြပေးပါရှင့်။
ဖြေ။ ။ အန်တီ့အနေနဲ့ကတော့ သမီးနဲ့ တအိမ်တည်း အတူနေတာ မဟုတ်ပါဘူး။ မဟုတ်တဲ့ အတွက်ကြောင့်မိုလို့ ဘေးအိမ်တွေက ပြောပြတာလောက်ပဲ သိရပါတယ်။ ၉ နာရီလောက်မှာ ရဲတပ်ဖွဲ့တွေ စစ်သားတွေ ရောက်လာ ပြီးတော့ အိမ်ထဲကို ဝင်ပြီးတော့ ဘေးအိမ်ကိုလည်း ခြံတံခါးတွေဘာတွေ တွန်းတက် ဖွင့်ပြီးတော့ ဝင်ရှာတယ်။ ပြီးတော့ သမီး အိမ်ထဲကို သွားတယ်။ တအိမ်လုံးကို ရှာဖွေတယ်။ ပြီးတော့ ကလေးတွေကို ဖမ်းသွားတယ်ပေါ့ နှစ်ဆန်း ၁ ရက်နေ့ ည ၉ နာရီလောက်မှာ။ သမီးနဲ့ အတူတူ အခြား ကလေး ၅ ယောက် ပါပါတယ်။
မေး ။ ။ မခင်ငြိမ်းသူရဲ့ ရပ်တည်ချက်က ဘယ်လိုမျိုးရှိပါလဲ။
ဖြေ ။ ။ ရပ်တည်ချက်ကတော့ ယခုအချိန်မှာ အများသူငှာ ရှိတဲ့အတိုင်းပဲပေါ့။ ဒီမိုကရေစီကို တောင်းဆိုနေတဲ့ လူငယ်တယောက်ပါ။
မေး ။ ။ မခင်ငြိမ်းသူက နိုင်ငံခြားမှာ ပညာသွားရောက် သင်ယူထားတဲ့လူလို့ သိရပါတယ်။ ဘယ်နှခုနှစ်လောက်က မြန်မာနိုင်ငံကို ပြန်ရောက်တာလဲ။
ဖြေ ။ ။ သမီးက UK မှာ ၅ နှစ်လောက် နေဖူးပါတယ်။ အဲဒီမှာ ကျောင်းတက်ဖူးတယ်ပေါ့။ သူက Performance art ကို specialize လုပ်ပြီးတော့ ကျောင်းတက်ခဲ့ဖူးပါတယ်။ ၁၀ တန်းအောင်ပြီးတဲ့ အချိန်မှာ သွားတာပေါ့လေ။ ၁၀ တန်းအောင်ပြီးတဲ့ အချိန်မှာ Correspondence တက်ပြီးတော့ UK မှာသွားနေတယ်။ ကျောင်းသွားတက်တယ်ပေါ့။ ၅ နှစ်လောက်နေပြီးတော့ Diploma ရတဲ့အချိန်မှာ ပြန်လာပါတယ်။ ပြီးတော့ အလုပ် စလုပ်ခဲ့ပါတယ်။ သူပြန်ရောက်တာ ၆ နှစ် ၇ နှစ်လောက်ရှိပြီ။ သူက ၃၁ နှစ်ပြည့်ပြီးသွားပါပြီ။
မေး ။ ။ မနေ့က မြဝတီနဲ့ မြန်မာ့အသံ ရုပ်မြင်သံကြားတွေမှာ မခင်ငြိမ်းသူ အပါအဝင် လူငယ်တွေကို ညှဉ်းပန်း နှိပ်စက်ထားတဲ့ ပုံတွေနဲ့ သတင်းကြေညာတာကို တွေ့ရပါတယ်။ အဲဒီအပေါ်မှာ မိခင်တယောက်အနေနဲ့ ဘာများ ပြောချင်လဲ။
ဖြေ ။ ။ အန်တီက သတင်းကို မကြည့်ပါဘူး။ ဒါပေမယ့် သမီး ဘယ်လိုအခြေအနေ ဖြစ်နေမလဲ ဆိုတာကို အန်တီ သဘောပေါက်ပါတယ်။ အန်တီက ခရစ်ယာန်ပါ ဘုရားသခင်ကို ယုံကြည်တယ်။ ဒါကြောင့်မို့လို့ သမီးရဲ့ အသက်ကို ပြန်ရဖို့ အန်တီ ဆုတောင်းနေတယ်။ တခြား အများကြီး မတောင်းပါဘူး။ သမီးရဲ့ အသက်ကို လိုချင်တယ်။ ဘုရားသခင် ကာကွယ်ပါ။ ကလေးတွေ အကုန်လုံးရဲ့ အသက်ကို ပြန်လိုချင်ပါတယ်လို့ပဲ အန်တီ ဆုတောင်းပါတယ်။
