ကျနော်တို့က လူလိုမှ အဆက်အဆံ မခံရတာ၊ စစ်ကြောရေးဆိုတာ တကယ့် ငရဲခန်းပဲ

ဧရာဝတီ
ကမာရွတ်မီဒီယာ အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။

ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။

၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။

မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။

ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝင်စီးနိုင်တယ်။ ၈၈ ရုံးတို့ ဘာတို့ကိုလည်း ဝင်စီးထားတာတွေ ဘာတွေရှိတယ်။ အချိန်က နီးလာပြီပေါ့။ သွားတော့မယ်ဆိုပြီး ပြင်ဆင်နေတဲ့ အချိန်မှာပဲ ကိုဟံသာညိန်းက အောက်ကို ဆင်းတော့ ချက်ခြင်း ပြန်တက်လာတယ်။ ကိုနေသန် …ကိုနေသန် ရုံးရှေ့မှာ စစ်ကားတွေ ရောက်နေပြီလို့ပြောတယ်။ ကျနော် သိလိုက်ပြီ။ သွားပြီပေါ့။ အဲဒီနောက် စစ်ကားလား၊ ရဲကားလား ကျနော်သေချာအောင် မှန်ကနေ ကျနော်ကြည့်လိုက်တော့ ရဲတယောက်မှ မတွေ့ဘူး။ ရဲတွေ့ရင်တော့ ကျနော် ဆင်းပြီးစကားပြောမလို့ပဲ။ ဒါပေမယ့် သေနတ်တွေကိုင်ထားပြီးတော့ စုစုပေါင်း ကား ၇ စီး ၊ ၈ စီးလောက်နဲ့ အကုန်ပိတ်ပြီး စစ်သား ၄၅ ယောက်လောက်တွေ့တော့ ကျနော်တို့လည်း ထူပူသွားပြီ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘူး။

အဲဒီအချိန်မှာ ကျနော်နဲ့ ကိုဟံသာနဲ့ တိုင်ပင်ပြီးတော့ အတတ်နိုင်ဆုံး စိတ်ကို ငြိမ်ငြိမ်ထား။ မသေရင်ပြီးရော ရင်ဆိုင်မယ်။ တံခါးတွေ ၃ ၊ ၄ ထပ်လောက်ပိတ်ပြီး ရုံးအပေါ်ထပ် News Room (သတင်းခန်း) ထဲမှာ ထိုင်စောင့်နေတယ်။ ခဏနေတော့ သူတို့ ခြံဝမှာ အော်ဟစ်၊ ထုရိုက်၊ တံခါးတွေဆိုလည်း တဝုန်းဝုန်းပေါ့။ အသံတွေလည်း ကြားနေရတယ်။ အသံတွေက တဖြည်းဖြည်းနဲ့ နီးလာတယ်။ တံခါးတွေကို သူတို့ တခုပြီးတခု ဖျက်တယ်။ ရုံးထဲရောက်လာတယ်။ ရုံးရဲ့ ဧည့်ခန်းထဲရောက်တော့ ပထမဆုံး စားပွဲခုံတွေ ပစ်ချ။ စာအုပ်တွေ ပစ်ချ။ ဝုန်းဒိုင်းကြဲနေတဲ့ အသံတွေ ကြားနေရတယ်။ ကျနော်ထင်တာက သူတို့ ရုံးထဲဝင်တာနဲ့ ကျနော်တို့ကို ပစ်ချတော့မယ်လို့ ထင်နေတာ။ ဘာကြောင့်လဲဆိုတော့ သူတို့ဝင်လာတဲ့ ပုံစံက အေးအေးဆေးဆေး တွေ့ချင်လို့ပါ။ စကားပြောချင်လို့ပါ ဆိုတဲ့ ပုံစံမဟုတ်ဘူး။ ရုံးထဲကို ဝုန်းဒိုင်းကြဲပြီး ဝင်ချလာကတည်းက သူတို့ ကျနော်တို့ကို အချိန်မရွေးပစ်သတ်နိုင်တယ် ဆိုတာ ကျနော်တို့ သိတယ်။

ရုံးထဲမှာ နေရင်းက သူတို့ စစ်ဖိနပ်သံတွေ ဝေါခနဲ ကျနော်တို့ လှေခါးပေါ် ပြေးတက်လာတဲ့အချိန်မှာ ကျနော်တို့ ဘုရားစာပဲ ထိုင်ရွတ်နေရတာပေါ့။ စိတ်ကို ငြိမ်အောင် ထားပြီး ဘုရားစာရွတ်နေပေမယ့် လူက တကိုယ်လုံးတုန်နေပြီ။ အဲဒီအချိန်မှာ ဒုန်းဆို တံခါးကို သူတို့ဖွင့်ပြီးတဲ့နောက်မှာ ကျနော်တို့ကို သူတို့ သေနတ်တွေနဲ့ ချိန်ထားလိုက်တယ်။ ကျနော်တို့က မပစ်နဲ့ … မပစ်နဲ့ ကျနော်တို့ အေးအေးဆေးဆေးလိုက်ခဲ့မယ်လို့ပြောတော့။ အဲဒါဆိုလည်း လိုက်ခဲ့ ဆိုပြီးပြောတယ်။ ခေါင်းငုံထား … လက်ကို ခေါင်းပေါ်တင်ထားဆိုပြီးတော့ ပြောတယ်။ ကျနော်တို့ကို ခေါ်ပြီးတော့ ရုံးအောက်က ဧည့်ခန်းထဲမှာ ခေါင်းငုံပြီး ထိုင်ခိုင်းထားတယ်။ မကြည့်ခိုင်းဘူး။ အဲဒီအချိန်မှာ ဗိုလ်မှူးကြီး တယောက်က စာရွက်တွေကို လှန်ပြီးတော့ ဘယ်သူက နေသန်မောင်လဲ။ ဘယ်သူက ဟံသာညိန်းလဲဆိုတာ မေးတယ်။

မေးပြီးတော့ ဘယ်မှမကြည့်နဲ့ ခေါင်းငုံပြီး ထိုင်ခိုင်းထားတယ်။ ကျနော်ထင်တယ်။ ၄၅ မိနစ်လောက်ကြာမယ်ထင်တယ်။ ရုံးထဲက ရှိသမျှပစ္စည်းတွေ အားလုံးကို သူတို့ အကုန်သိမ်းတယ်။ ကွန်ပျူတာတွေ ၊ ကင်မရာတွေ လုပ်ငန်းသုံးပစ္စည်းတွေ အားလုံး၊ ကျနော်ထင်တယ်။ ဖိနပ်တွေက အစ သူတို့အကုန်ယူတာ။ ယူပြီးတော့ ကားပေါ်ကို အကုန်တင်ပြီးတော့မှ သူတို့ ကျနော်တို့ ၂ ယောက်ကို ခေါင်းစွပ်တယ်။ ခေါင်းစွပ်ပြီးတော့ လက်ထိပ်တော့မခတ်ဘူး။ စစ်သား ၂ ယောက်၊ ၂ ယောက်စီခေါ်ပြီးတော့ ခြံစည်းရိုးကို ကျော်တော့ ကျနော်မမြင်ရတော့ဘူး။ ကျနော့်ကို ကားတစီးပေါ်ကို တင်လိုက်တယ်။ ကိုဟံသာညိန်းကိုကျတော့ ကားတစီးပေါ်ကို တင်လိုက်တယ်။ ပြီးတော့ ကျနော်တို့ကို ၈ မိုင် ကုန်းမြင့်သာ စစ်ဌာနချုပ်ကို ခေါ်သွားတယ်။ စစ်ဌာနချုပ်ရောက်တော့ ကျနော်တို့ကားကို ရေကန်စပ်နားမှာ ပါကင်ထိုးလိုက်ပြီးတော့ အဲဒီမှာ နာရီဝက်လောက်စောင့်ရတယ်။

