စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ပြန်လည်ခုခံနေချိန်တွင် ကိုဗစ် ဗိုင်းရပ်စ်ပိုးကလည်း အလွန်အမင်း ပျံ့နှံ့နေရာ ကလေးမြို့ သည် ယခု ဇွန်လအတွင်း လူမသေသည့် နေ့ရက်ဟူ၍ လုံးဝ မရှိသဖြင့် စစ်ဘေးနှင့် ရောဂါဘေး ကပ်ဘေး ၂ ခုကြားက မြို့ ခံများမှာ တုန်လှုပ်နေကြရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါဘေး ကိုဗစ်တတိယလှိုင်း စတင်ချိန်တွင် စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ကူးစက်မှု အမြင့်ဆုံးနှင့် လူသေဆုံးမှု အများဆုံး ဖြစ်နေသည့် ကလေးမြို့သည် စစ်အာဏာရှင်ကို တော်လှန်ရာတွင် ပထမဆုံး လက် နက်ကိုင် ပုန်ကန်ခဲ့သည့် မြို့ တမြို့လည်း ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ နောက်ဆုံး ထုတ်ပြန်သည့် စာရင်းအရ ကလေးမြို့ တွင် ကိုဗစ်လူနာ ၈၃ ဦး ရှိပြီး ၁ ဦး သေဆုံးကြောင်း ကြေညာခဲ့သော်လည်း ပြင်ပတွင် ကိုဗစ်စာရင်း မပေါက်ဘဲ သေဆုံးသူ ယခုထက် ပိုများနိုင်ကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောသည်။
“လူမသေတဲ့နေ့လို့ကို မရှိသေးတာ။ ပြီးခဲ့တဲ့ရက်ကဆိုရင် တရက်တည်းနဲ့ လူ ၂၀ ကျော်သေတယ်။ အများစုက ကိုဗစ်ရောဂါကြောင့် သေတယ်ဆိုတာ အတည်ပြုလို့ ရပါတယ်။ ကလေးမြို့မှာ ကိုဗစ်တွေ စကူးနေတာ ၁ လ ကျော်လာပြီ။ နေ့စဉ် လူ မသေတဲ့ရက် မရှိသလောက်ပဲ”ဟု ကလေးမြို့ခံ ကိုကျော်က ပြောသည်။
ကိုဗစ်ကို မထိန်းချုပ်နိုင်ခြင်းမှာ ဆေးရုံတွင် ဆရာဝန်၊ ဆရာမ နည်းပါးခြင်း၊ ဆေးဝါး ပစ္စည်း ကိရိယာ မပြည့်စုံခြင်း၊ အောက်စီဂျင် ပြတ်လပ်သွားခြင်း၊ ကူညီမည့် ပရဟိတ အလုပ်သမား မရှိခြင်း၊ အလှူရှင် မရှိခြင်းနှင့် စစ်အုပ်ချုပ်ရေး ဒေသအဖြစ် သတ်မှတ်ထားသည့် ညမထွက်ရအမိန့်တို့ကြောင့် ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
ကလေးမြို့ သည့် အရှေ့ဘက်နှင့် အနောက်ဘက်သို့ သွယ်တန်းနေပြီး အရှေ့အနောက် ၉ မိုင်ခန့် ရှိကြောင်း၊ မြို့ ၏ အနောက်ဘက်တွင် ချင်းတိုင်းရင်းသားများ နေထိုင်သည့် တာဟန်းရပ်ကွက်သည် ကိုဗစ် ဗိုင်းရပ်စ် ကူးစက်မှု အဆိုးဆုံး အခြေအနေတွင် ရှိပြီး ယင်းရပ်ကွက်ရှိ အိမ်များ၏ ၅၀ ရာခိုင်နှုန်းမှာ ပိုးကူးစက်ခံထားရကြောင်း ကလေးဒေသခံ ဦးကိုကိုမောင်က ပြောသည်။
