ဆောင်းပါး

တပူပေါ် နှစ်ပူဆင့်လာနေတဲ့ ကိုဗစ်တတိယလှိုင်း

Want create site? Find Free WordPress Themes and plugins.

တစတစ ပြန်လည်မြင့်တက်လာနေတဲ့ ကိုဗစ်တတိယလှိုင်းကို ခေါင်းချိုးနိုင်ဖို့ အာဏာသိမ်း စစ်ကောင်စီမှာ အစွမ်းထက်တဲ့ ကျန်းမာရေးမူဝါဒနဲ့ ယန္တရား မရှိတာမို့ မြန်မာပြည်သူတွေအတွက် တပူပေါ်နှစ်ပူဆင့်လို့ လာနေပါပြီ။

ရန်ကုန်ရဲ့ နံနက်ခင်း လက်ဖက်ရည်ဝိုင်းတွေမှာ စစ်အာဏာသိမ်း ဆန့်ကျင်ရေးလှုပ်ရှားမှုတွေအကြောင်းအပြင် အခုတဖန် ပြန်လည်ခေါင်းထောင်ထလာနေတဲ့ ကိုဗစ်တတိယလှိုင်းအကြောင်း ပြောကြတဲ့အခါ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်နေတဲ့ သတင်းအချက်အလက်တွေက အစစ်အမှန်လား၊ ကိုဗစ်ရောဂါ ကူးစက်ရင် စစ်ကောင်စီရဲ့ ကုသပေးမှုက အရင်အရပ်သားအစိုးရတုန်းကလို ယုံကြည်စိတ်ချနိုင်ပါ့မလား စတဲ့ မရေရာမှုတွေနဲ့ ပြည့်နှက်နေပါတယ်။

ဒါပေမယ့်လည်း ကိုဗစ်က သူတို့အတွက် အရေးပါလှတဲ့ ကိစ္စရပ်မဟုတ်ဘဲ စားဝတ်နေရေးနဲ့ ဘေးကင်းလုံခြုံမှုလိုမျိုး သူတို့အတွက် အရေးကြီး အခြားအကြောင်းအရာတွေ အများကြီးကို သူတို့ရင်ဆိုင်နေရပါသေးတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ခဲ့တဲ့ အာဏာသိမ်းမှုကြောင့် ဒုက္ခတွေအမျိုးမျိုး ကြုံတွေ့နေကြတဲ့ မြန်မာပြည်သူ အများအပြားက လျစ်လျူရှူထားပေမယ့် ကိုဗစ်ကပ်ဆိုး တတိယလှိုင်းဟာ မြန်မာနိုင်ငံမှာ တကယ် စတင်နေပြီလို့ ကိန်းဂဏန်းတွေက ပြောပြနေပါတယ်။

စစ်ကောင်စီ လက်အောက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု ရာခိုင်နှုန်းအားဖြင့် မေလ အတွင်း ကူးစက်မှုနှုန်း ၃ ရာခိုင်နှုန်းကျော်သာ ရှိရာမှ မေလ ၂၇ ရက်အရောက်မှာ ပိုးတွေ့လူနာ ၉၆ ယောက်နဲ့ ၅ ဒသမ ၃၇ ရာခိုင်နှုန်းအထိ စတင် တိုးလာတာဖြစ်ပြီး ဇွန်လ အတွင်းမှာ ၁၂ ရာခိုင်နှုန်းကျော် အထိ မြင့်တက်လာနေတာပဲ ဖြစ်ပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှာ ပိုးတွေ့သူ ၅၄၆ ဦးအထိ အမြင့်ဆုံး မြင့်တက်လာပါတယ်။ ဇွန်လ ၂၁ ရက်နေ့မှာ ကိုဗစ်-၁၉ ကူးစက်မှုသစ် ၅၉၅ ဦးနဲ့ ဇွန်လ ၂၂ ရက်နေ့မှာ ၆၃၀ ဦးတို့ ဖြစ်လာပါတယ်။