ကျနော်ထင်တယ်။ ကျနော်တို့ ပစ္စည်းတွေအဲဒီမှာ ပြန်ချတာထင်တယ်။ နောက်တော့ သူတို့ ကျနော်တို့ကို စစ်ဌာနချုပ်မှာ ထားမှာလား။ လှည်းကူးက ရဲမွန် (တပ်မြို့) ကိုပို့မှာလား ကျနော်တို့လည်း မသိဘူး။ ဒါပေမယ့် အဲဒီအချိန် ကျနော်သိတာက သူတို့ ကျနော်တို့ကို လွယ်လွယ်နဲ့ ပြန်မလွှတ်ဘူးဆိုတာပဲ။ နောက်ဆုံးသူတို့ ကားနဲ့ ကျနော်တို့ကို ထုတ်ပြီးတော့ ပြည်လမ်းပေါ်ကို မောင်းသွားတယ်။ ကျနော်မှတ်မိသလောက် သူတို့ တည့်တည့် ပြည်လမ်းပေါ်ကို သွားနေပြီဆိုတာတော့ ကျနော်သိတယ်။ ကားပေါ်မှာ သူတို့ အချင်းချင်းပြောနေတာ ကျနော်ကြားတယ်။ ဟုတ်ကဲ့…ဝါယာလက်စ် (မှတ်တိုင်) ကို ကျော်လာပါပြီ ဆရာ။ ဆိုပြီး ပြောတာကြားရတယ်။ အဲဒီအချိန်မှာ ကျနော်တို့ကို သူတို့ ရေကြည်အိုင် (စစ်ကြောရေးစခန်း) ပို့ပြီဆိုတာ ကျနော်တို့ သိလိုက်ပြီ။ ရေကြည်အိုင်ရောက်တော့ စစ်သား ၂ ယောက်က ကျနော်တို့ကို ခေါင်းကို အဝတ်စွပ်ထားရက်နဲ့ ကားပေါ်က ဆွဲချတယ်။

ငုံ့ငုံ့ ၊ ကျော်ကျော်၊ ခွခွ ဆိုပြီး စစ်ကြောရေးထဲကို သွင်းပြီးတော့ အခန်းတခန်းထဲမှာ ကျနော်တို့ကို ထိုင်ခိုင်းတယ်။ အဲဒီအချိန်မှာ ကိုဟံသာညိန်းက ကျနော့်ရဲ့ ညာဘက်အခြမ်းလောက်မှာ ဒူးထောက်ထိုင်ခိုင်းထားတယ်။ သူ့ကို လက်ထိပ်ခတ်ထားပြီးတော့ ကန်လိုက် အော်လိုက်လုပ်နေတယ်။ ကိုဟံသာညိန်းက ကျနော် သတင်းထောက်ပါခင်ဗျာ။ သတင်းမီဒီယာသမားပါ။ ကျနော်ဆန္ဒပြတဲ့သူ မဟုတ်ပါဘူးလို့ ပြောတယ်။ သူက သေချာပြောတာပဲ။ အဲဒါလည်း သတင်းထောက်ဆိုပြီး သိသွားတော့ ဆဲပြီးတော့ ရိုက်တယ်။ ကန်တယ်။ ပြီးတော့ ကျနော့်ကို နာမည် မေးတယ်။ အဖေ နာမည်မေးတယ်။ အသက်မေးတယ်။ ကျနော့်ကို လက်ထိပ်နောက်ပြန်ခတ် ပြီးတော့ အဲဒီအခန်းထဲက ဆွဲထုတ်သွားတယ်။ အဲဒီအချိန်လေးပဲ ကျနော် ကိုဟံသာ့ အသံကြားလိုက်ပြီး အဲဒီနောက် ကျနော်တို့ တနေရာစီ ဖြစ်သွားတယ်။ သူ့ကို အဲဒီအခန်းလေးထဲက စစ်ကြောရေးမှာပဲ ထားခဲ့ပြီးတော့ ကျနော့်ကို ဗူးထဲက ထုတ်ပြီးတော့ အဲဒီထဲက ခြံဝန်းအကျယ်ကြီးထဲကို ခေါ်သွားတယ်။ အဲဒီခြံဝန်းကြီးထဲက မြေကြီးတွေအပေါ်မှာ လျှောက်ရင်းနဲ့ အိမ်တလုံးဆီရောက်သွားတယ်။ အိမ်တလုံးရဲ့ ဧည့်ခန်းလို ၈ ပေပတ်လည်လောက် ကျယ်တဲ့အခန်းထဲမှာ စားပွဲခုံတလုံးနဲ့ ကုလားထိုင်ရှိတယ်။ အဲဒီမှာ ကျနော့်ကို ထိုင်ခိုင်းပြီးတော့ လက်ထိပ်နောက်ပြန်ခတ်ထားတယ်။ မျက်နှာကိုစွပ်ထားတယ်။ အဲဒီကနေ တောက်လျှောက် ကျနော့်ကို မအိပ်မနေ သူတို့ စစ်တော့တာပဲ။

မေး ။ ။ စစ်ကြောရေးမှာ စစ်တပ်က ဘယ်လို စစ်တာလဲ။

ဖြေ ။ ။ ရေလည်း ကျနော့်ကို မတိုက်ဘူး။ ၉ ရက်နေ့ည၊ ၁၀ ရက်နေ့ တနေ့လုံး၊ တညလုံး၊ ကျနော်အဲဒီမှာ ရေတွေငတ်လာပြီ။ ကျနော့်ကို ရေတိုက်ပါလို့ ပြောတော့ ရေပေးမယ်လို့ သူတို့ ပြောတယ်။ ဒါပေမယ့် ရေမတိုက်ဘူး။ အဲဒီမှာ ရိုက်တယ်။ ကန်တယ်။ နှိပ်စက်ပြီးတော့မှ ကျနော်ထင်တယ်။ ၁၂ ရက်နေ့လောက်မှ ရေဗူးထဲ ရေနဲနဲပဲထည့်ပြီး အာစွတ်ရုံတိုက်တယ်။ ပြီးတော့ ကျနော့်ကို ဆက်ရိုက်တယ်။ သူတို့ ပါးစပ်ကတော့ Dinner (ညစာ) စားမယ်တို့၊ ညစာကျွေးမယ်တို့၊ စားပြီးပြီ မဟုတ်ဘူးလား၊ မစားရသေးဘူးလား စသဖြင့် နောက်သလိုလို ပြောင်သလိုလို ပြောတယ်။ နေ့လည်စာ မရဘူးလား။ လာမယ်လာမယ် ခဏစောင့်ဆိုပြီးပြောတယ်။ အဲဒီနေ့ ညနေမှာပဲ ကျနော့်ကို သူတို့ ထမင်းစကျွေးတယ်။

