အခုတလော ကြားသိရတဲ့ သတင်းတွေထဲမှာ ကုန်ဈေးနှုန်းတက်တာ၊ ရာဇဝတ်မှုတွေ များပြားလာတာ၊ မူးယစ်ဆေးဝါး သုံးစွဲပြီး မိဘက သားသမီးကို၊ သားသမီးက မိဘကို သတ်ဖြတ်တာ စတဲ့ သတင်းတွေ အများဆုံး ပါဝင်နေပါတယ်။ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှု၊ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ပျော်ရွှင်မှုဟာ အဲဒီနိုင်ငံရဲ့ နယ်ပယ်အသီးသီးမှာ ဘယ်လောက် အထိ “လုံခြုံမှု” ရှိသလဲ ဆိုတာနဲ့ ဆက်စပ်ပတ်သက်နေပါတယ်။
“လူမှုဘဝလုံခြုံမှု” ၊ “အစားအစာလုံခြုံမှု” ၊ “လမ်းပန်းဆက်သွယ်ရေး လုံခြုံမှု” တွေကို ကြည့်ရင် အဘက်ဘက်က လုံခြုံမှု အားနည်းနေတာ အမှန်ပါ။ ပထမဆုံး ကျမတို့ ပြည်သူတွေရဲ့ လူမှုဘဝလုံခြုံမှုကို လေ့လာကြည့်ရင် အိမ်ထဲမှာ လည်း မလုံခြုံ၊ လမ်းပေါ်မှာလည်း မလုံခြုံ ဖြစ်နေတာကို ဝမ်းနည်းစရာ တွေ့မြင်နေရ ပါတယ်။ ကိုယ့်အိမ်ထဲ ကိုယ် နေတယ် ဆိုပေမယ့် အနုကြမ်းစီးခံရတာ၊ ဒီထက်ပိုဆိုးရင် လူသတ်၊ ပစ္စည်းယူတာတွေ တွေ့ရသလို အိမ်အပြင် ထွက်ရင်လည်း တယ်လီဖုန်း တလုံး အတွက်၊ လက်စွပ် တကွင်းအတွက်တောင် လုယက်ခံရတာတွေ ရှိပါတယ်။
ဆိုင်ကယ်တွေနဲ့ လုယက်တာ ကြုံရသလို အငှားကားစီးရင် ခရီးသည်က အငှားယာဉ်မောင်းကို လုယက်နိုင်သလို အငှားယာဉ်မောင်းကနေ ခရီးသည်ကိုလည်း လုယက်နိုင်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားနေဆဲ ဖြစ်ပြီး ယာဉ်စီးခ ပိုတောင်းတဲ့ ဘတ်စ်ကား စပယ်ယာကို ခရီးသည်က မကျေနပ်ကြောင်း ပြောမိရင် အသတ်ခံရနိုင်တဲ့ အထိ အန္တရာယ် ရှိပါတယ်။ စည်းကမ်း မလိုက်နာတဲ့ ယာဉ်မောင်း အများစုကြောင့် မျဉ်းကျားမှာ လမ်းကူးနေရင်းလည်း ကားတိုက်ခံရ နိုင်ပါတယ်။ မီးနီဖြတ်မောင်းတဲ့ ဘတ်စ်ကားတွေ ရှိနေသေးတာကြောင့် လမ်းကူးရင်တောင် တထိတ်ထိတ် တလန့်လန့် နဲ့ ကူးနေရဆဲပါ။
ဒါတင် မကသေးပါဘူး၊ တနေ့တခြား များပြားလာနေတဲ့ ခွေးလေခွေးလွင့်တွေရဲ့ အန္တရာယ်လည်း ရှိနေပြန်ပါတယ်။ လေလွင့်ခွေးတွေကို သားဆက်ခြားတာ၊ ဂေဟာတွေဆီ ပို့တာတွေ ရှိနေပေမယ့် အရေအတွက်အားဖြင့် နည်းနေပါ သေးတယ်။ ပြီးတော့ အများသူငါ သွားလာနေတဲ့ လမ်းပေါ်မှာ ခွေးစာကျွေးတဲ့ သူတွေကို အသိပညာလည်း မေပေးနိုင်၊ အရေးလည်း မယူနိုင်သေးတဲ့ အပြင် အဲဒီခွေးတွေက လမ်းသွားလမ်းလာတွေကို ကိုက်ရင်လည်း တာဝန်ယူမယ့်သူ တယောက်မှ မရှိပါဘူး။ အရည်အသွေး မပြည့်မီဘဲ ခင်းထားတဲ့ ပလက်ဖောင်းတချို့ပေါ်မှာ လမ်းလျှောက်ရင်း အဆင်မသင့်ရင် ရေမြောင်းထဲ ပြုတ်ကျနိုင်တာလည်း ပါသေးပါတယ်။
