“Name and Shame” က ဗြိတိသျှသုံး အင်္ဂလိပ်စကားပါ။ လူပုဂ္ဂိုလ် တဦးတယောက်၊ အုပ်စုအဖွဲ့တခု၊ ဒါမှမ ဟုတ် စီးပွားလုပ်ငန်းကြီး တခုခုဟာ ကျင့်ဝတ်မဲ့၊ ဥပဒေပြင်ပ အလုပ်တွေ လုပ်နေရင် နာမည်တွေ ဖော်ပြပြီး သတင်းအရင်း အမြစ် ခိုင်ခိုင်မာမာနဲ့ အချက်အလက် ပြည့်ပြည့်စုံစုံ ထုတ်ပြန်ချက်တွေ ထုတ်၊ စုံစမ်းထောက်လှမ်းမှုအခြေခံ သတင်းတွေ တင်ပြခြင်း သဘောပါ။
ဒီနေရာမှာ ကောင်းသော ရည်ရွယ်ချက်နဲ့ အရှက်ရစေခြင်း (Good Shaming)နဲ့ မကောင်းသော ရည်ရွယ်ချက် ယုတ်မာရုံ သက်သက် အရှက်ရစေခြင်း (Bad Shaming) နှစ်ခုဟာ ကွဲပြားတယ်ဆိုတာ နားလည်ရပါမယ်။
နာမည်ဖျက်ခြင်း၊ သိက္ခာကျအောင် လုပ်ခြင်း၊ အရှက်ရစေခြင်းမှာ အချက်အလက် မခိုင်မာဘဲ လူပုဂ္ဂိုလ်ဗဟိုပြုပြီး တိုက်ခိုက် လိုခြင်း သက်သက်ဆိုရင် သတင်းပညာကျင့်ဝတ်အရ တန်းမဝင်ပါဘူး။ ဒါဟာ လူပြိန်းကြိုက် အရည်မရ အဖတ်မရ အတင်း အဖျင်း(Gossip) သက်သက်ဖော်ပြလေ့ရှိတဲ့ အဝါရောင်စာနယ်ဇင်း (Yellow Journalism /The Yellow Press)ပဲ ဖြစ်ပါ မယ်။
ဒီအကြောင်းကို ဘာလို့ ရှည်ရှည်ဝေးဝေး အစချီလာရသလဲဆိုရင် ကျနော်တို့ နိုင်ငံမှာ မွန်မြတ်တဲ့ ရည်ရွယ်ချက်အရင်းခံနဲ့ “Name and Shame” လုပ်ဖို့ မဖြစ်မနေ လိုနေတဲ့ အနေအထား ဖြစ်တာကြောင့်ပါ။
အာဏာကို အတိုင်အဆမရှိ ထင်တိုင်း ကြဲ ကျင့်သုံးခွင့်သာခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆိုး နှစ်ငါးဆယ်ကျော် ကြီးစိုးပြီး မြန်မာ ပြည်မှာ ပြင်းထန်တဲ့ အထက်-အောက် အမိန့်ပေးမှုနဲ့ ရှုပ်ထွေးတဲ့ ကြိုးနီစနစ်ဟာ နိုင်ငံရဲ့ကဏ္ဍတိုင်းမှာ အကျင့်ပျက် ခြစား မှုကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေတဲ့ စစ်ဗျူရိုကရေစီ ယန္တရားကြီးတခုကို ခိုင်ခိုင်မာမာ တည်ဆောင်ထားနိုင်ခဲ့ပါတယ်။
အခု အရပ်သားအများစု ဆိုနိုင်တဲ့ ဒီမိုကရေစီအမည်နဲ့ လူထုက လိုလိုလားလား ရွေးချယ်လိုက်တဲ့ အစိုးရနဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ ခန့်အပ်ခံ ပြည်ထောင်စုနဲ့ ပြည်နယ်၊ တိုင်းဒေသအစိုးရအဖွဲ့ဝင်များဟာလည်း ဒီ စနစ်ယန္တ ရားထဲမှာ လည်ပတ်နေရပါတယ်။
မြန်မာပြည်မှာ အကျင့်ပျက်ခြစားမှုဟာ ပုံသဏ္ဌာန်မျိုးစုံနဲ့ အမြစ်တွယ် တည်ရှိနေပါတယ်။ ရုံးဌာနဆိုင်ရာတွေမှာ နေ့စဉ် ကြုံ တွေ့နေရတဲ့ လက်ဖက်ရည်ဖိုး ခေါင်းစဉ်အောက်က၊ လက်ဆောင်ပဏ္ဍာ အမည်ခံအောက်က အသေးအဖွဲ လာဘ်လာဘ ထိုးမှု (Petty Corruption) ကနေ စီးပွားရေးလုပ်ငန်းကြီးအဆင့် အကျင့်ပျက်မှုနဲ့ နိုင်ငံရေးအာဏာအကျင့်ပျက်မှုအထိ ရှိ ပါတယ်။