နည်းမျိုးစုံနဲ့ပေါ့ဗျာ။ ကျနော့် နားအုံကို သူတို့ ပိတ်ရိုက်တယ်။ မျက်နှာကို ထိုးတယ်။ ပခုံးကို ထိုးတယ်။ ပထမ ၂ ရက်လုံးက သူတို့က ကျနော့်ကို ၂ နာရီ၊ ၂ နာရီတိုင်းကို စစ်ကြောရေး စစ်တဲ့သူ ၃ ယောက်က တလှည့်၊ ၂ ယောက်က တလှည့် ကောင်းတဲ့သူနဲ့ ဆိုးတဲ့သူ တလှည့်စီ ပေါ့ဗျာ။ ၃ ယောက်ကလာ အကြမ်းစား။ နောက် ၂ နာရီ ပြီးသွားရင် နောက် ၂ ယောက်ကလာ။ တရားဟော။ အေးအေးဆေးဆေး ချိုချိုသာသာလေးပြော။ ပြီးရင် နောက်ထပ် ၃ ယောက်က ပြန်လာ။ ကျနော့်ဆီကို ၃ ယောက်လာပြီးရင် အဲဒီသုံးယောက်က ကိုဟံသာညိန်းကို သွားစစ်တဲ့ ပုံစံမျိုးပဲ။ သူ့ဆီက ရတဲ့ အချက်အလက်နဲ့ ကျနော့်ဆီက ရတဲ့ အချက်အလက်ကို တိုက်နေတာ။ အဲဒီမှာ လွဲတယ်လို့ ထင်ရင် သူတို့ ပြောပြောပြီး ရိုက်တယ်။ ကျနော့်ကို အဲဒီနေရာမှာ ထားပြီး ၃ ရက်ခွဲလောက်ကြာတဲ့အခါ သောကြာနေ့ခင်းမှာ နောက်တနေရာကို ရွှေ့တယ်။ အဲဒီအချိန်မှာ ဒဏ်ရာတွေနဲ့ သွေးတွေထွက်နေတဲ့ လူတယောက် ရောက်လာတယ်။ ကျနော့်ကို ခေါင်းတွေ စွပ်ပြီး လက်ထိပ်ပြန်ခတ်ပြီးတော့ ကိုဟံသာ ကျန်ခဲ့တဲ့ စစ်ကြောရေး အခန်းထဲကို ထည့်တယ်။ အဲဒီနေရာမှာ ကိုဟံသာကတော့ မရှိတော့ဘူး။ ကိုဟံသာ့ကို နောက်ထပ် ကျနော့်ဘက် မျက်နှာခြင်းဆိုင်လို့ ထင်ရတဲ့ အခန်းထဲကို ပို့လိုက်တယ်။

အဲဒီမှာ ကိုဟံသာ့အသံကို စစ်နေတဲ့ အသံကို ကျနော်ကြားရတယ်။ ကျနော်ဒီဘက်အခန်းထဲမှာ တယောက်တည်းထိုင်နေတုန်း ကျနော့်ကို ထပ်မစစ်တော့ဘူး။ တရက်လုံးလုံး ကျနော့်ကို ပစ်ထားတယ်။ ထိုင်ခုံ အမြင့်ကြီးမှာ ထောင့် ၃ ထောင့်နဲ့ ။ ထောင့်မညီတဲ့ ခုံကြီး ။ ဘယ်လိုမှ Balance (ဟန်ချက်) မညီတဲ့ ခုံကြီးမှာ တညလုံးထိုင်ခိုင်းတယ်။ ထမင်းစားချိန်မှာတော့ မျက်နှာကို ချွတ်ပေးတဲ့အတွက် ကျနော့်ကို ထားတဲ့အခန်းထဲမှာ CCTV ရှိတယ်ဆိုတာ ကျနော်သိတယ်။

အဲဒီအခန်းမှာ လက်ထိပ်လေး စားပွဲပေါ်တင်ပြီး အိပ်လိုက် ၊ ထိုင်လိုက်နဲ့ ပေါ့။ သူတို့ လုံးဝ လာမမေးတော့ဘူး။ အဲဒီမှာ ၂ ရက်ထားပြီးတော့မှ ကိုဟံသာညိန်းရှိမယ့် အခန်းထဲကို ပို့လိုက်တယ်။ ကိုဟံသာညိန်းကိုတော့ သူတို့ နောက်တနေရာရွှေ့လိုက်တယ်။ အဲဒီမှာ နောက်ထပ် ၄ ရက်လောက်ထပ်ကြာတယ်။ နောက်တော့ သူတို့ စစ်လို့ ပြီးသွားတော့မှ ကျနော် ၈ ရက်လုံးလုံး ဖြေခဲ့တဲ့ အဖြေတွေကို စာရွက်နဲ့ထုတ်ပြီးတော့ ဖတ်ပြတယ်။ ဘေးမှာတော့ နောက်တယောက်က ဖုန်းနဲ့ ဗွီဒီယိုရိုက်ယူထားတယ်။ ကျနော်ဖြေတာတွေ အားလုံးကို လုံးသွတ်လုပ်ပြီး သူ့ဟာသူ လျှောက်ထည့်ထားတာတွေလည်း ပါတာပေါ့။

အဲဒါတွေ ဖတ်ပြပြီးတော့မှ ကျနော့်ကို ဘာပြောချင်လဲတဲ့။ ကျနော်က သူတို့ကို ကျနော် ၂ ခုပဲ တောင်းဆိုချင်တယ်လို့ ပြောတယ်။ တခုကတော့ ကျနော့်ကို လူ့ဂုဏ်သိက္ခာနဲ့ အညီဆက်ဆံပါ။ ကျနော့်မှာ ရေသောက်ခွင့်၊ ထမင်းစားခွင့်၊ လမ်းလျှောက်ခွင့်၊ အိမ်သာတက်ခွင့်၊ ရေချိုးခွင့်၊ အခြေခံလူ့ဂုဏ်သိက္ခာနဲ့ အညီဆက်ဆံပါလို့ ပြောတယ်။

ကျနော်ရေချိုးချင်တယ်။ ကျနော် ရေမချိုး၊ မျက်နှာ မသစ်ရတာ ၈ ရက်ကြာသွားခဲ့တယ်။ သူဘာမှတော့ မပြောဘူး။ အဲဒါဆို နောက်တခုကရောလို့ သူထပ်‌မေးတယ်။ နောက်တခုကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်တော့ ထောင်ပို့မှာလဲ။ ထောင်ပို့မယ်ဆိုရင် ကျနော်ရှေ့နေငှားမယ်။ တရားရုံးမှာ ကျနော်ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်။ ဥပဒေအရ ကျနော်တို့ ရင်ဆိုင်မယ်လို့ ပြောတယ်။ အဲဒီအခါမှာ သူက ကိုနေသန်မောင်တို့၊ ကိုဟံသာညိန်းတို့မှာ အပြစ်မရှိပါဘူးတဲ့။ ကျနော်တို့လည်း ထောင်ကို မပို့ပါဘူးတဲ့။ မကြာခင်လည်း ကျနော်တို့ ပြန်လွှတ်ပေးမှာပါတဲ့။ ကျနော်လည်း သိပါတယ်။ သူတို့က ကျနော်တို့ကို ဖမ်းချင်လွန်းလို့ ဝင်ဖမ်းထားတဲ့ ကိစ္စကို ဒီလိုမျိုး လွယ်လွယ်နဲ့ ဘယ်ပြန်လွှတ်ပေးပါ့မလဲ။ ကျနော်လည်း နားလည်တာပေါ့။ ကျနော်တို့ကို ဘယ် ၂ ရက်လောက် ထိန်းထားမလဲတော့ ကျနော်မသိဘူး။ အနည်းဆုံး ၂ ပတ်၊ ၃ ပတ်လောက်ကြာမယ်တော့ ကျနော်သိတယ်။

စစ်ကြောရေးရဲ့ ပထမ ၂ ပတ်မှာ ကျနော်တို့ အသက်ရှင်လျက်ရှိတယ်ဆိုရင် ကျနော်တို့ မသေတော့ဘူး။ အဲဒါတော့ တော်တော်လေး ဝမ်းသာဖို့ ကောင်းတယ်။ အဲဒီစိတ်လေးနဲ့ပဲ အစာမစားရလည်း နေပါစေ။ ရေမသောက်ရလည်း နေပါစေ ဆိုပြီး ကျနော်တို့ ကြိတ်ခံတယ်။ ထောင်ပို့ရင်တော့ ကျနော်တို့ ဒီထက် သက်သက်သာသာ နေရမယ်ပေါ့ဗျာ။ စားရမယ်။ သောက်ရမယ်။ အိပ်ရမယ်။