အိမ်လခတွေ ပေးရတာ များပြားပေမယ့် ရန်ကုန်မှာ ရှိတဲ့ ကန်ထရိုက်တိုက်ခန်း အများစုဟာ သဘာဝဘေးအန္တရာယ် တွေကို ခံနိုင်ရည် ရှိ၊ မရှိ မသေချာပါဘူး။ ကျမတို့ရဲ့ လူမှုဘဝကို နေ့စဉ်နဲ့ အမျှ စိတ်အနှောင့်အယှက် ပေးနေတဲ့ နောက်တခုက “ဆူညံသံ” တွေ ပါပဲ။ မိုးလင်းကနေ မိုးချုပ်အထိ အထိန်းအကွပ် မရှိ ဖွင့်နေတဲ့ အသံချဲ့စက်တွေ၊ ဆောင်းဘောက်တွေကြောင့် ပြည်သူတွေ အနေနဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း နှစ်မျိုးစလုံး ထိခိုက်နေရပါတယ်။ “အသံချဲ့စက် ဥပဒေ” မှာ ပြဋ္ဌာန်းထားတာတွေကို လိုက်နာသူ အလွန်ရှားနေပြီး ထီရောင်းသူ တယောက်ကို အသံကျယ်လောင်စွာ သီချင်းဖွင့်လို့ ထောင် ၁၅ ရက် ချတာက လွဲလို့ တခြားအရေးယူမှု မကြားရသေးပါဘူး။
လူငယ်တွေထဲမှာ မူးယစ်ဆေးဝါးသုံးစွဲမှု များလာတာရဲ့ အကျိုးဆက် အဖြစ် မိဘကိုပါ ရန်ရှာ သတ်ဖြတ်တာတွေ ဖြစ်လာနေ ပါတယ်။ သိပ်မကြာမီက ရှမ်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အမှုတခုမှာ မူးယစ်ဆေး စွဲနေတဲ့အဖေက ဓားနဲ့ ခုတ်လို့ သားသမီး ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာ ရခဲ့တာပါ။ သမီး မိန်းကလေးမွေးထားတဲ့ မိဘတွေမှာ ရတက် မအေးရဘဲ သက်ငယ်မုဒိမ်းမှုတွေ များလာနေတာက လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကိုပါ ခြိမ်းခြောက်လာနေ ပါတယ်။ တချို့သော သက်ငယ်မုဒိမ်းမှုတွေမှာ ကလေးငယ်တွေဟာ မုဒိမ်းပြုကျင့် ခံရရုံသာ မကဘဲ အသတ်ပါ ခံရတာ ရင်နင့်စရာပါ။ ၂၀၁၆ ခုနှစ် အတွင်း ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှု အရေအတွက်ဟာ အခုချိန်ထိ ၂၀၁၅ ခုနှစ်က ထက်တောင် ပိုများနေပါတယ်။
ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ခံစားနေရသလို အနှေးယာဉ်လုပ်သား တယောက်ဟာ နေ့စဉ်အသုံးစရိတ် ၂၅၀၀ ကျပ် မပေးနိုင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဖြစ်ခဲ့တာ စိတ်မကောင်းစရာပါ။ ငွေလဲနှုန်း မတည်ငြိမ်မှု၊ ငွေကြေး ဖောင်းပွမှုတွေကြောင့် အထွေထွေ ကုန်ဈေးနှုန်း တက်တဲ့ အခါ အဓိက ထိခိုက်ခံစားရတာက အခြေခံ လူတန်းစားတွေ ဖြစ်ပါတယ်။ ငရုတ်သီးမှုန့်တွေ မစစ်မှန်း သိလျက်နဲ့၊ စားဆီတွေ မစစ်မှန်းသိလျက်နဲ့ ကျန်းမာရေးကို ဘေးချိတ်ပြီး စားသောက်နေရသူတွေ ရှိနေတာ အိပ်မက် မဟုတ်ပါဘူး၊ ပြည်သူတွေကြားမှာ တကယ့်ကို ဖြစ်နေ ပျက်နေတာပါ။ ဆင်းရဲသားတွေ အတွက် ဟင်းတစ်ခွက်ဖြစ်တဲ့ ငါးပိမှာတောင် အန္တရာယ်ဖြစ်စေတဲ့ “အာဆင်းနစ်” နဲ့ “ယူရီးယား” ပါဝင်မှုရှိနေတယ်လို့ စစ်ဆေးတွေ့ရှိမှု ထွက်ပေါ်ခဲ့ပေမယ့် တိတိကျကျ အရေးယူတာ၊ ပညာပေးတာတွေ အလွန်နည်းပါးနေဆဲပါ။