နိုင်ငံတကာပွင့်လင်းမြင်သာမှု ရှိရေး (Transparency International) အဖွဲ့က နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ အကျင့်ပျက် ခြစားနိုင်မှု အညွှန်းကိန်း (Corruption Perceptions Index) အရဆိုရင် မြန်မာပြည်ဟာ ၂၀၁၅ ခုနှစ်အတွက် ရမှတ် ၂၅ မှတ် နဲ့ ကမ္ဘာ့အဆင့် ၁၃၉ မှာ ရှိပါတယ်။ ဒေသတွင်းအရှေ့တောင်အာရှ နိုင်ငံတွေကြားမှာ အဆိုးရွားဆုံး ရပ်တည်မှု အနေအထား ပါ။
နိုင်ငံ့စီးပွားရေးရာ ကဏ္ဍမှာဆိုရင် အခွန်ရှောင်ခြင်းက အစ မြေသိမ်းယာသိမ်းဖြစ်စဉ် အလယ် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ ရွှေ၊ တွင်းထွက်ပစ္စည်းအမျိုးမျိုး၊ သစ်၊ ဘိန်းမှောင်ခိုလုပ်ငန်းများနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆုံး အကျင့် ပျက်မှုတွေ ရှိခဲ့ပါတယ်။
အစိုးရသစ် ရက်ပေါင်း ၂၀၀ ကျော်အတွင်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဘက်က အငယ်တန်းဝန်ထမ်း အရေးယူမှုလို အသေးအဖွယ်ကိစ္စတွေပဲ လုပ်နိုင်သေးလို့ လက်ရှိမှာလည်း အမျိုးအမည် မတပ်နိုင် မဖော်နိုင်ဘဲ ခြစားမှုမျိုးစုံဟာ စနစ်နောက်ခံမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲလို့ ယူဆနိုင်ပါတယ်။
တိုင်းပြည်မှာ လိုနေတာက Petty Theft “ဖွဲခိုး” တွေ ဖမ်းတဲ့ အလုပ်မဟုတ်ပါ၊ အစိုးရစနစ်ထဲမှာ စိမ့်ဝင်အသားကျ ပျော် ဝင်နေတဲ့ ခွင့်ပြုမိန့် ချုပ်ကိုင်မှု အမျိုးမျိုးနဲ့ စနစ်တကျ တရားဝင် ပိုက်ဆံတောင်းခွင့် သာနေတဲ့ ကျူးလွန်မှု Organized Corruption and Crime “ဆန်ခိုး” အကြီးကြီးတွေကို တန်းစီ အပြစ်ပေးနိုင်ဖို့ပါ။
အရင်အစိုးရခေတ် မနှစ်တုန်းက ယူကေမှာ အလုပ်လုပ်ခဲ့တဲ့ နိုင်ငံ့အရေး စိတ်ဝင်စားသူ မြန်မာအထူးကု ဆရာဝန်ကြီး တ ယောက်နဲ့ တိုင်းရေးပြည်ရာ ထွေရာလေးပါး ပြောနေတုန်းမှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း “သန့်ရှင်းသော အစိုးရ” ဆိုပြီး အသံ ကောင်း ဘယ်လောက်ပဲ ဟစ်ခဲ့ ဟစ်ခဲ့ မပပျောက်နိုင်သေးတဲ့ အာဏာလက်ဝယ်ထားရှိသူများရဲ့လာဘ်စားမှု၊ အကျင့်ပျက် မှု၊ ခြစားမှုအကြောင်း ရောက်သွားတယ်။
သူက အင်္ဂလန်မှာဆိုရင်တော့ နိုင်ငံရေးသမားတွေ၊ အုပ်ချုပ်ရေးရာထူး ယူထားသူတွေ တခုခု မှားတာ၊ မဟုတ်တာ လုပ် တာနဲ့ သတင်းစာတွေက ဖော်ထုတ် “Name and Shame” လုပ်တာပဲဗျာ၊ မြန်မာပြည်မှာလည်း ဒါမျိုးကို အကောင်ကြီး ကြီး သုံးလေးယောက်ထက် ပိုမလုပ်ရဘူး၊ မသမာမှုတွေ အတော်လျော့နည်းသွားမယ် ဆိုပြီး သူ့အမြင်ကို ပြောပြတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာတော့ အခုနောက်ပိုင်း အစိုးရနဲ့ပါတီက လူကြီးပိုင်းအကျင့်ပျက်မှုတွေကို သေဒဏ်ပေးတဲ့ အထိ ပြင်းပြင်းထန်ထန် အရေးယူမှုတွေ ပြုလုပ်တာလည်း အားလုံး သတိပြုမိကြမှာပါ။
မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့ (Anti-Corruption Commission)ကို ၂၀၁၄ ခုနှစ်တုန်းက အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့ခဲ့ပါတယ်။ ဒါပေမယ့် စစ်တပိုင်းအစိုးရခေတ် ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်အများစုလိုပဲ အလုပ်သိပ်မဖြစ်ခဲ့ပါဘူး။ ကော် မရှင်က တရားဝင်ထုတ်ပြန်တဲ့ စာရင်းများကို လေ့လာကြည့်ရင် ၂ နှစ်ကျော် အတွင်းမှာ ထိရောက်တဲ့ စွမ်းဆောင်မှုမျိုး မြင် ရမှာ မဟုတ်ပါဘူး။
အခု အစိုးရသစ်လက်ထက်မှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အထိ တိုက်ရိုက်တိုင်တန်းနိုင်တဲ့ အကျင့်ပျက်မှုတိုင်တန်းရေး လမ်းကြောင်းတွေ ဖွင့်ထားပါတယ်။ ဘယ်လောက် အလုပ်ဖြစ်မယ်ဆိုတာတော့ စောင့်ကြည့် ရပါမယ်။
အကျင့်ပျက်ခြစားမှုဟာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကို ကြီးမားစွာ အဟန့်အတား ပြုလုပ်နိုင်စွမ်းပါတယ်။ လူမှုတရားမျှတမှု ကင်းမဲ့မှု၊ ဆင်းရဲချမ်းသာ လူတန်းစားကွာဟမှုကို အကြီးအကျယ် ဖြစ်စေပါတယ်။ အဂတိလိုက်စားမှု အကျင့်စနစ်ဆိုးကို ပြင်ကို ပြင်နိုင်မှ ဖြစ်ပါမယ်။
အမှားအယွင်း နည်းနည်းမှ မခံ Zero Tolerance ထား စောင့်ကြည့်အရေးယူမှုတွေ ပြုလိုက်နိုင်ရပါမယ်။ တိုင်းပြည်ရဲ့ အ များစု လူထုအကျိုးအတွက် အစိုးရနဲ့ စီးပွားလုပ်ငန်းကြီးများရဲ့မလျော်ကန်တဲ့ အလုပ်များနဲ့ မတရားမှု အစုစုကို မပြတ် စောင့်ကြည့်ဖော်ထုတ်ရမယ့် Watchdog အလုပ်မျိုးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ထိထိရောက် ရောက် ဆောင်ရွက်သင့်ပါတယ်။
အဂတိလိုက်စားခြင်း၊ လာဘ်ပေးလာဘ်ယူ ကိစ္စတွေမှာ အပြစ်ရှိသူတွေ လွတ်လပ်ခွင့်သာနေခြင်းမျိုးလည်း ဖြစ်လေ့ရှိပါ တယ်။ လာဘ် ပေးသူ၊ ယူသူ နှစ်ဖက်စလုံးကို တရားဥပဒေကြောင်းအရ အရေးယူနိုင်တာမို့ လုပ်ငန်းအဆင်ပြေစေဖို့ အ ကြီးအကျယ် လာဘ်ပေးရသူတွေဟာ လိုလိုလားလားနဲ့ ရှေ့ကို ထွက်လာပြီး တိုင်တန်းဖို့က အင်မတန်ခက်ခဲပါတယ်။