“ကလေးမြို့ မှာ ဘူတာမီးပွိုင့်ဆိုတာ ရှိတယ်။ အဲဒီအနောက်ဘက်ခြမ်းမှာ ဖြစ်တာ များတယ်။ မနေ့ကဆိုရင် ချင်းသုဿန်တွေမှာ ချတာ အလောင်းတွေကို ပုံလို့။ တကယ်လည်း ဟုတ်တယ်။ ပြီးတော့ အောင်သစ္စာရပ်ကွက်၊ ပင်လုံ ရပ်ကွက်၊ ချမ်းမြေ့အောင်စည် ရပ်ကွက်ထဲမှာလည်း ရှိတယ်။ တာဟန်းက အဆိုးဆုံး ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။
ကလေးမြို့တွင် လူဦးရေ ၃ သိန်းကျော် ရှိရာ တသိန်းခွဲကျော်မှာ ဗမာတိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည်။
အောက်စီဂျင် ပြတ်
ကလေးမြို့တွင် ကိုဗစ်လူနာများ အများဆုံး သေဆုံးရသည့် အကြောင်းရင်းမှာ အောက်စီဂျင် မလုံလောက်မှု ဖြစ်ပြီး ဇွန်လ ၂၇ ရက်နေ့က ကလေးမြို့တွင် အောက်စီဂျင် ပြတ်လပ်သွားသဖြင့် လူတချို့ သေဆုံးခဲ့ရကြောင်း သိရသည်။
အောက်စီဂျင် ပြတ်လပ်ရသည့် အကြောင်းမှာ အောက်စီဂျင်အိုးများကို လိုင်းကားများဖြင့် မှာယူထားရာ ဇွန်လ ၂၇ ရက် နေ့ မနက်အစောကြီး ဝင်ရမည့် လိုင်းကားတချို့ မှာ လမ်းတွင် စက်ပျက်နေခြင်းနှင့် ကလေး-ဂန့်ဂေါလမ်းမပေါ်တွင် ဇွန်လ ၂၇ ရက်နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်များနှင့် ဒေသခံ PDF တို့ကြား တိုက်ပွဲများကြောင့် ကားများ ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်နေခြင်းတို့ကြောင်း ဖြစ်ကြောင်း သိရသည်။
“အောက်စီဂျင်က လိုင်းကားနဲ့ တင်ရတာ။ လိုင်းကားပျက်နေလို့ မနက်အစောကြီး ဝင်မယ့်ကားက ရောက်မလာဘူး။ နေ့လယ်ကျတော့လည်း လမ်းမှာ တိုက်ပွဲက ဖြစ်ပြန်ရော။ မနေ့က တိုက်ပွဲဖြစ်လို့ ကားတွေ ပိတ်နေတာ။ ညနေအထိ တိုက်ပွဲက ဖြစ်နေလို့ တော်တော် နောက်ကျသွားတယ်”ဟု ကလေးမြို့ ခံတဦးက ပြောပြသည်။
လိုင်းကားများ ပိတ်မိနေသည့် ဇွန်လ ၂၇ ရက်က နေ့လည် ၁ နာရီခန့်တွင် ဂန့်ဂေါဘက်မှ ကလေးမြို့ဘက်သို့ တက်လာသည့် စစ်ကား ၃ စီးကို ကလေး PDF က ခွေကြိမ်ရွာနှင့် သံဖိုရွာအကြားတွင် ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် အဖွဲ့ဝင် ၉ ဦး သေဆုံး၍ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကလေး PDF က သတင်း ထုတ်ပြန်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားရာအနီး ကလေးတောင်ပိုင်းတွင် နေထိုင်သူတဦးက“PDF ဘက်က တယောက်မှ မကျဘူး။ စစ်တပ်ဘက်က ၉ ယောက်လောက် ကျတယ်။ အဲဒီနားလေးက စိုက်ခင်းတဲ အစောင့်ပေါ့။ အသက် ၅၀ လောက်ရှိတဲ့ လူကြီးတယောက်ကိုတော့ ရှပ်မှန်တယ်။ မစိုးရိမ်ရဘူး”ဟု ပြောသည်။
ထို့ပြင် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့ကလည်း ဂန့်ဂေါဘက်မှ ကလေးမြို့ဘက်သို့ တက်လာသည့် ကားအစီးရေ ၂၀ ကျော် ပါ စစ်ကောင်စီ ယာဉ်တန်းကို ကလေး (PDF) က နတ်ချောင်း-ချောင်းခွ အကျော် ပန်းမွန်ချောင်းတံတား၏ မိုင်းဆွဲတိုက် ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှု မသိရကြောင်း ကလေး(PDF) က ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့ တွင် အဖမ်းခံရသူထဲတွင် အနည်းဆုံး မြို့ခံ ၃ ဦး စစ်ကြောရေးတွင် သေဆုံးခဲ့ရပြီး ၎င်းတို့ထဲမှာ နှစ်ဦးကို စစ်တပ်က ကိုဗစ်အကြောင်းပြပြီး မိသားစုကို သဂြိုဟ်ခွင့်ပင် မပေးခဲ့သည့် အခြေအနေများလည်း ရှိသည်။
ကိုယ့်အားကိုယ်ကိုး
ယခုအခါ ကလေးမြို့ ခံများသည် အစိုးရ ဆေးရုံနှင့် ကိုဗစ်စင်တာများတွင် ဆရာဝန်၊ ဆရာမ မလုံလောက်ခြင်း၊ ဆေးရုံရှိ ကိုဗစ်စင်တာက ကိုဗစ် အတည်ပြု လူနာတဦးလျှင် မြန်မာကျပ်ငွေ ၄ သောင်း တောင်းခံခြင်းတို့ကြောင့် မိမိတို့အိမ်များတွင်သာ Quarantine ပြုလုပ်ပြီး ကုသသူ ပိုများလာကြောင်း ကလေးမြို့ခံ ဦးမောင်မောင်က ပြောသည်။
ဦးမောင်မောင်က “ကျနော် အမျိုးတယောက်ဆိုရင် Positive ဖြစ်တယ်။ ဆေးရုံကို မသွားတော့ဘူး။ ကိုယ့်အိမ်မှာပဲ ကိုယ် နေတယ်။ တခါတည်း အိမ်ကို အခန်းကန့်လိုက်တယ်။ အိမ်ကလူတွေလည်း အပြင်မထွက်ကြတော့ဘူး။ သူတို့ရဲ့ လိုအပ်ချက်တွေကို အပြင်က ပရဟိတသမားတွေက ဆေးဝယ်ပေးတာမျိုး လုပ်ပေးရတယ်”ဟု ရှင်းပြသည်။
၎င်းကဆက်၍ “ကိုယ့်အိမ်မှာနေတာ ကိုယ် Safe ဖြစ်တယ်ဆိုပြီး လိုအပ်တဲ့ ဆေးဝါးတွေလည်း ကိုယ့်ဟာကိုယ်ဝယ်ပြီး နေကြတော့တာပဲ။ အောက်စီဂျင်ကိုလည်း ပိုက်ဆံရှိတဲ့ လူတော်တော်များများကတော့ ကိုယ်ပိုင်တွေ ဝယ်ထားကြတယ်။ ပိုက်ဆံ မရှိလို့ မဝယ်နိုင်တဲ့လူတွေအတွက် ပရဟိတအဖွဲ့တွေက အခမဲ့ကူညီတာမျိုး လုပ်ပေးနေတယ်”ဟု ပြောသည်။