စစ်ကောင်စီလက်ထက် ကျန်းမာရေးစနစ်

ကိန်းဂဏန်းတွေ မြင့်တက်လာတာနဲ့အမျှ ကိုဗစ်ကပ်ဘေးဟာ မြန်မာနိုင်ငံသားတွေအတွက်တော့ စိုးရိမ်စရာပါ။ အဓိကအချက်ကတော့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေတုန်းကလို ကျန်းမာရေးစနစ် ကောင်းကောင်း မရှိတော့တာက အဓိကကျပါတယ်။

စစ်အာဏာရှင် အစပျိုးလာတာနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ လုပ်လက်စ အလုပ်တွေကို ရပ်တန့်ပြီး စစ်အာဏာရှင်နဲ့ မပူးပေါင်းဘူး၊ စစ်အာဏာရှင် စနစ်အောက်မှာ အလုပ်မလုပ်ဘူးလို့ ကြွေးကြော်ပြီး Civil Disobedience Movement (CDM) လှုပ်ရှားမှုနဲ့အတူ စစ်အာဏာရှင်ကို လက်နက်မဲ့ စတင်တော်လှန်ခဲ့ပါတယ်။

CDM မှာ ကျန်းမာရေး ဝန်ထမ်း ၇၀ ရာခိုင်နှုန်းလောက် ပါဝင်ခဲ့တာကြောင့် နိုင်ငံတဝှမ်းက အစိုးရ ဆေးရုံတွေ ရာနဲ့ချီပြီး ပိတ်ခဲ့ရပါတယ်။ စစ်ကောင်စီဟာ အသက် အန္တရာယ် ခြိမ်းခြောက်တာတွေ၊ မိသားစုကို ဖိအားပေးတာတွေ၊ ဖမ်းဆီးနှိပ်စက်တာတွေ အပါအဝင် သူတို့ကို နည်းအမျိုးမျိုးနဲ့ ဖိအားပေးနေပေမယ့် ယနေ့အထိ CDM လှုပ်ရှားကို ဆက်လက်စွဲကိုင် ထားဆဲပါ။

CDM လှုပ်ရှားမှုကြောင့် ကျန်းမာရေးစနစ်ဟာ လုံးဝကို ချည့်နဲ့သွားခဲ့ပါတယ်။ ပြည်သူလူထုဟာ စစ်ကောင်စီကို လက်မခံမှုနဲ့ အတူ စစ်အာဏာရှင်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေကိုပါ ပြောင်ကျကျ ငြင်းပယ်ခဲ့ကြပါတယ်။ ကိုဗစ်ကာကွယ်ဆေးတွေ မထိုးနှံကြသလို။ သံသယလက္ခဏာ ရှိရင်တောင် ကိုဗစ်စစ်ဆေးမှုတွေ မပြုလုပ်ချင်ကြတော့ပါဘူး။

Fever Clinic (ဖျားနာဆေးကုခန်း) တခုက ဆရာဝန်တဦးက “အခုအခြေအနေမှာ မစစ်ကြဘူး။ စစ်တဲ့လူက နည်းတယ်၊ မစစ်တဲ့လူက များတယ်။ စစ်မလားလို့ မေးခွန်းမေးလိုက်ရင် မစစ်တော့ဘူး။ ရတယ်၊ ဆေးညွှန်းပဲ ညွှန်ပေး၊ ဘာဆက်လုပ်ရမလဲ ဆိုတာပေါ့။ စစ်မယ်ဆိုရင် အဖြေထွက်ရင် ဘယ်ရောက်မလဲ ဆိုတာကိုပဲ မေးနေတာပေါ့” လို့ ပြောပြပါတယ်။

မယုံကြတော့တဲ့ ကွာရန်တင်းစနစ်

ရောဂါလက္ခဏာ ရှိသူတွေနဲ့ ပြည်ပမှ ပြန်လာသူတွေကို ခွဲထား စောင့်ကြည့်တဲ့ ကွာရန်တင်း စနစ်က ယခုအခါ ဘယ်လိုအခြေအနေရှိလဲဆိုတာ အများပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် မသိရှိကြပါဘူး။ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ မရရှိကြပါဘူး။