ဒီနေရာမှာ စာနယ်ဇင်းရဲ့အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ စာနယ်ဇင်းဟာ Watchdog အဖွဲ့အစည်း တာဝန်ကို တွဲယူနိုင်ရပါမယ်။ လာဘ် ပေးသူ၊ ယူသူ၊ မလျော်သြဇာသုံးသူ အကျင့်ပျက်သူ၊ လူမှုရေး အရှုပ်အရှင်းရှိသူ ဒီအမှုတွေကို အမြဲစောင့်ကြည့်ကာ အများပြည်သူနဲ့ အစိုးရ တာဝန်ရှိသူများ အသိအမှတ်ပြုမှု ရဖို့ရာ သတင်းမှန် စုံစမ်းတင်ပြဖို့ တာဝန် စာနယ်ဇင်းမှာ ရှိပါတယ်။ ဒီနေရာမှာလည်း သိက္ခာရှိစာနယ်ဇင်း ပီသဖို့ အရေးကြီးပါတယ်။
ဒီလို အပုပ်အပွ၊ လူသိ မခံဝံ့တာတွေကို တူးဆွ၊ ဖော်ထုတ်လုပ်ရာမှာ အတင်းအဖျင်း အရပ်စကား၊ နာမည်ပျက်ရုံ၊ သတင်း ဖြစ်ရုံ ကျော်ကြားလိုရုံသက်သက်နဲ့ စာနယ်ဇင်းအလုပ်ကို ဂုဏ်သိက္ခာမဲ့စွာ မလုပ်ဖို့တော့ လိုပါတယ်။ အဆင့်အတန်းရှိတဲ့ စုံစမ်းထောက်လှမ်းမှု အခြေခံ သတင်းပို့မှု Investigative Reporting မှာ သတင်းအပေါ် ချဉ်းကပ်ပုံ၊ တည်ဆောက်ပုံနဲ့ သတင်းကို တင်ဆက်ပုံ အဆင့်အတန်း ရှိရပါတယ်။
လူတဦးတယောက်ကို ဗဟိုပြု မတော်တာကို ဖွင့်ထုတ်ပြရာမှာလည်း ပုဂ္ဂိုလ်ရေးမဆန်ဘဲ အုပ်စု သဘောဆောင်ကာ စနစ်ရဲ့ချို့ယွင်းချက်ကို အသားပေးရင်း ဒီလိုလူစား အများကြီး၊ ဒီလို အဖြစ်အပျက်တွေ နောက်ကွယ်မှာ တပုံကြီး ဆိုတဲ့ သဘောကို ပုံဖော်မှုက အဓိက ကျရပါတယ်။ သေချာကျန၊ အချိန်ယူ၊ စနစ်တကျ ရှိတဲ့ သုတေသနပြုမှုတွေ ပြုလုပ်ရပြီး ခိုင်မာတဲ့ အချက်တွေကို အခြေခံကာ အကျိုးအကြောင်း ချပြရပါတယ်။
စနစ်ဆိုးကို ဇောင်းပေး ထောက်ပြရပါတယ်။ ပုဂ္ဂလိက လွတ်လပ်ခွင့်နဲ့ အခွင့်အရေးကို မထိပါးဘဲ စနစ်ဆိုးမှာ ဖြစ်ပေါ်နေတဲ့ အပြစ်၊ အနာအဆာတွေကို ထောက်ပြရင်း လူတစု ထင်တိုင်းကြဲ လုပ်ပိုင်ခွင့် ရနေတာ၊ ဥပဒေအထက်မှာ အမြဲတမ်းနေ နေနိုင်တာကို အများပြည်သူ မြင်သာအောင် ကျင့်ဝတ်သိက္ခာ ရှိရှိ ဖွင့်ချ၊ လှစ်ဟပြခြင်းဟာ အဆင့်အတန်းရှိတဲ့ စုံစမ်း ထောက်လှမ်းထုတ်ဖော်မှု စာနယ်ဇင်း Investigative Journalism အလုပ်ပါပဲ။
အချက်အလက် ခိုင်မာမှန်ကန်တဲ့ သတင်းကို ဖွင့်ချတာမျိုးမှာ ကျော်မကောင်း ကြားမကောင်း (Scandal) အမှုမျိုးဆိုရင် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု မဖြစ်အောင်၊ အကျိုးစီးပွားကို မျှော်ရည် တိုက်တာမျိုးမဖြစ်အောင် ဖွင့်မချခင် ကာယကံရှင် သို့မဟုတ် အဖွဲ့အစည်းကို ဦးစွာ အသိပေးရပါတယ်။
ဖော်ထုတ်မယ့် သတင်းအတွက် ဖွင့်ချခံဘက်က ဘယ်လိုမှတ်ချက်မျိုး ပြန်ပေးလိုသလဲ လမ်းဖွင့်ပေးရပါတယ်။ ဒါတွေဟာ စာနယ်ဇင်းပညာရဲ့ အခြေခံကျင့်ဝတ်တွေပါ။ ဒီနေရာမှာ အစိုးရနဲ့ ဥပဒေပြု လွှတ်တော်ဘက်ကလည်း စုံစမ်းထောက်လှမ်း ဖော်ထုတ်တဲ့ သတင်းသမားတွေကို မျှတပြီး ကျောသားရင်သား မခွဲခြားတဲ့ ဥပဒေများနဲ့ ပြန်လည် ထိန်းကွပ်ဖို့နဲ့ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးဖို့လိုပါတယ်။
