စစ်ကောင်စီရဲ့ နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ တရားစွဲဆိုခြင်း ခံထားရတဲ့ Gen Z Burma အဖွဲ့ဝင် ဝေယံအောင်၊ ဟန်ဇော်လတ်နဲ့ Alvin တို့ အဖွဲ့ဟာ ရန်ကုန်မှာ ဆက်လက် နေထိုင်ရန်အတွက် အခက်အခဲ ရှိလာတာကြောင့် Free Burma Rangers အဖွဲ့ရဲ့ အကူအညီဖြင့် လွတ်မြောက်နယ်မြေနယ်စပ်တနေရာကို ရောက်ရှိနေကြတာပါ။
တချိန်က နိုင်ငံ့ ဂုဏ်ဆောင်အလှမယ်များကို နိုင်ငံတကာသို့ စေလွှတ်ယှဉ်ပြိုင်စေခဲ့သူ တယောက်ဟာ အခုအချိန်မှာတော့ စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း ကျရာနေရာမှ ပါဝင်နေတဲ့ Miss Golden Land Myanmar ရဲ့ Nation Director ဖြစ်တဲ့ ကိုဟန်ဇော်လတ်ကို လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်လိုက်တဲ့ အကြောင်းအရာများ၊ စစ်သင်တန်းတက်တဲ့ အခြေအနေ များကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ ဘာကြောင့် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ဖြစ်သွားတာလဲ။
ဖြေ။ ။ အာဏာသိမ်းမှုကို စတင်ဖြစ်ခဲ့တဲ့ အချိန်ကနေစပြီးတော့ မြန်မာပြည်သူလူထုဟာ မိမိတို့လိုချင်တဲ့ ဒီမိုကရေစီ စနစ်နဲ့ အခြေခံ လူ့အခွင့်အရေးတွေ မဆုံးရှုံးဖို့အတွက် ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်ခဲ့တာ အားလုံး သိရှိပြီးသားပါ။ ဒီလို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေရဲ့နောက်မှာ အာဏာသိမ်း စစ်ကောင်စီဟာ လက်နက်အားကိုးပြီးတော့ အကြမ်းဖက် ပြီးတော့ ညှဉ်းပန်းမှု တွေ နှိပ်စက်မှုတွေ လူသတ်မှုတွေကို ကျူးလွန်လာတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုရဲ့နေ့စဉ် ဘဝတွေနဲ့ အသက်အိုး အိမ်စည်းစိမ်တွေက မလုံခြုံတော့ပါဘူး။ ဒါကြောင့် ပြည်သူလူထုက ရရာလက်နက်ဆွဲကိုင်ပြီး တော်လှန်ရတဲ့ အနေအထား ဖြစ်ပါတယ်။
ဒီလို တော်လှန်တဲ့အခါမှာလည်း NUG အစိုးရအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ခိုင်ခိုင်မာမာနဲ့ ဖွဲ့စည်း တာဖြစ်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်တာဟာ အကြမ်းဖက် လမ်းစဉ်ကို သွားဖို့ မဟုတ်ပါဘူး။ အကြမ်းဖက်မှု တွေကို နှစ် ၇၀ ကျော် မြန်မာ့မြေပေါ်မှာ စစ်အာဏာရူးတွေက ကျူးလွန်နေပါတယ်။ ဒီလိုကျူးလွန်နေတဲ့ စစ်အာဏာရှင် စနစ်ကို ပပျောက်သွားဖို့အတွက် ကျနော်တို့ ပြည်သူတွေဟာ ပြည်သူ့ ကာကွယ်ရေး တပ်မတော် ဖွဲ့စည်းပြီး လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ရခြင်း ဖြစ်ပါတယ်။
မေး။ ။ စစ်ကောင်စီရဲ့တရားစွဲဆိုခြင်းခံရပြီးတဲ့နောက်မှာ Free Burma Rangers အကူအညီနဲ့ စစ်သင်တန်း သွားတက် ရောက်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရလဲ။
ဖြေ။ ။ အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေ လုပ်လာတဲ့နောက်မှာ ကျနော်တို့ရဲ့ အသက်အန္တရာယ် အတွက် လုံခြုံရေး စိတ်မချရတော့တဲ့အခါမှာ မြန်မာပြည်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေတဲ့ Free Burma Rangers အဖွဲ့နဲ့ ဆက်သွယ် အကူအညီရယူပြီးတော့ လွတ်မြောက်တဲ့ ဒေသကို ရောက်ရှိလာတယ်။ လွတ်မြောက် တဲ့ ဒေသမှာလည်း တော်လှန်ရေးအတွက် ပြင်ဆင် ကြိုးစားရတာ ရှိတယ်။