ကွာရန်တင်းစင်တာတွေ ပြင်ထားတယ်လို့ပဲ ပြောပြော စစ်ကောင်စီရဲ့ လက်ရှိကျန်းမာရေး စနစ်အပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်မှုက လုံးဝ လျော့ကျနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာတဲ့ ကွပ်ပျစ်ပေါ် ဖျာကြမ်းခင်းထားတဲ့ ကွာရန်တင်းစင်တာလို့ဆိုတဲ့ နေရာဟာ လူမှုကွန်ယက်ပေါ်မှာ ပြည်သူလူထုရဲ့ ဆိုးဆိုးရွားရွား လှောင်ပြောင်ဝေဖန်မှုကို ခံခဲ့ရပါတယ်။

အာဏာမသိမ်းခင် အရပ်သားအစိုးရရဲ့ ကွာရန်တင်းစင်တာတွေနဲ့ နှိုင်းယှဉ်ရင် အတော်ကို နုံချာတဲ့ စင်တာအဖြစ် ဝေဖန်ခံရတာပဲ ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ Facility တွေတင်မကဘဲ လူ့စွမ်းအား အရင်းအမြစ်မှာလည်း ကြီးကြီးမားမား လိုအပ်ချက်ရှိနေပါတယ်။

လက်ရှိအခြေအနေနဲ့ ကိုဗစ်တတိယလှိုင်းကို ကာကွယ်ထိန်းချုပ်ဖို့ ခက်ခဲမယ်လို့ CDM ဆရာဝန်တဦးက ရှင်းပြပါတယ်။

“အရင်တုန်းက အင်အားအပြည့်ရှိတာတောင် မနိုင်ဝန်ထမ်းရတဲ့ ပုံစံမျိုး။ တကယ်တမ်းကျတော့ အဲဒီတုန်းကတောင် မနိုင်ဘူး။ ပင်ပင်ပန်းပန်းနဲ့ မနိုင်ပေမယ့် မနိုင်ဝန်ထမ်းပြီး ဝိုင်းလုပ်ပေးကြတာ။ အခုကျတော့ မနိုင်ဝန်ထမ်းမယ့် အင်အားတောင် မရှိတော့ဘူးဆိုတော့ ကျန်းမာရေးဝန်ထမ်း အင်အားအခြေအနေဟာ အတော်လေး ပြဿနာဖြစ်တယ်” လို့ သူက ဆိုပါတယ်။

လက်တလော ကိုဗစ်ရောဂါ ဖြစ်ပွားမှု ပထမနေရာမှာရှိတဲ့ စစ်ကိုင်းတိုင်းထဲကမှ ကလေးမြို့မှာဆိုရင် လူတွေဟာ ကွာရန်တင်းစင်တာကို သွားမယ့်အစား ကိုယ့်အစီအစဉ်နဲ့ ကိုယ်ကုသနေကြပါတယ်။ စစ်တပ်က ထိန်းချုပ်ထားတဲ့ စင်တာဖြစ်တာကြောင့် သွားရောက် ကုသတာတွေ မရှိသလို လှူဒါန်းတာတွေလည်း မရှိတော့ဘဲ ကလေး ဒေသခံတွေဟာ ကိုဗစ်ကို ကိုယ်ထူကိုယ်ထရင်ဆိုင်နေကြပါတယ်။

ကလေး မြို့ခံတဦးကတော့ “Q စခန်းကို မသွားချင်ကြတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာက လူမနိုင်ဘူး ဆရာဝန်နဲ့ သူနာပြုက အဲဒီလောက်အထိ မရှိဘူး။ အရင်တုန်းကလို သေချာပြင်ဆင်ပေးထားတာ မဟုတ်တော့ဘူး။ စစ်တပ်ကနေ ကိုင်တာဖြစ်တဲ့အတွက် မသွားရဲကြဘူး။ အခုက အောက်ဆီဂျင် မလုံလောက်ဘူး။ လောလောဆယ် ရန်ကုန်၊ မန္တလေးကနေ အောက်ဆီဂျင်ဘူးတွေ ဝယ်ရတယ်။ ပရဟိတ အသင်းတွေမှာကို မလုံလောက်လို့ ကိုယ်ပိုင်အစီအစဉ်နဲ့ ကိုယ်ဝယ်နေကြပြီ”လို့ ဆိုပါတယ်။