အဲဒီလိုမျိုးစောင့်နေတဲ့အချိန်မှာ သူတို့ ကျနော်တို့ကို မျက်နှာဖုံးထပ်စွပ်ပြီး အိမ်တအိမ်ပေါ့။ ပထမစစ်တဲ့ အိမ်ကလေးရဲ့ ဘေးက အိမ်ကို ခေါ်သွားတယ်။ အဲဒီမှာတော့ ကုတင်ပေါ်မှာ အိပ်ခွင့်ပေးတယ်။ ထပ်ပြီးတော့ ကျနော့်ကို မစစ်တော့ဘူး။ အဲဒီမှာတော့ ကျနော် ရေသောက်လို့ရတယ်။ ထမင်းစားလို့ရတယ်။ ရေတော့ ပေးမချိုးဘူး။ အဲဒီအချိန်မှာ ကိုဟံသာညိန်းကို သူတို့ ဘေးက အိမ်ကလေးမှာ ထိန်းသိမ်းထားတယ်။ ကျနော်တို့ တယောက်နဲ့ တယောက်မမြင်ရဘူး။ သူရှိနေမှန်းလည်း မသိဘူး။

၁၃ ရက်မြောက်တော့မှ သူတို့ ကျနော့်ကို ဂိတ်နဲ့နီးတဲ့ အိမ်တအိမ်ကို ထပ်ရွှေ့တယ်။ ထပ်ရွှေ့ပြီးတော့ ကျနော့်ကို လွှတ်မယ့်နေ့ကတော့ မတ်လ ၂၃ ရက်နေ့ပေါ့။ အဲဒီမှာ ကျနော့်ကို မျက်နှဖုံးစွပ် လက်ထိပ်ခတ်ပြီး ကင်းစခန်းကို ခေါ်သွားတယ်။ ထမင်းကျွေးချိန်မှာ ထမင်းကျွေးတယ်။ ၅ နာရီမှာ မျက်နှာကို လှန်ပြီး ထမင်းတခါ ထပ်ကျွေးတယ်။ ပြီးမှ ကျနော့်ကို ကားပေါ်တင်တယ်။ အဲဒီအချိန်ကျနော့်ဘေးမှာ ကိုဟံသာရှိတယ်။ ဒါပေမယ့် ကျနော်မသိဘူး။ ကျနော်တို့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ည ၇ နာရီလောက်မှာ အောင်သပြေစစ်ကြောရေးစခန်းကို ပို့တယ်။ ကျနော့်ကို အခန်းတခန်းထဲမှာ ချုပ်ထားတယ်။ ကိုဟံသာညိန်းကို ဘေးက အခန်းထဲမှာ ချုပ်ထားတယ်ပေါ့။ ကိုဟံသာညိန်းအခန်းက ချောင်းဆိုးသံ၊ သလိပ်ခပ်သံကြားတော့မှ ကိုဟံသာညိန်းပါတယ်။ ကျနော်တို့ မသေမပျောက်ရှိခဲ့တယ်လို့ သိတယ်။ အဲဒီနောက်မှာပဲ ကမာရွတ်ရဲစခန်းက ရဲတွေရောက်လာပြီးတော့ ကျနော်တို့ကို သီးသန့်ထောင်ကို ပို့တယ်။

ကမာရွတ်မီဒီယာ ထုတ်လုပ်သူ ကိုဟံသာညိန်း (ဓာတ်ပုံ – Nathan Maung/Facebook)

မေး ။ ။ ဖမ်းတဲ့ အချိန်က မနက်ပိုင်းလား။ ဖမ်းစီးပြီး စစ်ကြောရေးဝင်နေတဲ့အချိန်မှာ အခြေခံလူ့အခွင့်အရေးတွေ အားလုံး ချိုးဖောက်ခံခဲ့ ရတယ်လို့ ပြောနိုင်မလား။

ဖြေ ။ ။ ကျနော်တို့ ရုံးကို ဝင်စီးတာက နေ့ခင်း ၁ နာရီနဲ့ ၁ နာရီ ၁၅ လောက်ဖြစ်မယ်ထင်ပါတယ်။ ကျနော်တို့ ဟိုမှာကတော့ ရေသောက်ခွင့်လည်း မရှိဘူး။ ထမင်းစားခွင့်လည်းမပေးဘူး။ နောက်ပိုင်း ရေသောက်လို့ ထမင်းစားလို့ ရတဲ့အချိန်မှာလည်း ကျနော်တို့ အိမ်သာတက်ချင်ရင် ခွင့်တောင်းရတယ်။ သူတို့ခွင့်ပြုမှ တက်ရတယ်။ ကျနော်တို့ ပထမ ၈ ရက်လုံးလုံး အိမ်သာမတက်ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဗိုက်ထဲမှာ အစာမှမရှိတာ။ အစာမရှိတော့ ဝမ်းချုပ်သလို ပုံစံမျိုး ဖြစ်နေတာပေါ့။ သေးပေါက်ချင်ရင် သူတို့ ရေသန့်ဗူးခွံအလွတ်ပေးထားတယ်။ အဲဒီထဲမှာပေါက်ပေါ့။ အိမ်သာတက်ချင်ရင် ကျနော်တို့ကို ပေးထားတဲ့ လုံးခြင်း အိမ်ကလေးရဲ့ အနောက်မှာပေးတက်တယ်။ အဲဒီမှာ စစ်သား ၂ ယောက်က အမြဲတမ်းစောင့်နေတယ်။ အဲဒီအခါကျမှ ဆီးဗူးတွေလည်း သွန်ပေါ့။ ပြီးရင်မျက်နှာပြန်အုပ် ။ ပြောချင်တာက အိမ်သာ တက်တဲ့ အချိန်လေးပဲ။ မျက်နှာကို ဖွင့်ပေးထားတာ။ တချိန်လုံးအုပ်ထားတာ။

အခြေခံလူ့အခွင့်အရေးတွေ ငြင်းဆန်ခံရသလားဆိုရင် ငြင်းဆန်ခံရတာပေါ့။ ကျနော်တို့က လူလိုမှ အဆက်အဆံ မခံရတာ။ စစ်ကြောရေးဆိုတာ တကယ့် ငရဲခန်းပဲ။ ကျနော့်တို့ထက်ဆိုးတဲ့ သူတွေလည်း အများကြီးပါ။ ရိုက်နှက်ခံရပြီး သွေးထွက်သံယို ဖြစ်ခံရတဲ့သူတွေလည်း အများကြီးပါ။ အခြေခံလူ့အခွင့်အရေးကတော့ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခံရတာ အမှန်ပဲ။ အခြေခံလူ့ဂုဏ်သိက္ခာနဲ့ အညီကို ကျနော်တို့ကို မဆက်ဆံတာ။ ကျနော်တို့ကို တိရိစ္ဆာန်တွေလို ဆက်ဆံတာ။ ရိုက်နှက် အော်ဟစ်ပြီး ငရဲလို ဆူညံပွက်လော ရိုက်နေတာ။ သူတို့ ဘာလိုချင်တာလဲ ကျနော်မသိဘူး။ ကျော်တို့လည်း အမှန်တိုင်းဖြေနေတာပဲ။ ကျနော်လည်း နားမလည်နိုင်ဘူး။ သူတို့ရဲ့ စိတ်ဓာတ်တွေ အတွေးအခေါ်တွေကို။ အံဩဖို့ကောင်းတယ်။ တကယ့် ငရဲခန်းမှာ တွေ့ရတဲ့ ခွေးဘီလူးတွေလိုပဲ။