အခက်အခဲတွေကတော့ ကျနော်တို့မှာတင် မဟုတ်ပါဘူး။ တော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ သူတွေတိုင်းမှာ အခက်အခဲ တွေ အများကြီး ရှိပါတယ်။ ဒီအခက်အခဲတွေကို highlight လုပ်တာထက်စာရင် ဘယ်လို အခက်အခဲတွေနဲ့ပဲကြုံကြုံ ကိုယ် ယုံ ကြည်တဲ့ တော်လှန်ရေးခံယူချက်အပြည့်နဲ့ ရင်ဆိုင်ကျော်လွှားပြီး သက်လုံ ကောင်းကောင်းနဲ့ တော်လှန်ရေးကြီးကို ဆင်နွှဲနေဖို့ အရေးကြီးပါတယ်။ ထိန်းထားဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် အခက်အခဲတွေ ကြုံလာရင် ကျနော်တို့မှာ ကျနော်တို့ ရှိ တယ်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ရှေ့ဆက်ကြဖို့ တိုက်တွန်းချင်ပါတယ်။
မေး။ ။ Gen Z Burma အဖွဲ့ကို ဘယ်အချိန်က ဖွဲ့စည်းခဲ့တာလဲ။ အဖွဲ့မှာရော ဘာတာဝန်ယူထားလဲ။
ဖြေ။ ။ အာဏာသိမ်းမှုပြီးနောက်မှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာတယ်။ ဒီဆန္ဒပြမှုတွေဖြစ်ပေါ်လာပြီးနောက်မှာ အထူးသဖြင့် လူငယ်တွေအနေနဲ့ ကျနော်တို့ လူငယ်တွေအနေနဲ့ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလာတာပါ။ ကျနော်တို့ လှုပ်ရှားမှုတွေ မှာ Concept မိမိ လှုပ်ရှားနိုင်ဖို့အတွက် Gen Z Burma အဖွဲ့ကို တက်ကြွ လှုပ်ရှားသူတွေက စုစည်းပြီးတော့ ဖွဲ့စည်းခဲ့ပါ တယ်။ ဖွဲ့စည်းတဲ့အချိန်ကနေစပြီး ယနေ့အချိန်ထိလည်း အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဆက်လက်လည်း လုပ်ဆောင်နေတုန်းပဲဖြစ်ပါတယ်။ တော်လှန်ရေး အောင်မြင်တဲ့ အထိ ပေါ့။ ကျနော်ကတော့ Gen Z Burma တွေထဲက ခေါင်းဆောင် တယောက်အနေနဲ့ တာဝန်ယူထားပါတယ်။
မေး။ ။ အခုလိုမျိုး တော်လှန်ရေး လုပ်ရလိမ့်မယ်လို့ အရင်က စိတ်ကူးခဲ့ဖူးလား။ ဒီလိုမျိုးတွေဖြစ်လာတဲ့ အခြေအနေအပေါ် ဘယ်လို ခံစားရလဲ။
ဖြေ။ ။ အမှန်အတိုင်း ဝန်ခံရရင် တော်လှန်ရေးတွေကို ဒီလိုမျိုးလုပ်ရလိမ့်လို့ မမျှော်လင့်ခဲ့ပါဘူး။ စိတ်လည်း မကူးခဲ့ပါဘူး။ ကျနော်တို့နိုင်ငံက ဒီမိုကရေစီစနစ်အရ သွားနေတယ်။ ခေါင်းဆောင်ကောင်းတွေရဲ့ လမ်းညွှန်မှုအောက်မှာ ရှိခဲ့တယ်။ လူငယ်တွေအနေနဲ့ နိုင်ငံပေါ်မှာ ထားတဲ့ အနာဂတ် မျှော်လင့်ချက်တွေက တောက်ပခဲ့တယ်။ ဒီအချိန်မှာ ကျနော်တို့ရဲ့ မျှော်လင့်ချက် တွေကို ရိုက်ချိုးလိုက်သလို အာဏာသိမ်းမှုဖြစ်လာတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ ကျနော်တို့က မမျှော်လင့်ခဲ့ပေမယ့် အကောင်းဆုံး ဘယ်လိုရင်ဆိုင်ဖြေရှင်းနိုင်မလဲဆိုတာကို ကျနော်တို့ အဖြေရှာတယ်။ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု တွေမှာ ကျနော်တို့ တတပ်တအား ပါဝင်နေကြဖြစ်ပါတယ်။
မေး။ ။ အဆိုးဆုံးအနေနဲ့ ဘယ်လိုဖြစ်လာနိုင်မယ်လို့ မျှော်လင့်ထားလဲ။