အထူးသဖြင့်တော့ ကိုဗစ်အတွက် လှူဒါန်းငွေတွေကို စစ်တပ်က တခြားအတွက် သုံးမှာ စိုးရိမ်တဲ့အတွက် လူတွေဟာ မလှူကြတော့ဘူးလို့ အဆိုပါ ဒေသခံက ဆိုပါတယ်။

“အလှူငွေတွေများ ဘုန်းသွားမလားဆိုပြီး သံသယစိတ်တွေနဲ့ မလှူရဲကြဘူး။ အရင်လက်ထက်က ပြည့်စုံတယ်ဆိုတာ မြို့က ဝိုင်းလှူကြတာ။ တခုခုလိုအပ်တယ်ဆိုရင် အစိုးရဘက်ဂျက် ချပေးတာ နည်းနည်းလေး များသောအားဖြင့် တမြို့လုံးက လှူတဲ့ငွေတွေနဲ့ပဲ ဝယ်ကြတာ။ အခုကတော့ မလှူချင်ကြတော့ဘူး” လို့ သူက ဆက်ပြောပါတယ်။

“နိုင်နိုင်နင်းနင်း ရှိပါတယ်”

စစ်ကောင်စီက ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေကြောင်းကို ကြေညာသလို၊ လူ ၁ သန်းကျော်လောက် ကာကွယ်ဆေးထိုးပြီးကြောင်းလည်း ပြီးခဲ့တဲ့လက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ အရသိရပါတယ်။

ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက “လက်ရှိ ဆေး ၂ ကြိမ်ထိုးပြီးတဲ့ လူဦးရေဆိုရင် ၁ ဒဿမ ၄ သန်း ကျော်ရှိပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ ဒေတာ ဖြစ်ပါတယ်။ ၁ ကြိမ်တည်း ထိုးပြီးတဲ့လူကတော့ ၁ ဒဿမ ၈ သန်းလောက် ရှိပါတယ်” လို့ ဆိုပါတယ်။

ကာကွယ်ဆေး အကျုံးဝင်အုပ်စု ၃၈ ဒသမ ၃ သန်းရဲ့ ၄ ရာခိုင်နှုန်းလောက် ထိုးနှံပြီးပြီဖြစ်ပြီး နောက်ထပ်ထိုးနှံဖို့လည်း ရှိနေသးတယ်လို့လည်း သူက ဆိုပါသေးတယ်။

စစ်ကောင်စီက ထပ်မံတင်သွင်းလာဖို့ ရှိတဲ့ကာကွယ်ဆေးဟာ တရုတ်ထုတ် ကာကွယ်ဆေး Sinopharm တွေပါ။ ဆေးအာနိသင်အပေါ် အရင်က အငြင်းပွားခဲ့ကြပေမယ့် မေလဆန်းပိုင်းမှာ WHO က အရေးပေါ်ကာကွယ်ဆေးစာရင်းမှာ Sinopharm ကို ထည့်သွင်းခဲ့ပါတယ်။

ယခင်က ထိုးနှံတဲ့ COVID-19 ကာကွယ်ဆေးကတော့ Oxford University နှင့် AstraZeneca တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကို မူပိုင်ခွင့်ယူပြီး COVIDSHEILD နာမည်နဲ့ Serum Institute of India (SII) က ထုတ်လုပ်တဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။