မိမိအိမ်တွင် ဆေးကုရင်း အသက်အရွယ် ကြီးရင့်သူ၊ ရောဂါအခံ ရှိသူများမှာ သေဆုံးသွားကြပြီး ယင်းသေဆုံးသူများမှာ ကိုဗစ် လက္ခဏာများဖြင့် သေဆုံးသဖြင့် ကိုဗစ်ဟု ပြောနိုင်ကြောင်း၊ ကလေးမြို့ ရှိ ကျေးရွာများတွင်လည်း ကိုဗစ် ဖြစ်ပါက အိမ်ရှေ့တွင် စာထုတ်ကပ်ပြီး ၎င်းတို့ဘာသာ ကြိုးတန်းထွက်တားလိုက်ကြောင်း သိရသည်။
အခြားဒေသခံတဦးကလည်း “ကိုဗစ်က အခြေအနေ တော်တော်ဆိုးဆိုးတယ်။ ကိုဗစ်လို့ ပြောပြီး သေတဲ့ လူတွေ ရှိသလို ကိုဗစ်လို့ မသိရဘဲနဲ့ သေတဲ့ လူတွေလည်း ရွာတွေဘက်မှာ အများကြီးပဲ။ နေ့တိုင်း ၄၊ ၅ ယောက်ကတော့ သေနေတယ်။ တရက်တည်း သေတဲ့လူ ၂၀ လောက် ရှိတဲ့နေ့တွေ ရှိတယ်။ အဓိက အောက်ဆီဂျင် ပြတ်တာလည်း ပါတယ်”ဟု ပြောသည်။
သို့သော် ယခုရက်ပိုင်းတွင် ကလေးမြို့ ဆေးရုံကြီးသို့ အောက်စီဂျင်စက်တလုံး ရောက်ရှိလာပြီး အောက်စီဂျင်စက် တည်ဆောက်၍ အောက်စီဂျင်အိုးများ ထုတ်လုပ်ရန် ပြင်ဆင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
“အောက်စီဂျင်စက်တည်ဖို့ဆိုပြီး ပြည်သူ့အစိုးရ လက်ထက်က အလှူခံထားတဲ့ ငွေက သိန်းနှစ်ထောက်လောက် ရှိမယ် ထင်တယ်။ အခုလည်း အဲဒီငွေနဲ့ပဲ တည်ကြမှာ။ စစ်တပ်က ပေးတယ်လို့တော့ မထင်နဲ့။ ဘာမှ မပေးဘူး”ဟု ကလေးမြို့ ခံ ကိုကျော်က ပြောသည်။
အရေးပေါ်မှ ဆေးရုံသွား
ကိုဗစ်ဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရန် နေပြည်တော်က မည်သည့် အကူအညီမှ မပေးသော်လည်း ကလေးမြို့ တွင် ပိုးတွေ့ နှုန်း မကျသဖြင့် ကျန်းမာရေး တာဝန်ရှိသူများကို ဖိအားပေးလျက် ရှိကြောင်း သိရသည်။
“နေ့စဉ်ရက်ဆက် ကလေးမြို့ မှာ လူသေတဲ့နှုန်း လျော့သွားတာမျိုး နေပြည်တော်က လိုချင်တယ်။ စာရင်းကို လျော့စေချင်တာပေါ့။ မသေလေ ကောင်းလေပေါ့။ ဒါပေမယ့် ပြည်သူတွေ မသေအောင် ထောက်ပံ့လားဆိုတော့ ဘာမှ မထောက်ပံ့ဘူး။ အခုချိန်ထိ ဘာဆေးဝါး၊ ဘာပစ္စည်းတော့ ထောက်ပံ့ပေးလိုက်မယ်ဆိုတာ ဘာမှ မရှိဘူး”ဟု ကျန်းမာရေး ဝန်ထမ်းများနှင့် နီးစပ်သူတဦးက ပြောသည်။