မေး ။ ။ စစ်တပ်က နှိပ်စက်နေတဲ့အချိန်မှာ စိတ်ထဲဘာတွေးမိလဲ။

ဖြေ ။ ။ ကျနော်နှိပ်စက်ခံရတယ်ဆိုတာထက် ကိုဟံသာညိန်းက ကျနော့်ထက် အများကြီးပိုပြီး နှိပ်စက်ခံရတယ်။ သူနဲ့ ကျနော်နဲ့ ပြန်ဆုံတဲ့အချိန်မှာ သူ ကျနော့်ကို ပြန်ပြောပြတယ်။ ကျနော် ယုံတောင် မယုံနိုင်ဘူး။ ကျနော့်ကို နားအုံတွေကို ပိတ်ရိုက်တယ်။ ခေါင်းတခုလုံး မျက်နှာတခုလုံးကို လက်သီးနဲ့ ထိုးတယ်။ ပုခုံးကို ထိုးတယ်။ ကန်တယ်။ အော်တယ်။ အဲဒါတွေကို ကျနော် ခံနိုင်သလားဆိုတော့ လူသားတယောက်ပဲဗျာ။ ဘယ်ခံနိုင်ပါ့မလဲ။ ဒါပေမယ့် အဲဒီအချိန်မှာ ကျနော်အားကိုး အားထားရာဆိုလို့ တခုပဲ ရှိတယ်။ ကျနော် ဝင်လေ၊ ထွက်လေ မှတ်တယ်။ ကျနော် တရားထိုင်တယ်။ အာနာပါန (ဝင်သက်ထွက်သက်မှတ်ခြင်း) လေးနဲ့ ကျနော်စိတ်ကို ငြိမ်အောင်ထားတယ်။ ကျနော် အင်မတန်ပြင်းထန်တဲ့ ဝေဒနာခံစားရပေမယ့်လည်း ကျနော် ကြိတ်ပြီး သည်းခံနိုင်တယ်။ ကျနော် အဲဒီလို ဖြတ်သန်းတာပဲ။ ကိုဟံသာညိန်းလည်း အဲဒီလို ဖြတ်သန်းတာပဲ။ ဒါပေမယ့် သူကတော့ ပိုပြီး နှိပ်စက်ခံရတယ်။ သူ့ရဲ့ ဖုန်း Password (စကားဝှက်) မရလို့ဆိုပြီး သူ့ကို ဆေးလိပ်မီးတွေနဲ့ ရင်ဘတ်ကို တို့တယ်။

ရေခဲတုံးကြီးပေါ်မှာ သူ့ကို ခြေထောက်တင်ခိုင်းထားတယ်။ နာရီပေါင်းများစွာပေါ့။ သူ့ကို အင်္ကျီတွေ၊ ‌ဘောင်းဘီတွေ ချွတ်ပြီးတော့ ယောက်ျားချင်း မုဒိန်းကျင့်မယ်လို့ ခြိမ်းခြောက်တယ်။ နောက်ဆုံးတော့ သူ့ကို အဲလို မလုပ်ပါနဲ့တောင်းပန်ပါတယ်ဆိုပြီး ပြောတော့ သူ့ဖုန်း Password ပေးလိုက်ရတယ်။ ဖုန်း Password ရသွားတော့လည်း ဒေါ်စုနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံ၊ သမ္မတကြီး ဦးထင်ကျော်နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံ၊ နိုင်ငံခြားသတင်းထောက်တွေနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ အများကြီးရှိတယ်။ အဲဒါတွေတွေ့တော့ ဓာတ်ပုံတွေ တပုံခြင်း ပြပြီးတော့ကို သူ့ကို ရိုက်တယ်။

ဒေါ်အောင်ဆန်းစုကြည်ပုံတွေ့တော့ သူတို့က မင်းတို့အမေ ကုလားမ လျှာရှည်ပြီးတော့ ICJ သွားတာလို့ မိုက်မိုက်ရိုင်းရိုင်းကို ပြောတယ်။ သူတို့ တော်တော်ကို ခါးခါးသီးသီးမုန်းတဲ့ ပုံစံမျိုးနဲ့ကို ပြောတာဗျ။ ကျနော်တို့ ၄ ၊ ၅ ရက်လောက်အထိကို အဲဒီဒဏ်ခံရတယ်။ စစ်ကြောရေးမှာလည်း ကျနော် တနေ့ကို ၃၊ ၄၊ ၅ ကြိမ် တရားထိုင်တယ်။ နှိပ်စက်ခံရပါစေ။ အသက်မသေဘူး။ တချိန်ချိန်တော့ လွတ်မြောက်မှာပဲ။ တချိန်ချိန်တော့ ဒီအကြောင်းတွေကို ပြည်သူတွေကို ပြန်ပြောပြနိုင်မယ်။ အဲဒီစိတ်လေးနဲ့ပဲ ကျနော်တို့ အသက်ရှင်ဖို့ ကြိုးစားခဲ့တာပဲ။

မေး ။ ။ ဘာကြောင့် ဖမ်းရတယ်လို့ ပြောတာရော ရှိပါသလား။

ဖြေ ။ ။ ဘာကြောင့်ဖမ်းသလဲတော့ ကျနော်တို့ကို မပြောဘူး။ ဒါပေမယ့် ကျနော်တို့ ကမာရွတ်မီဒီယာမှာ ရေးနေတဲ့ သတင်းတွေက သူတို့ကို အကြည်အညိုပျက်စေတယ်။ သူတို့ကို တပ်မတော်အတွင်း ပြိုကွဲအောင်လုပ်တယ်ပေါ့။ ဆိုလိုတာက မမှန်သတင်းတွေ ဖြန့်တယ်ပေါ့။ မြေပြင်မှာ ဖြစ်နေတဲ့ သတင်း ကျနော်တို့ ရေးတာတွေက မဟုတ်ဘူးပေါ့။ အထူးသဖြင့် သူတို့ ခါးခါးသီးသီးဖြစ်တာက ရိုက်တာကနေရေးတဲ့ အမေရိကန်အစိုးရက ထိန်းသိမ်းထားတဲ့ မြန်မာပိုင် ဒေါ်လာ ၁ ဘီလီယံအပေါ်မှာ သူတို့ခန့်ထားတဲ့ ဗဟိုဘဏ်ဥက္ကဌက ထုတ်ဖို့ကြိုးစားတာမှာ မအောင်မြင်ဘူးဆိုတဲ့ အကြောင်း ရေးထားတဲ့ သတင်းကို ကျနော်တို့က ဘာသာပြန်ပြီး ဖော်ပြတာ။ အဲဒီကိစ္စကို သူတို့က တော်တော်လေး ခါးခါးသီးသီးဖြစ်တယ်။ သူတို့က ကျနော်တို့ ကုမ္ပဏီ၊ သတင်းဌာနတွေ လည်ပတ်ဖို့ ကြိုးစားတဲ့အပေါ်မှာ မေးတာက Journalism (သတင်းစာပညာ) အကြောင်းကို မေးတာ မဟုတ်ဘူးဗျ။

ကျနော်တို့ ကမာရွတ်မီဒီယာ ငွေဘယ်ကရလဲ။ ဘယ်သူ ငွေပေးလဲ။ ဘယ်ငွေနဲ့ ရပ်တည်သလဲ။ သူတို့ အဓိက သိချင်တာက ငွေအကြောင်းပဲ သိချင်တာ။ ဘယ်သူက ပိုက်ဆံပေးပြီး ဘာတွေခိုင်းလဲ။ ကျနော်တို့က Commercial (စီးပွားရေးအရ) ရပ်တည်နေတဲ့ လွတ်လပ်တဲ့ မီဒီယာ။ ကြော်ငြာတွေက ပိုက်ဆံရတယ်။ Sponsor တွေက ပိုက်ဆံရတယ်။ ကျနော်တို့ ဝင်ငွေ ၁ နှစ်ဘယ်လောက်ရှိလဲ။ ၁ လဘယ်လောက်ရှိလဲ။ ဝန်ထမ်းလခဘယ်လောက် ရလဲမေးတယ်။ နောက်ပြီးတော့ သူတို့ဘက်ကို ဘာလို့ ရပ်တည်ပြီးမရေးတာလဲ လို့မေးတယ်။ တကမ္ဘာလုံးကတော့ ဘယ်ဘက်ကိုမှ ရပ်တည်ပြီး ရေးတာမဟုတ်ဘူး။ တကယ်ဖြစ်နေတဲ့ အခြေအနေတွေကိုပဲ ရေးကြရတာ။ အားလုံးခြုံပြီးပြောရရင် ကျနော့်ကို အဓိက စစ်တာက ကမာရွတ်က ဝင်ငွေတွေက ဘယ်က ရသလဲဆိုတာကို စစ်တာ။ ကိုဟံသာညိန်းကို မေးတာကတော့ ကိုမင်းကိုနိုင်နဲ့ အင်တာဗျူးတွေ လုပ်တယ်လို့ ယူဆပြီး ကိုမင်းကိုနိုင် ဘယ်မှာရှိသလဲဆိုတာမေးတယ်။ နောက်တခါ CRPH (ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ) ကျနော်တို့ဆီမှာ လွှတ်တ်တော်အမတ်တွေရဲ့ Contacts တွေရှိတော့ အဲဒီလူတွေ ဘယ်မှာ ပုန်းနေသလဲဆိုတာပေါ့။