ဒါပေမယ့် ဆေးတကြိမ်တည်း ထိုးထားသူတွေ ရောဂါကူးစက်ခံရတဲ့ သတင်းတွေ ပြန့်နေသလို ထိုးပေးတဲ့ ကာကွယ်ဆေးတွေက အရည်အသွေး ပြည့်ဝရဲ့လား စတဲ့ မေးခွန်းကလည်း ကျန်ရှိနေဆဲပါ။

စစ်ကောင်စီ လက်အောက်က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ ကျန်းမာရေးဝန်ထမ်းတွေ ၆၀ ရာခိုင်နှုန်းနီးနီး ပုံမှန်အတိုင်း အလုပ်ပြန်ဝင်နေပြီဖြစ်လို့ ကိုဗစ်ကုသရေးအပိုင်းမှာ “နိုင်နိုင်နင်းနင်း ရှိပါတယ်”လို့ ဆိုပါတယ်။ ဒါ့အပြင် ရောဂါ စမ်းသပ်ဖို့ ပစ္စည်းတွေနဲ့ တခြားကုသရေး အတွက် လိုအပ်တဲ့ ဆေးဝါးတွေလည်း အလုံအလောက်ရှိတယ်လို့လည်း ဆိုထားပါတယ်။

ဒေါက်တာခင်ခင်ကြီးက “ဒုတိယလှိုင်းလို ဖြစ်လာရင်တောင်မှ ၃ လစာ ထောက်ပံ့နိုင်လောက်အောင် ရှိပါတယ်။ အဲဒီအတွက်လည်း ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ နောက်ထပ် လိုအပ်တဲ့ ဆေးတွေကိုလည်း ထပ်မံဖြည့်တင်းတာတွေ ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

ဒါပေမယ့် တကယ်တမ်းမှာ ဘက်ဂျက်နဲ့ ဆေးပစ္စည်းလိုအပ်ချက်တွေလည်း ရှိနေတယ်ဆိုတာကတော့ လက်တွေ့ ဖြစ်ပွားနေတဲ့ ဒေသအချို့ကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။

ချင်းပြည်နယ် တွန်းဇံမြို့မှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့မှာဆိုရင် ကိုယ်ဝန် ၈ လ လွယ်ထားရတဲ့ အမျိုးသမီး ၁ ဦး ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့ပါတယ်။ အဲဒီ ကိုယ်ဝန်ဆောင်အမျိုးသမီး ဆေးရုံတက်ရောက်ချိန်မှာ သူ့ကိုပြုစု စောင့်ရှောက်ပေးနိုင်မယ့် ဆရာဝန်တွေ မရှိလို့ အသက်ဆုံးရှုံးခဲ့ရတာပါ။ ကလေးကိုလည်း ခွဲခန်းဝင်ပြီး ကယ်တင်နိုင်မယ့် ကျွမ်းကျင်ဆရာဝန် မရှိတာကြောင့် ကလေးပါ သေဆုံးခဲ့ပါတယ်။

“အထူးကုတွေဘာတွေ ရှိတယ်ဆိုရင် ဆုံးခါနီးမှာ ကလေးကို ကယ်လို့ရတာပေါ့။ ဒါပေမယ့် အဲဒီလိုမျိုး ခွဲခန်းဝင်နိုင်တဲ့ အဆင့်မရှိဘူး။ ဒီက တိုက်နယ်ဆရာဝန်တွေကလည်း အခြေအနေ အရပ်ရပ်ကြောင့် ရှောင်နေရတာ ဖြစ်နေတာပေါ့။ အခက်အခဲပေါင်းစုံကြားမှာ ဆုံးသွားတယ်လို့ ပြောရမှာပေါ့” လို့ တွန်းဇံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထန်ရှင်းခိုင်က ဆိုပါတယ်။

“ပြောင်းပြန်ဖြစ်သွားပြီ”

လက်ရှိအချိန်မှာ ကိုဗစ်ဟာ တရက်ထက် တရက် သိသိသာသာ တိုးလာရုံမဟုတ်ဘဲ ဗီဇပြောင်းပိုး သုံးမျိုးစလုံး မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်၊ ကလေးမြို့နယ်၊ ချင်းပြည်နယ် တွန်းဇံမြို့နယ်၊ ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တို့ကိုတော့ Stay at home မြို့နယ်တွေ အဖြစ် ကြေညာထားပါတယ်။