အထက်မှာ ပြောပြခဲ့တာတွေအားလုံးဟာ မြင်သာထင်သာရှိတဲ့ ဥပမာတွေကိုပဲ ပြောပြခဲ့တာပါ။ စစ်ပွဲဖြစ်ပွားနေတဲ့၊ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေမှာ နေထိုင်ရတဲ့ ပြည်သူတွေရဲ့ “မလုံခြုံမှု” က အထူးပြောပြစရာတောင် မလိုပါဘူး။ အာဏာရှင် အစိုးရ အဆက်ဆက်ရဲ့ စီမံခန့်ခွဲမှုအမှား (Mismanagement) နဲ့ ကိုယ်ကျိုးရှာမှုတွေရဲ့ ဒဏ်ကို ပြည်သူတွေ ခံစားခဲ့ရတာဖြစ်ပါတယ်။
ပြည်သူတွေက တစ်ခဲနနက် ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရသစ် အနေနဲ့ နှစ် ၅၀ ကျော် ဖျက်ဆီးခံခဲ့ရတဲ့ နိုင်ငံ တနိုင်ငံကို နေ့ချင်းညချင်း ကောင်းမွန်လာအောင် ပြုလုပ်ပေးဖို့ မလွယ်ကူတာ နားလည်လက်ခံပါတယ်။ ဒါပေမယ့် အစိုးရက အပြောင်းအလဲ တခုဆီကို ဦးတည်လျှောက်လှမ်း နေချိန်မှာ အပြောင်းအလဲမှာ မလိုက်ပါချင်တဲ့ ဝန်ထမ်းတချို့ ရှိနေသေးတာက အဟန့်အတားဖြစ်နေဆဲပါ။ ကျမတို့ ပြည်သူတွေ ဘက်ကလည်း ကိုယ့်ပတ်ဝန်းကျင်မှာ မတရားမှုတွေတွေ့ရင် လက်ပိုက်ကြည့်မနေဘဲ လုံခြုံမှုရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်လာအောင် ဝိုင်းဝန်းကူညီသင့် ပါတယ်။
ကိုယ့်ရှေ့မှာ လုယက်မှု၊ လူသတ်မှုဖြစ်နေရင် ရဲတပ်ဖွဲ့ကို သတင်းပေးတိုင်ကြားတာ လုပ်သင့်ပါတယ်။ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေတဲ့ ဆူညံသံတွေကို ရဲတပ်ဖွဲ့ထံ တိုင်ကြားတာ၊ အရေးပေါ် ဖုန်းနံပတ် 199 ကို ဆက်သွယ် တိုင်ကြားတာက ကျွန်မတို့ ပြည်သူတွေရဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ကန်ထရိုက်တိုက်ခန်းမှာ နေထိုင်သူတွေအနေနဲ့ တခန်းနဲ့ တခန်း ရင်းနှီးမှု ရှိအောင် လုပ်ထားသင့်ပြီး လူစိမ်းအဝင်အထွက်ကို သိထားရင် မလိုလားအပ်တဲ့ ရာဇဝတ်မှုတွေကို လျော့ကျစေနိုင်ပါတယ်။
ပြည်သူက ရွေးချယ်လိုက်လို့ လွှတ်တော်ထဲ ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ကိုယ့် မဲဆန္ဒနယ်မှာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာ လေ့လာ၊ ပြည်သူနဲ့ ထိတွေ့ပြီး ဥပဒေပြုရေး မဏ္ဍိုင်ကနေ ဥပဒေ အသက်ဝင်ရေး (Law Enforcement) အတွက် ကြိုးစားမှသာ တာဝန်ကျေပါလိမ့်မယ်။ အခုလို ပြည်သူ့ဘ၀ မလုံခြုံတာဟာ တရားဥပဒေ စိုးမိုးရေး အားနည်းနေမှုကို သက်သေပြနေတာပါပဲ။
ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ သက်ဝင်ပြီး နယ်ပယ် အသီးသီးမှာ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်နိုင်မှ၊ ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင် မဏ္ဍိုင် ၃ ရပ် ဟန်ချက်ညီနေမှသာ ပြည်သူ့ဘဝတွေ လုံခြုံလာမှာ ဖြစ်ပြီး အဲဒီလို လုံခြုံတဲ့ ပြည်သူ့ဘဝတွေ ဖန်တီးပေးနိုင်ဖို့က ပြည်သူ့အစိုးရ တရပ်ရဲ့ တာဝန်ဖြစ်ပါကြောင်း သုံးသပ် ရေးသားလိုက်ရပါတယ်။ ။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် စာရေးဆရာမတဦး ဖြစ်သည်)