မေး ။ ။ ဒီလိုမျိုး ဖမ်းဆီးနှိပ်စက်ခံရတဲ့ အပေါ်မှာရော ဘာပြောချင်တာရှိမလဲ။
ဖြေ ။ ။ မဖြစ်သင့်တဲ့ ကိစ္စ တခုလို့ပဲ ပြောချင်ပါတယ်။ နားလည်တာက မနေ့က ရန်ကင်း ရဲစခန်းကနေပြီး ရွှေပြည်သာ စစ်ကြောရေးစခန်းကို ပို့ထားတယ်။ ရွှေပြည်သာ စစ်ကြောရေးစခန်းက ကြမ်းတမ်းတဲ့ နေရာဖြစ်တယ်။ နာကျင်ခံစားရမှုတွေ ရှိမယ်။ အဲဒီကနေ အင်းစိန်ထောင်ကို ပို့မယ်လို့ နားလည်ပါတယ်။ အဲဒီနေရာကနေ အမြန်ဆုံး ထွက်လာနိုင်ပါစေ။ အသက်နှင့်တကွ အမြန်ဆုံး ထွက်လာနိုင်ပါစေ။ ဆေးကုသခွင့် အမြန်ဆုံး ရပါစေ။
အန်တီတောင်းဆိုတဲ့ သမီးရဲ့ အသက်ကို ပြန်ပေးပါလို့ တောင်းထားတာကို ဘုရားသခင် ကြားပါစေလို့ ။ တခြားခံစားနေရတဲ့ မိဘတွေရဲ့ အသည်းနှလုံးနဲ့ အန်တီ အတူတူ ရှိတယ်လို့ ပြောချင်ပါတယ်။ ဖြစ်နေတဲ့ အခြေအနေပေါ် မူတည်ပြီးတော့ အကောင်းဆုံးရောက်အောင် အန်တီက အားစိုက်ပြီး လုပ်ပါမယ်။
မေး ။ ။ အန်တီက သတင်းမကြည့်ဖြစ်ဘူးဆိုတော့ မခင်ငြိမ်းသူရဲ့ မျက်နှာအနေအထားကို မမြင်ရသေးဘူးပေါ့။
ဖြေ ။ ။ အန်တီ သူ့ကို မနေ့က ရဲစခန်းမှာ တွေ့ခွင့်ရပါတယ်။ သူတို့ ဖြစ်တဲ့ အချိန်မှာ အန်တီ့ကို လှမ်းပြီး သူ့သူငယ်ချင်း တယောက်က အကြောင်းကြားတယ်။ ကာဖျူးချိန်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အန်တီက ထွက်လို့မရတော့ဘူး။ ထွက်လို့မရတော့ လိုက်မသွားရဘူး။ နောက်တနေ့ မနက် မိုးလင်းတော့ လိုက်သွားတယ် ရန်ကင်း ရဲစခန်းရှေ့မှာ သွားစောင့်တယ်ပေါ့။ အရမ်းတိုက်ဆိုင်တယ်လို့ပဲ ပြောရမှာပဲ အန်တီက ရဲစခန်း ရုံးထွက်ပေါက် တည့်တည့်မှာ မတ်တပ်ရပ်နေချိန် သမီးကို ဝန်ထမ်း ၂ ယောက်က တွဲပြီး ထုတ်လာတယ်။ အိမ်သာလိုက်ပို့တာလို့ ထင်ပါတယ်။ အဲဒီမှာ သူ့ကို တချက် တွေ့လိုက်ရတယ်။
သမီးရေလို့လည်း အော်ပြီးတော့ အန်တီ သူနဲ့ တူတူရှိနေတယ်ဆိုတဲ့ အကြောင်းလည်း အသိပေးလိုက်တယ်။ သူတချက် လှည့်ကြည့်တဲ့ အချိန်မှာ သူ့မျက်နှာကို မြင်ရတော့ အန်တီ သဘောပေါက်တယ်။ အဲဒီမှာကတည်းက သူဟာ နာကျင် ခံစားနေပြီ။ လမ်းလည်း ကောင်းကောင်းမလျှောက်နိုင်ဘူး။