ယခင် NLD အစိုးရလက်ထက်က ဆေးရုံများတွင် ဆေးပစ္စည်းများ လုံလောက်စွာ ရှိသလို အလှူရှင်များ၊ ပရဟိတ ကူညီသူများ အလွန်များခဲ့ကြောင်း၊ နေပြည်တော်၏ အထောက်အပံ့များလည်း ရရှိခဲ့ကြောင်း ကလေးမြို့ မှ စေတနာ့ဝန်ထမ်း လုပ် ကိုင်သူများက ပြောသည်။
“အာဏာမသိမ်းခင်က ကျနော်လည်း ပရဟိတ လုပ်တယ်။ အဲဒီတုန်းကတော့ ကျနော်တို့ ထိန်းနိုင်တယ်။ ပြည်သူတွေ အကုန်ပါတယ်လေ။ အခုက စေတနာ့ဝန်ထမ်း လုပ်မယ့်သူ လုံးဝ မရှိဘူး။ ဘယ်သူမှလည်း မလုပ်ချင်ကြဘူး။ ကျနော် ကိုယ် တိုင်လည်း မလုပ်ဘူး။ ဆရာဝန်၊ ဆရာမလည်း အရမ်းနည်းတယ်။ အခု ပရဟိတ ဝင်ကူတဲ့လူ ၅ ယောက်လည်း ပိုး ထိ သွားတယ်။ အဲဒီနောက်ပိုင်း ဘယ်သူမှလည်း မကူကြတော့ဘူး”ဟု ကလေးမြို့ မှ စေတနာ့ဝန်ထမ်း လုပ်ကိုင်ခဲ့သူတဦးက ပြောသည်။
၎င်းကဆက်၍ “ပြည်သူ့ အစိုးရ လက်ထက်က တကျပ်မှ မတောင်းဘူး။ ပရဟိတ ထမင်းကျွေးမယ်လူလည်း အများကြီး။ ဆေးဝါးဆိုလည်း ကူမယ့်လူ ပေါတယ်။ အစိုးရကလည်း အခမဲ့ပေးမယ်။ ပိုက်ဆံ တကျပ်မှ မကုန်ဘူး။ မကုန်တဲ့အပြင် စရိတ်ငြိမ်း ရက် ၂၀ နေရတာ”ဟု ပြောပြသည်။
ယခုအခါ ငွေကျပ် ၄ သောင်း ပေးရသည့်အပြင် ဆေးရုံ၏ ကျန်းမာရေး စောင့်ရှောက်မှုမှာ စွမ်းရည် မရှိသဖြင့် ယခုနောက်ပိုင်းတွင် အရေးပေါ် မဟုတ်ပါက မည်သူမှ ဆေးရုံသို့ မသွားချင်တော့ဘဲ ပိုက်ဆံရှိသူများမှာ ပြင်ပ ဆေးရုံ၊ ဆေးခန်းများသို့ တက်ရောက် ကုသလျက်ရှိသည်။
အချို့ ဆေးခန်းများလည်း မဖွင့်နိုင်သည့်အခါ အွန်လိုင်းပေါ်တွင် အချင်းချင်း မည်သည့်ဆေးများ သောက်သုံးသင့်ကြောင်း၊ မည်သို့ ကာကွယ်ရမည်ဖြစ်ကြောင်း ဖြန့်ဝေမှုများကို ကူးယူကြပြီး ဆေးဆိုင်များတွင် သွားရောက်ဝယ်ယူပြီး အိမ်ထဲတွင်သာ နေထိုင်ကြသူ ပိုများကြောင်းလည်း မြို့ ခံများထံမှ သိရသည်။
“ဆေးဆိုင်တွေမှာတော့ လူတွေက ပြွတ်သိပ်ညပ်လို့ပဲ။ ဘယ်ဆေးဆိုင် သွားကြည့်ကြည့် လူတွေက ကြိတ်ကြိတ်တိုးနေတာ။ ဆေးတွေဆိုရင် တချို့ဆိုင်တွေ ပြတ်ကုန်တယ်။ ဆေးဆိုင်ဝန်ထမ်းတွေလည်း ပိုးကူးတာတွေ ရှိတယ်။ တချို့ ဆေး ဆိုင်တွေလည်း ပိုးကူးခံရတော့ ပိတ်ပစ်လိုက်ရတယ်”ဟု မြို့ ခံတဦးက ပြောသည်။
ညမထွက်ရ
နောက်ပြဿနာတခုမှာ စစ်အုပ်ချုပ်ရေး ကြေညာထားပြီး ညမထွက်ရ အမိန့်ကြောင့် အရေးပေါ်လူနာများ ရှိပါက ညဘက်တွင် ဆေးရုံသို့ မပို့နိုင်ဘဲ ဖြစ်နေသည့် အခြေအနေ ဖြစ်သည်။