အသေရေဖျက်မှု ဥပဒေလိုမျိုးကို လူတဦးချင်း အခြေခံ အခွင့်အရေးအတိုင်း တရားမျှတ ကျင့်သုံးစေရမှာ ဖြစ်သလို အမှန်တကယ် အကျင့်ပျက်သူများကို ဖော်ထုတ်တဲ့ စာနယ်ဇင်းစစ်စစ် အလုပ်မျိုးတွေအတွက်လည်း စုံစမ်းသူ သတင်းသမား ဘက်ကို အပြည့်အဝ အကာအကွယ်ပေးရပါမယ်။ ဒါအပြင် အကျင့်ပျက်မှုတွေ ဖြစ်ပေါ်နေတဲ့ အဖွဲ့အစည်း တခုခုအတွင်းမှာ အမှန်ကို ဖော်ထုတ် အများသိအောင် မောင်းခတ်လိုသူ Whistle-blower တွေကိုလည်း အကာအကွယ်ပေးတဲ့ ဥပဒေ တွေ ပြဋ္ဌာန်းဖို့ လိုပါတယ်။
သစ်မှောင်ခိုအမှုကို စုံစမ်းထောက်လှမ်းမိတဲ့ သတင်းသမားတဦး ခြိမ်းခြောက်ခံရလို့ ထွက်ပြေးရတဲ့အဖြစ်လို စောင့်ကြည့် ဖော်ထုတ်သူ စာနယ်ဇင်းအလုပ်ဟာလည်း ထိရောက် တွင်ကျယ်မှု အားနည်းနေပါသေးတယ်။
ပြန်ချုပ်ရရင် တိုင်းပြည်ရဲ့နေရာတိုင်းမှာ အကျင့်ပျက် ခြစားမှုတွေ၊ အဂတိလိုက်စားမှု လာဘ်ပေး၊ လာဘ်ယူမှုတွေ အမြစ် တွယ် ရှင်သန်နေဆဲဖြစ်ပါတယ်။ ဒီအတွက် အကောင်ကြီးကြီး အမြီးရှည်ရှည် လူပုဂ္ဂိုလ်နဲ့ စီးပွားရေးအဖွဲ့အစည်းတွေကို ထိ ထိရောက်ရောက် အရေးယူနိုင်ဖို့ အရေးကြီးပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ပြုပြင်ပြောင်းလဲပြီး အလုပ်ဖြစ် အကျိုးရှိ ရလဒ်ကောင်းအောင် စွမ်းဆောင် နိုင်ဖို့ လိုအပ်ပါတယ်။ လက်ရှိ ပြည်သူ့အစိုးရနဲ့ လွှတ်တော်ကလည်း အသေရေဖျက်မှုကို မှန်မှန်ကန်ကန် ကျင့်သုံးနိုင်ဖို့၊ အမှန်တကယ် အကျင့်ပျက်သူကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့နဲ့ ပြည်သူ၊ သတင်းသမား၊ စီးပွားလုပ်ငန်းရှင် အား လုံးတန်းတူ တရားမျှတတဲ့ ဥပဒေခံစားနိုင်ခွင့် ဆောင်ရွက်ပေးသင့်ပါတယ်။
အဓိကကတော့ စာနယ်ဇင်းဟာ မသူတော်တွေရဲ့မကောင်းတဲ့ အလုပ်တွေကို အမြဲမပြတ် စောင့်ကြည့်စစ်ဆေးဖော်ထုတ် ဟစ်အော် Watchdog လုပ်ကာ သတင်းရင်းမြစ် တိကျခိုင်မာတဲ့ စုံစမ်းတင်ပြမှု Investigative Reporting တွေ ထုတ်နိုင် ဖို့နဲ့ ကျင့်ဝတ်သိက္ခာရှိ မှန်ကန်တဲ့ နာမည်ဖော်ထုတ် အရှက်ရစေမှု “Name and Shame” တွေ များများနဲ့ မှန်မှန်ကန်ကန် လုပ်ကြဖို့ နှိုးဆော်လိုက်ကြောင်းပါ ခင်ဗျား။
(ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်းများတွင် မျက်မှောက်ရေးရာနှင့် အထွေအထွေအာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် [email protected] သို့ စာရေး နိုင်သည်။)