ဖြေ။ ။ အဆိုးဆုံး အခြေအနေကို ဘယ်လိုမျှော်လင့်ထားလဲဆိုတော့ အာဏာသိမ်းမှုစဖြစ်ကတည်းက ဒါဟာနိုင်ငံရဲ့ အဆိုးဆုံး အခြေအနေပါ။ ဒီအခြေအနေတွေကို ရင်ဆိုင်ကျော်လွှားပြီး အကောင်းဆုံးသောအနာဂတ်အတွက် ပြင်ဆင်မှုတွေကို ကျနော် တို့က ရှေးရှုပြီးတော့ ကြိုးစားလုပ်ဆောင်သွားရမှာဖြစ်ပါတယ်။
မေး ။ ။ အလှမယ်တွေကို မွေးထုတ်ပေးခဲ့တဲ့သူ တယောက်အနေနဲ့ အခုလိုမျိုးသေနတ်ကိုင်ရတဲ့ အခြေအနေအပေါ် ဘာများ ပြောချင်လဲ။
ဖြေ ။ ။ ဟုတ်ပါတယ်။ ကျနော့်အနေနဲ့တော့ အရင်တုန်းက နိုင်ငံ့ ကိုယ်စားပြု အလှမောင်တွေ အလှမယ်တွေကို ရွေးချယ်စေလွှတ်တဲ့ အလုပ်ကို လုပ်ကိုင်ပါတယ်။ ဒါပေမယ့် ဘယ်လို ပရော်ဖက်ရှင်နယ် ဘက်ဂရောင်းမျိုးကပဲလာလာ အခုလို အခြေအနေမျိုးမှာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်နောင်မျိုးဆက်အနာဂတ်အတွက် တာဝန်သိတဲ့ ပြည်သူတယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို အုတ်တချပ် သဲတပွင့်အနေနဲ့ ပါဝင်ခွင့်ရနေတဲ့အတွက် ကျနော် ကျေနပ်ပါတယ်။
မေး ။ ။ အခုဆိုရင် အနုပညာရှင် အများအပြားကို ဖမ်းဆီးထားတယ်။ ကျန်တဲ့သူတွေအနေနဲ့လည်း ဖမ်းဝရမ်းကြောင့် ပုန်း ရှောင်နေရတာတွေ လက်နက်ကိုင် နယ်မြေတွေထဲရောက်သွားရတာတွေရယ်ကြောင့် အနုပညာတွေ ဆက်လက် ဖန်တီးခွင့် မရကြတော့ဘူး။ အဲဒီအပေါ်မှာ ဘယ်လို ထင်မြင်ချက်ပေးချင်ပါသလဲ။
ဖြေ။ ။ အနုပညာ လုပ်ငန်းတွေကလည်း ရပ်တန့်နေတာပါ။ အနုပညာလုပ်ငန်းတွေကလည်း ဖမ်းဆီး ထိန်းသိမ်းခံထားရ တာပါ။ ပြည်သူ တယောက်ချင်းစီကလည်း ဆိုးကျိုးတွေ ခံစားနေရတာဖြစ်ပါတယ်။ ဒါြ့ပင် နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်က အာဏာသိမ်းမှု စဖြစ်ကတည်းက ရပ်တန့်နေတာဖြစ်ပါတယ်။ ဒီရပ်တန့်မှုတွေ ရှည်ကြာလာလေလေ ကျနော်တို့နိုင်ငံ ဆိုးကျိုးတွေ များလာလေလေဖြစ်မှာပါ။ ဒါတွေကို အလျင်မြန်ဆုံး ကျော်လွှားနိုင်ဖို့ ဆိုရင် ကျနော်တို့ တော်လှန်ရေးက မြန်မြန်အောင်မြင်ဖို့ လိုပါတယ်။ ဒီလို တော်လှန်ရေး အောင်မြင်ဖို့ဆိုတာ ပြည်သူတရပ် လုံးက ပါဝင်မှသာ အောင်မြင်တာဖြစ်တဲ့အတွက် ပြည်သူတရပ်လုံး ပါဝင်ကြဖို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။
မေး။ ။ လူငယ်တွေနဲ့ ပြည်သူတွေကို ဘာများပြောဖို့ရှိဦးမလဲ။
ဖြေ။ ။ ပြည်သူတွေနဲ့ လူငယ်တွေကို ပန်ကြားချင်တာကတော့ အားလုံး စည်းလုံးညီညွတ်ကြဖို့ပါပဲ။ တော်လှန်ရေးတွေ ဘယ် အချိန်မှာ အောင်မြင်သလဲဆိုရင် အားလုံးမှာတော်လှန်ချင်စိတ် ရှိတဲ့အခါမျိုးတွေမှာ အောင်မြင်ပါတယ်။ ကျနော်တို့မှာ ဘုံရန် သူ တိတိပပ ရှိနေပါပြီ။ မတူညီတဲ့ အရာတွေ ရှိနေရင်တောင်မှ တူညီတဲ့ ဘုံခံယူချက်အတွက် ဆက်လက် တိုက်ပွဲဝင်သွားကြ ဖို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။
You may also like these stories:
“အုပ်တချပ် သဲတပွင့် တာဝန်ယူပေးနိုင်တာကို ကျေနပ်နေမိတယ်”
လိုအပ်တဲ့အချိန်ကျရင် ပြည်သူတွေအတွက် လက်နက်ကိုင်မှာပါ
စစ်သင်တန်းအတွက် လှူဒါန်းပေးကြဖို့ ထားထက်ထက် တိုက်တွန်း