အပြင်သို့ ထွက်ခွင့် မရှိတော့သည့် ည ၈ နာရီနောက်ပိုင်းတွင် အမောထဖောက်သည့် လူနာများလည်း ရှိပြီး လုံးဝ ထွက်၍ မရသည့်အခါ အသက်ဆုံးရှုံးမှုများလည်း ရှိကြောင်း၊ ဇွန်လ နောက်ဆုံးပတ်ထဲတွင် ညဘက် အပြင်ထွက်သည့် ဇနီးမောင်နှံ စုံတွဲမှာ အပစ်ခံရပြီး တစ်ဦးသေဆုံးသွားသည့် ဖြစ်စဉ် ရှိခဲ့သေးသည်။
“ညဘက်ရောက်ရင် စစ်တပ်က စစ်ဆေးမေးမြန်းတာမျိုး မလုပ်ဘဲ တန်းပစ်တာ။ အဲဒီတော့ ညဘက်ကိုတော့ ဘယ်သူမှ မထွက်ရဲဘူး”ဟု ကလေးမြို့ခံ ဦးမောင်မောင်က ပြောသည်။
အသက်ရှင်ဖို့ပဲ ဆုတောင်း
ကလေးမြို့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေသခံပြည်သူ ၄၀ ခန့်မှာ စစ်ဘေးကြောင့် သေဆုံးခဲ့ရပြီး ဇွန်လ ၂၆ ရက်နေ့အထိ ကိုဗစ် ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးခဲ့ရသူ ၁၀၀ ကျော်ရှိနေပြီ ဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ကလေးဒေသခံများမှာ စစ်ဘေးနှင့် ရောဂါဘေးကြောင့် စိတ်လုံခြုံမှု မရှိသည့် အခြေအနေမျိုးကို ခံစားနေရပြီး ဘေးအန္တရာယ် တခုခု ဖြစ်လာမည်ကို ကြိုတင် စိုးရိမ်မိခြင်း၊ အပြင်ထွက်ပါကလည်း လူမှား၍ အဖမ်းခံရမည်ကို စိတ်ပူခြင်း၊ စစ်ကြောရေးတွင် အသတ်ခံရမည်ကို စိုးရိမ်ခြင်း စသည်တို့ကို တွေးပူပြီး ညဘက်တွင် အိပ်မပျော်နိုင်ကြတော့ပေ။
“ဒီကာလမှာ ကျနော်တို့ မိတ်ဆွေတွေ၊ ဆွေမျိုးတွေ ကျနော်တို့ အနီးနားကနေ လူ့ဘဝကနေ ထွက်ခွာသွားတဲ့ လူတွေ အများကြီးပဲ။ အဲဒီအထဲမှာ ကိုဗစ်ကြောင့်လည်း ပါသလို စစ်တပ်က ဖမ်းသွားလို့ နှိပ်စက်ခံရပြီး သေတဲ့လူတွေလည်း ရှိတယ်။ ကိုယ်လည်း ဘယ်နေ့ ဘယ်လို ဖြစ်မလဲဆိုတာ မမျှော်မှန်းနိုင်တဲ့ အခြေအနေပါ။ စိတ်မလုံခြုံတာပေါ့။ အသက်ရှင်ကျန်ခဲ့ဖို့ပဲ ဆုတောင်းနေရတယ်”ဟု ကလေးမြို့ခံ ကိုကျော်က ပြောပြသည်။
You may also like these stories:
ကလေးမြို့ ၌ ကိုဗစ်လူနာ တရက်လျှင် ပျမ်းမျှ ၁၀ ဦးနှုန်း သေဆုံးနေ
ကိုဗစ်ကူးစက်မှု မြင့်တက်နေလို့ ပြည်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်နေ
ကိုဗစ် တတိယလှိုင်းက ကပ်ဆိုးကို သယ်ဆောင်လာသည်
တပူပေါ် နှစ်ပူဆင့်လာနေတဲ့ ကိုဗစ်တတိယလှိုင်း