ကျနော့်ဖုန်းကတော့ သူတို့ရုံးကို ဝင်ဖမ်းတဲ့ အချိန်မှာ ပျက်သွားတယ်။ အဲဒါကြောင့် Contacts တွေတော့ သူတို့ မရလိုက်ဘူး။ ကျနော့် လက်ဗွေနဲ့ ဖွင့်လည်း မရတော့ဘူး။ ကိုဟံသာညိန်းရဲ့ Contacts တွေ ရသွားတဲ့အတွက် ကိုဟံသာညိန်းကို ဖိပြီးမဲပြီး စစ်တာ။

မေး ။ ။ CNN သတင်းဌာနမှာ အင်တာဗျူးဖြေထားတာတွေ့တာက အကို့ကို CIA က ဟုတ်လားဆိုပြီး မေးတယ်လို့ တွေ့ရတော့ အဲဒါကရော ဘယ်လို ပုံစံနဲ့ သူတို့မေးတာလဲ။

ဖြေ ။ ။ ကျနော့်ကို မွေးကတည်းကနေပြီးတော့ မူလတန်းကျောင်းကို ဘယ်မှာတက်သလဲ။ အလယ်တန်းကျောင်းကို ဘယ်မှာတက်သလဲ။ အထက်တန်းကျောင်းကနေ ကျနော့်မှာ ညီအကိုမောင်နှမတွေ ရှိသလားဆိုတာကနေ ပြီးတော့ ကျနော် အမေရိကားရောက် မြန်မာပြည်ပြည်လာတဲ့အထိ သူတို့ သိသွားတဲ့အခါမှာ သူတို့ ဘယ်နားကနေ ဘယ်လို လိုက်ရမှန်းမသိတော့ဘူး။ ကျနော်က ဘာတခုမှ အမှားလုပ်ထားတာ မဟုတ်ဘူးလေ။

ကျနော်က ကျနော့်ရဲ့ Story (ဇာတ်လမ်း) ကို အမှန်အတိုင်းပြောတာ။ အဲဒီမှာ သူတို့ သိချင်တာကို တည့်မမေးဘူး။ ပတ်ပြီး မေးနေတယ်။ ကျနော် အမေရိကန်ကို သွားဖို့ ထိုင်းနိုင်ငံမှာ ဒုက္ခသည်ဖြစ်တယ်။ ဒုက္ခသည်ကနေ အမေရိကန်ပြည်ထောင်စုမှာ အခြေချတယ်။ ကျောင်းတက်တယ်။ ကျောင်းပြီးတော့ ထိုင်းကိုလာတယ်။ ပြီးရင် မြန်မာပြည်ပြန်လာတယ်။ အဲဒါကို သူတို့ ကြိုးစားပြီး ပုံဖော်နေတာက CIA (အမေရိကန်ထောက်လှမ်းရေးဗဟို) သို့မဟုတ် အမေရိကန်အစိုးရကနေ ငွေပေးပြီး‌တော့မှ မြန်မာပြည်ကို ထောက်လှမ်းပြီး သတင်းရောင်းစားဖို့ သူတို့ အဲဒီလို ဆင်နေတာဗျ။

ကျနော်က သူတို့ကို ကျနော့်ကို ပွင့်ပွင်းလင်းလင်းမေးပါလို့ပြောတယ်။ အမေရိကန်အစိုးရက ကျနော့်ကို ဒေါ်လာသိန်းနဲ့ ချီပုံပေးမယ်ထင်နေလို့လားလို့။ CIA က ကျနော့်ကို မြန်မာပြည်မှာ သတင်းတွေ ထောက်လှမ်းခိုင်းပြီး ပြန်ရောင်းစားဖို့ လုပ်ခိုင်းလို့လားလို့ ။ ခင်ဗျားတို့ ကြိုက်သလို ပတ်ပြီး စုံစမ်း လို့ရတယ်။ ကျနော်က CIA သူလျှိုလည်း မဟုတ်ဘူး။ အမေရိကန်နိုင်ငံသား၊ နိုင်ငံခြားသားဖြစ်တယ်။ သတင်းမီဒီယာလုပ်တယ်ဆိုတာနဲ့ သူတို့က ကျနော့်ကို လန်ကြုပ်ဇာတ်လမ်းဆင် တည်ဆောက်ပြီးလုပ်တော့ ကျနော်ကလည်း ခင်ဗျား စုံစမ်းလို့ရတယ်လို့ပြောတယ်။ ကျနော် ထိုင်းနိုင်ငံကို ဒုက္ခသည် အဖြစ်နဲ့ရောက်တယ်။ အမေရိကန်မှာ ကျောင်းတက်ခွင့်ရတယ်။ ဘွဲ့ရပြီး‌တော့ နိုင်ငံသားဖြစ်တယ်။ ကျနော့် ဆန္ဒနဲ့ ကျနော် မြန်မာပြည်ပြန်လာတယ်။ သတင်းမီဒီယာအလုပ်လုပ်တယ်။ ကျနော် အမေရိကန်သံရုံးနဲ့တောင် အဆက်အဆံမရှိဘူး။ ကျနော်အဲဒီလို ပြောလိုက်တော့ သူတို့ ဆက်မမေးတော့ဘူး။

မေး ။ ။ အဖမ်းခံထားရစဉ်ကာလမှာ ဘယ်သူတွေနဲ့တွေ့ခဲ့တာရှိလဲ။

ဖြေ ။ ။ မတ်လ ၂၃ ရက်နေ့ညမှာ ကျနော်တို့ကို သီးသန့်ထောင်ကို ပို့လိုက်တယ်။ သီးသန့်ထောင်က အင်းစိန်ထောင်မကြီးနဲ့ တွဲလျက်သေးသေးလေးရှိတာပေါ့။ အဲဒီမှာတော့ အာဏာသိမ်းပြီးကတည်းက ကျနော်တို့ ရောက်တဲ့အထိ အဖမ်းခံရသူ စာရင်းက ၂၀၀၀ လောက်ရှိတယ်။ ၂၀၀၀ လုံးကို အဲဒီမှာထည့်ထားတာ။ ၁ ဆောင်ရှိတယ်။ ကျနော်တို့က ၄ ဆောင်မှာ။ ကျနော်တို့က အခန်း ၁ ခန်းမှာ အယောက် ၈၀ လောက်နဲ့ နေရတာ။ ကျနော်ထင်တယ်။ အောက်ထပ်မှာ ၄ ခန်းအပေါ်ထပ်မှာ ၄ ခန်းဆိုတော့ စုစုပေါင်း ၈ ခန်းရှိတယ်။ အဲဒီမှာတင် လူက ၆၀၀ လောက်ရှိတယ်။ အဲဒီမှာတွေ့ရတာတော့ လူတန်းစားအစုံပဲ။ ကျောင်းသားတွေလည်းပါတယ်။ Generation z (z မျိုးဆက်လူငယ်များ) တွေလည်း ပါတယ်။ အိမ်မှာနေရင်း သူ့ဟာသူ အိပ်နေရင်းနဲ့ အဖမ်းခံရတဲ့ သူတွေလည်း ပါတယ်။