လှည်းကူးမြို့နယ် မဟော်သဓာကျောင်းမှာ ကိုဗစ်အစုလိုက် ကူးစက်မှု ၃၀၀ ကျော် ရှိခဲ့တာကြောင့် ရန်ကုန်တိုင်းကိုလည်း ကိုဗစ်တတိယလှိုင်းက တံခါးခေါက် ဝင်ရောက်နေပြီ ဖြစ်ပါတယ်။ ဇွန် ၉ ရက်မှာ ကိုဗစ်ကူးစက်မှု စတင်တွေ့ရှိခဲ့တဲ့ အဆိုပါ မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းမှာဆိုရင် ဇွန် ၁၆ ရက် နေ့အထိ ကိုဗစ်ကူးစက်ခံရသူ ၃၅၀ ဦး အထိရှိလာတာပဲ ဖြစ်ပါတယ်။

အစုလိုက် အပြုံလိုက် ကူးစက်မှုနဲ့ အတူ လူဦးရေ အင်မတန် သိပ်သည်းတဲ့ ရန်ကုန်မြို့ကို တတိယလှိုင်း တံခါးခေါက်လာတာဟာ စိုးရိမ်စရာ အခြေအနေပါ။

တချိန်တည်းမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ လူထုကျန်းမာရေး မူဝါဒနဲ့ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စွမ်းက သံသယရှိစရာပါ။ လူအများစုကတော့ ပြီးခဲ့တဲ့ တနှစ်လုံး တည်ဆောက်ခဲ့တဲ့ ကိုဗစ်ကာကွယ် ကုသရေး အစီအမံတွေ အားလုံးဟာ စစ်အာဏာသိမ်းမှုနဲ့ အတူ ရေစုန်မျောသွားခဲ့ပြီလို့ ထင်မြင်ချက်တွေ ပေးနေကြပါတယ်။

“ကိုဗစ်-၁၉ ကူးစက်မှုကို ကောင်းစွာ ထိန်းချုပ်နိုင်ဖို့ အရေးကြီးဆုံး အချက် ၃ ချက်က နိုင်ငံတော်ယန္တရား၏ စွမ်းဆောင်ရည်၊ ပြည်သူတွေရဲ့ အစိုးရအပေါ် ယုံကြည်မှုနဲ့ ထိရောက်တဲ့ ခေါင်းဆောင်မှု တွေပါ” လို့ အမေရိကန် နိုင်ငံရေးသိပ္ပံပညာရှင် ဖရန့်စစ်ဖူကူးယာမားရဲ့ ၂၀၂၀ခုနှစ် ဇူလိုင်-သြဂုတ်လထုတ် Foreign Affairs မဂ္ဂဇင်းက “The Pandemic and Political Order: It Takes a State” ဆောင်းပါးကို ကိုးကားရင်း လူထုမူဝါဒရေးရာ လေ့လာသုံးသပ်သူ ဦးခိုင်ဝင်းက ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ တတိယလှိုင်းကို ရင်ဆိုင်တုန့်ပြန်ဖို့ အဲဒီအချက် ၃ ချက်စလုံးက ပြောင်းပြန်ဖြစ်သွားခဲ့ပြီ” လို့ ဦးခိုင်ဝင်းက ကောက်ချက်ချသွားခဲ့ပါတယ်။

You may also like these stories:

အစုအလိုက် အပြုံလိုက် ကိုဗစ်ပိုးကူးစက်နေ

ကိုဗစ်တတိယလှိုင်း ဖြစ်လာလျှင် မြန်မာ ခံနိုင်ရည် မရှိ

ကိုဗစ်-၁၉ အစ ဓါတ်ခွဲခန်းက ဆိုသည့် အယူအဆကို တရားဝင် စုံစမ်းစစ်ဆေးသင့်

Did you find apk for android? You can find new Free Android Games and apps.
Loading