အန်တီသိထားတဲ့ ဗဟုသုတ အရ ရွှေပြည်သာ စစ်ကြောရေးဆိုတဲ့ နေရာကို ရောက်ရင် ပိုပြီးပြင်းထန်မယ်လို့ သိရတဲ့ အတွက် အခုချိန်မှာ သူတော်တော်လေးကို ခံစားနေရလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် အန်တီ့ အနေနဲ့ ဒီပုံတွေကိုလည်း မကြည့်တော့ပါဘူး။ ၁၈ ရက် မနက်ကပါ တနေကုန်ရှိပါတယ်။ သမီးအိမ်နဲ့ ရဲစခန်းနဲ့က တော်တော်နီးတယ် ဆိုတော့ အိမ်နဲ့ ရဲစခန်းနဲ့ကို ဝင်လိုက်ထွက်လိုက်ပေါ့။ ပြောင်းရွှေ့မယ်လို့ သတင်းကြားလိုက်ရင်း သွားပြေးကြည့်လိုက်ရင်းပေါ့။
မေး ။ ။ ဒါဆို ရဲစခန်းမှာကတည်းက မခင်ငြိမ်းသူက နှိပ်စက်ခံထားရတဲ့ အနေအထားကို တွေ့ရတာလား။
ဖြေ ။ ။ အဲဒီနေ့ မနက်ကတည်းက သူ့မျက်နှာက တော်တော် ရောင်ကိုင်းနေပါပြီ။ သူနဲ့ အန်တီက တော်တော်လေး ဝေးပါတယ် သူကြည့်ပဲ ကြည့်သွားတာ။ အဲဒီဘက်ခြမ်းက လူသွားလို့ မရပါဘူး အကာတွေ ရှိတော့။ အန်တီက သူ့ကိုတွေ့လိုက်လို့ အရဲစွန့်ပြီးတော့ ခြံစည်းရိုးနားမှာ သွားရပ်ပြီးတော့ သူအိမ်သာကနေ ပြန်ထွက်လာ အချိန်မှာ အော်ခေါ်လိုက်တာပေါ့။ သူက လှည့်ကြည့်တယ်။ သူဖြည်းဖြည်းလေးပဲ လမ်းလျှောက်နိုင်တယ်။ သူ့မျက်နှာ တခုလုံးက ဖူးရောင်နေပါတယ်။
နေ့ခင်းဘက် ၂ နာရီလောက်မှာ သူတို့အကုန်လုံး ပြောင်းပါတယ်။ သမီးက ဖုန်းတချက်ဆက်ပြီးတော့ ပြောတယ်။ စခန်းက ဖုန်းနဲ့ပဲ။ သူပြောတာက သမီးတို့အုပ်စုကို အင်းစိန်ကို ရွှေ့တော့မယ် မေမေတဲ့။ ကျမတို့လည်း အင်းစိန်ရွှေ့မယ် ဆိုတဲ့ အသိနဲ့ နေနေတာပေါ့။ ဒါပေမယ့် တကယ်တမ်း ရွှေ့သွားတဲ့ အချိန်ကျတော့ ရွှေပြည်သာလို့ သိရပါတယ်။ အင်းစိန်ထောင်မှာလည်း ရှိမနေဘူးပေါ့။ ဒီနေ့ မနက် အန်တီက ထောင်ဝင်စာ သွားပြီးတော့ ပို့တယ်။ ဒါပေမယ့် ရုံးပိတ်ရက် ဖြစ်နေလို့ ပေးလို့ မရသေးဘူး။ သူတို့လည်း မရောက်သေးဘူးလို့ အဲဒီလိုပဲ နားလည်ပါတယ်။
You may also like these stories:
ပဲခူးပစ်ခတ်မှု၌ သေဆုံးသူတို့၏ အုတ်ဂူများဖယ်ရှားရန် ဖိအားပေး
အမျိုးသမီးငယ်များနှင့် ဖမ်းဆီးထားသူများအပေါ် စစ်ကောင်စီတပ်များ ရာဇဝတ်မှု ကျူးလွန်