လမ်းထိပ်ကွမ်းယာထွက်စားတဲ့သူလည်း ပါတယ်။ ဆန္ဒပြလို့ အဖမ်းခံရတဲ့သူလည်း ပါတယ်။ လူတန်းစားမျိုးစုံပဲ။ ကဗျာဆရာတွေလည်း ကျနော်တွေ့ရတယ်။ စာရေးဆရာတွေလည်း တွေ့ရတယ်။ ကိုစောဖိုးခွားတို့က ကျနော်တို့ အဆောင်ရဲ့ဘေး တိုက်ခန်းမှာနေရတာတွေ့ရတယ်။ ကိုစောဖိုးခွားတို့၊ ကိုနိုင်ငံလင်းတို့၊ ကိုရဲမင်းဦးတို့ NLD ရဲ့ CEC တွေပေါ့။ သူတို့ကို ၄ ဆောင်ရဲ့ ဘေးနားက တိုက်တွေမှာ သီးခြားထားထားတယ်။ ကျနော်တို့က အဆောင်မှာနေရတယ်။ အဆောင်မှာနေတော့ လူအများကြီးနဲ့တော့ ကျနော်တို့ ပြောဖြစ်တာပေါ့။ သူတို့က အပြင်မှာ ဖြစ်ခဲ့တဲ့ နောက်ဆုံး အခြေအနေတွေ ပြောပြတယ်။ ကျနော်တို့က စစ်ကြောရေးမှာ ၂ ပတ်လောက်နေခဲ့ရတော့ အပြင်မှာ ဘာတွေ ဖြစ်နေလဲ မသိဘူး။ သူတို့ဆီရောက်မှာ အပြင်မှာ မာရှယ်လော ထုတ်ထားတယ်ဆိုတာ သိရတာ။

နေ့တိုင်းနေ့တိုင်း စစ်ကြောရေးကနေ ထောင်ကို ရောက်လာတဲ့သူက ၅၀ နဲ့ ၁၀၀ ကြား အမြဲရှိတယ်။ ကျနော်တို့ ရောက်ပြီး ၁ ရက် ၊ ၂ ရက်နေတော့ လူငယ် ၈၀၀ လောက် ၂ သုတ်ခွဲပြီး လွှတ်လိုက်တယ်။ လွှတ်လိုက်ပြီးနောက်ပိုင်းလည်း လူတွေက ၅၀ နဲ့ ၁၀၀ ကြားထပ်ဝင်တော့ သီးသန့်ထောင်က အမြဲတမ်းလူပြန်ပြည့်တယ်။

မေး ။ ။ စစ်ကြောရေးကနေ ထောင်ထဲရောက်လာတဲ့ သူတွေကရော ကိုယ့်လိုပဲ နှိပ်စက်ခံရတာလား။

ဖြေ ။ ။ ကွဲပြားသလားဆိုတော့ မတူဘူးပေါ့။ သူတို့ရောက်သွားတဲ့ ရွှေပြည်သာ စစ်ကြောရေးနဲ့ ကျနော်တို့ ရောက်သွားတဲ့ ရေကြည်အိုင်တော့ မတူဘူး။ များသောအားဖြင့် ဆန္ဒပြတဲ့ ရပ်ကွက်ထဲက လူတွေကို ပို့လိုက်တာက ရွှေပြည်သာ စစ်ကြောရေးကို ပို့လိုက်တာ။ အဲဒီမှာ ဂိုဒေါင်ကြီးလိုထဲမှာ လူ အယောက် ၄၀၀ လောက်ကို ထားထားတယ်။ လူတသုတ်ယောက်လာရင် ဒဏ်ရာရတဲ့သူရှိလား။ မရှိဘူးလားခွဲလိုက်တယ်။ ပြီးတော့မှ ဒဏ်ရာမရသေးတဲ့သူကို ရိုက်တယ်။ အဲဒီတော့ ကျနော်တို့ဆီရောက်လာတာကတော့ အကုန်လုံးအကွဲအပြဲတွေနဲ့ချည်း ရောက်လာတာပဲ။ ကျနော်တွေ့ခဲ့တဲ့ ဗကသ ကျောင်းသား ၁ ယောက်ဆို သူ့ချိုင်းမှာ ရာဘာကျည်ရာတွေကြီးပဲ။ ၄ ၊ ၅ ၊ ၆ ချက်လောက်ရှိတယ်။ နားထင်တွေမှာရော။ တချို့ဆို နဖူးတည့်တည့်မှာပါ ကျည်ဆန်ရာကြီး ရှိနေတယ်။ သူတို့ကို ဖမ်းပြီးတော့ အချုပ်ကားပေါ်မှာ ရိုက်တာကနေ စစ်ကြောရေးမှာ ရိုက်တာအထိက ရက်ရက်စက်စက်ပဲ ကျနော်တို့ထက် ပိုဆိုးမယ်လို့ ထင်ပါတယ်။

ဒါပေမယ့် သူတို့က ကျနော်တို့လို စစ်ကြောရေးမှာ ၂ ပတ်တော့ မနေရဘူး။ များသောအားဖြင့် ရွှေပြည်သာမှာ ၁ ည၊ ၂ ညလောက်နေပြီးရင် သီးသန့်ထောင်ကို ပို့လိုက်တာပဲ။ ကျနော်တို့ရောက်တုန်းကတော့ မရှိဘူး။ ကျနော်တို့ မရောက်ခင် ရေကြည်အိုင်မှာရှိခဲ့တာက NLD က လူတွေ၊ ဝန်ကြီးတွေပေါ့။ အစိုးရဝန်ကြီးဌာနက လူတွေ။ ကိုနိုင်ငံလင်းတို့ ၊ ကိုရဲမင်းဦးတို့၊ ကိုထင်လင်းဦးတို့၊ မင်းထင်ကိုကိုကြီးတို့ သူတို့တွေကတော့ ရေကြည်အိုင်မှာ ၁ လလုံးလုံးနေပြီး မတ် ၄ ရက်နဲ့ ၈ ရက်လောက်ကျမှ ထောင်ကို ရောက်တာ။ အဲဒီအချိန်မှာကျနော်တို့က အဖမ်းခံရပြီး ‌ရေကြည်အိုင်ရောက်တာပေါ့။ သူတို့တုန်းကတော့ အဲဒီလိုမျိုး ရက်ရက်စက်စက် ရိုက်တာနှက်တာမရှိဘူး။

ဒါပေမယ့် ကျနော်နဲ့အတူတူ ရေကြည်အိုင်စစ်ကြောရေးမှာနေခဲ့တဲ့ ၁ ယောက်တော့ ရှိတယ်။ သူက ဘယ်သူလဲဆိုတော့ ကျနော်တို့ ကမာရွတ်မီဒီယာအဖမ်းမခံရခင်မှာ CRPH ၂ ယောက်အဖမ်းခံရတယ်ဆိုပြီး ဖြစ်တယ်။ အဲဒီ ၂ ယောက်မှာ ၁ ယောက်က ရှမ်းပြည်က စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်ရယ်။ နောက်တယောက်ကတော့ သူနဲ့အတူတူ အဖော်ပါတဲ့ ပင်လုံက NLD စည်ပင်ဥက္ကဋ္ဌ ကိုရဲလှိုင်ရယ်။ ကိုရဲလှိုင်နဲ့ ကျနော်က စစ်ကြောရေးက မလွှတ်ခင် ၃ ရက်မှာ တခန်းထဲ အတူတူနေရတယ်။ ကိုဟံသာညိန်းနဲ့က ဦးစိုးညွန့်လွင်ကို အတူတူထားတယ်။ သူတို့တွေက ကျနော်တို့ထက်ပိုပြီး ရက်ရက်စက်စက် ခံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို CRPH က ဆိုပြီးတော့ Torture (နှိပ်စက်ခြင်း) တော့တော်တော်လုပ်တယ်။ လက်တွေကို စားပွဲပေါ်တင်ခိုင်းပြီး တုတ်ကြီးနဲ့ ရိုက်ချတယ်။ လက်ထိပ်က အသားကို လှီးဖြတ်သွားတဲ့အတွက် အသားစကြီးကပဲ့ပြီး ဟောက်ပက်ကြီးဖြစ်သွားတယ်။ သူ့ကို နံတွေ၊ ပုခုံးတွေ အကုန်လုံးကို ကန်ထားတယ်။ ကျနော်နဲ့တွေ့တဲ့ အချိန်အထိ အဲဒါတွေက ဖောင်းပြီး ရောင်ကိုင်းနေတယ်။ မျက်နှာတွေလည်း ရောင်ကိုင်းနေတယ်။ ထောင်ပို့မယ့်နေ့ကျမှ သူ့အနာကျက်သွားလို့ သူ့ကို ဗွီဒီယိုမှတ်တမ်းယူတာ။ သူတော်တော် ဆိုးဆိုးဝါးဝါးခံရတယ်။ ဦးစိုးညွန့်လွင်ဆိုရင် ခေါင်းကို ကြမ်းပြင်ပေါ်မှာ ဝပ်ခိုင်းပြီး ဖင်ထောင်ပြီးတော့ကို ရိုက်တာ။ လူကြီးပဲ အသက် ၅၀ ကျော်ပြီ။ ရက်ရက်စက်စက်ကို ရိုက်တာ။ သူတို့ကို သီးသန့်ထောင်ကိုပို့ပြီး ကျနော်တို့ သီးသန့်ထောင်ရောက်တဲ့အချိန်မှာ သူတို့ကိုတောင်ကြီးထောင်ကို ပို့လိုက်တာ။ တယောက်နဲ့ တယောက် ကြုံရတဲ့ Story ကတော့ မတူဘူး။ ဒါပေမယ့် ကျနော်တို့အားလုံး ရက်ရက်စက်စက် ဆက်ဆံခံရတယ် ဆိုတာကတော့ အတူတူပါပဲ။

မေး ။ ။ အင်းစိန်ကနေ အကို လွတ်မြောက်မယ်လို့ အကို ဘယ်အချိန်သိတာလဲ။

ဖြေ ။ ။ ကျ‌နော်မလွတ်ခင် ၅ ရက်လောက်နေတော့ ရဲစခန်းက မြို့နယ်ရဲမှူးကြီးလာတွေ့တယ်။ ကိုနေသန်မောင်ကို ကိုရီးယားနိုင်ငံကနေတဆင့် အမေရိကန်နိုင်ငံပြန်ဖို့အတွက် ကျနော်တို့ စီစဉ်ထားပါတယ်ပေါ့။ အဲဒီတော့ ဘယ် လေယာဉ်လိုင်းနဲ့ပြန်ချင်သလဲလို့ မေးပါတယ်။ ကျနော်က သိပ်ကောင်းကောင်းနားမလည်ဘူး။ ကျနော့်ကို ပြန်လွှတ်ဖို့ဆိုတာက လွှတ်မှ မလွှတ်သေးတာကိုး။ ဆရာတို့ ကျနော့်ကို ဘာလုပ်မှာလဲလို့မေးလိုက်တော့ သူက ရှင်းရှင်းပဲပြောမယ်ဗျာတဲ့ ခင်ဗျားကို ကျနော်တို့လာမယ့် တနင်္လာနေ့ ရုံးချိန်းကျရင် ကိုနေသန်မောင့်ကို စွဲထားတဲ့ အမှု ၄ မှုရှိတယ်တဲ့ ကျနော့်ကို သူက ၅၀၅ (က) ရယ်၊ (ခ) ရယ်။ အီလက်ထရောနစ် ဆက်သွယ်ရေး ၃၃ (ခ) ရယ်။ အေးနေဝင်းက ကျနော့်ကို စွဲထားတယ်ဆိုတဲ့ ၆၆ (ဃ) ရယ်။ အဲဒီ ၄ မှုရှိတယ်တဲ့ ။ အဲဒီ ၄ မှုကို ကျနော်တို့ ပလပ်မှာပါတဲ့။ ပလပ်ပြီး လွှတ်မှာပါတဲ့။ ကျနော်ချက်ချင်းပဲ သူ့ကို မေးလိုက်တယ်။ ကိုဟံသာညိန်းရောဆိုတော့ သူတို့ ကိုဟံသာညိန်းနဲ့ ပတ်သက်လို့ ညွှန်ကြားချက်မရသေးဘူးတဲ့။

ကျနော်ပြောတာက ကျနော်နဲ့ ကိုဟံသာညိန်းနဲ့ ပုဒ်မ အတူတူပဲ သက်သေခံပစ္စည်းတွေရော ပုဒ်မတွေရော ကျနော်တို့ကို စွဲဆိုထားတာ အားလုံးအတူတူပဲ။ ကျနော့်ကို ၄ မှုရှိတယ်။ ကိုဟံသာညိန်းမှာ ၂ မှုရှိတယ်ဆိုရင် ကိုဟံသာညိန်းပါ လွတ်ရမယ်။ အဲဒါကိုဟံသာညိန်းကို ပြန်ပြောပြတော့ ကျနော်တို့ သိတော့ သိပါတယ်။ သူတို့ ယုတ်ယုတ်မာမာနဲ့ မလွှတ်ဘူးဆိုတာ။ ကျနော့်ကိုတော့ အမေရိကန်နိုင်ငံသားမို့လွှတ်လိုက်မယ်။ ကိုဟံသာညိန်းကိုတော့ မြန်မာနိုင်ငံသားမို့လို့ ဆက်ပြီးတော့ ဖမ်းထားမယ်ပေါ့။ ဘာဖြစ်လို့ ကိုဟံသာညိန်းကို ဆက်ဖမ်းထားတာလည်း ကျနော်နားမလည်ဘူး။ သူတို့ဟာ ဥပဒေအတိုင်း မှန်မှန်ကန်ကန် လုပ်တဲ့သူတွေ မဟုတ်တဲ့အတွက် ကိုဟံသာလည်း သိပါတယ်။ သူလွတ်ဖို့က ၅၀၊ ၅၀ ပဲ။ နောက်ဆုံးတော့ ကျနော်တို့ အကောင်းဆုံးမျှော်လင့်တာပေါ့။ သူတို့လွှတ်ရင်လည်း လွတ်ရမှာပဲ။ ဆက်ထားရင်လည်း နေရမှာပဲ။

မေး ။ ။ ကိုဟံသာညိန်းအတွက် ဘယ်လောက်အထိ စိုးရိမ်လဲ။ တနေ့ပြန်တွေ့နိုင်မယ်လို့ရော မျှော်လင့်သလား။

ဖြေ ။ ။ မျှော်လင့်တာပေါ့ဗျာ။ ကျနော့်ရဲ့ အခုအချိန်မှာ အကြီးမားဆုံး မျှော်လင့်ချက်က ကိုဟံသာညိန်းနဲ့အတူ ဖမ်းဆီးခံ သတင်းထောက်တွေ၊ ကျန်တဲ့သူတွေအားလုံး ပြန်လွတ်ဖို့က အကြီးမားဆုံးမျှော်လင့်ချက်ပဲ။ ကျနော်လွတ်မြောက်လာတာကို အခုအချိန်အထိ ကျနော်လွတ်မြောက်တယ်လို့ မခံစားရသေးဘူး။ ကျနော့်ခန္ဓာကိုယ်ကသာ အမေရိကန်ကို ရောက်လာလိမ့်မယ်။ ကျနော့် ဆန္ဒကတော့ ကိုဟံသာညိန်းနဲ့ အကျည်းထောင်မှာကျန်ခဲ့တဲ့သူတွေအားလုံးနဲ့ အမြဲတမ်းရှိနေပါတယ်။

You may also like these stories:

အရှိန်မြင့်လာသော ဗုံးခွဲတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှု ရှိလာ

ဆယ်ကျော်သက်တဦးကို လည်ပင်းအထိမြေမြှုပ်ပြီး ညှင်းဆဲဟု HRW ပြော

မြန်မာ့တပ်မတော်က KNU ကို ရှက်ပါ

 

Did you find apk for android? You can find new Free Android Games and apps.
Loading