နိုင်ငံတကာ အသိုင်းအဝန်း ဟု ရည်ညွှန်း ပြောဆိုကြသည့် အခါ နိုင်ငံတကာ အစိုးရအသီးသီး၊ ကုလသမဂ္ဂ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူ၊ အဖွဲ့အစည်း မျိုးစုံပါဝင်ကြသည်။ ထိုအထဲတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီ (humanitarian aid) များပေးနေကြသော နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း များ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးပါသော အနေအထားတွင် ရှိပါသည်။ လတ်တလောတွင်လည်း နိုင်ငံတကာ က ရခိုင်ပြည်နယ်သို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ အမြန်ဆုံး ခွင့်ပြုရန် ဖိအားပေး နေသည်။
“ဘာကြောင့် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို အစိုးရ ငြင်းပယ်ရန် ခက်ခဲတာလဲ။ ဘာကြောင့် တဖက်ကလည်း တောင်းဆိုကြတာလဲ”
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ပြည်သူသို့ ပြောကြားခဲ့သည့် မိန့်ခွန်းမှာလည်း ဦးစားပေး လုပ်ငန်းစဉ် အဖြစ် ထည့်သွင်း ခဲ့သည်။ အဆိုပါ လူသားချင်း စာနာထောက်ထားမှု အကူအညီများ၏ နောက်ကွယ်က သဘောတရား မောင်းနှင်အားများ ကို စေ့ငုနားလည်နိုင်ရန် လိုအပ်နေသည် ဟု မြင်မိပါသည်။
သမိုင်းအစ
အမှန်တကယ်တွင် လူသားချင်း စာနာထောက်ထားမှု ဆိုသည့် စကားလုံး မပေါ်ခင်ကတည်းကပင် စစ်ပွဲများ ဖြစ်ပွားလာ ပါက အရေးပေါ် အသက်ကယ် ဆေးဝါးကုသမှု အကူအညီများ ကမ္ဘာအနှံ့မှာ ပေးနေကြပါသည်။ စစ်ပွဲများ၏ အနိဋ္ဌာရုံ ဆိုးကျိုးများကို တတ်စွမ်းသမျှ ကူညီ ကုစား ဖြည့်ဆည်းပေးရင်း လူသား၏ ပကတိမွန်မြတ်သန့်စင်သည့် နှလုံးသွေးက ပေါက်ပွားလာသည့် အပြုအမူများပင် ဖြစ်သည်။
ဟင်နရီဒူးနန့်ကို အကြောင်းပြု၍ ပေါ်ပေါက်လာသော နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ဖြစ်တည်လာခဲ့သည့် ၁၈၆၃ ခုနှစ်မှ အစပြုကာ လူသားချင်း စာနာထောက်ထားသည့် အကူအညီ လုပ်ငန်းများ စတင်လာသည် ဟု မှတ်ယူကြပါသည်။
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၏ လုပ်ငန်းတာဝန်များကို ဂျီနီဗာသဘောတူ စာချုပ်ဖြင့် နိုင်ငံတကာမှ အသိအမှတ်ပြုခဲ့သည်။ စစ်ပွဲအတွင်း ဒဏ်ရာရသူများကို နိုင်ငံသား မခွဲခြားဘဲ ဆေးကုသပေးခြင်း၊ ဆေးဝန်ထမ်းများ၏ ဘက်မလိုက်မှု၊ စစ်မြေပြင်တွင် အဖြူရောင် နောက်ခံပေါ်တွင် အနီရောင် ကြက်ခြေခတ် (နောင်တွင် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၏ အမှတ်အသားဖြစ်လာ) အသုံးပြုခွင့် စသည်တို့ဖြင့် အစပြုခဲ့ကြသည်။
ကျင့်ဝတ်အဓိက
ထို့နောက် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့မှ ကြက်ခြေနီအဖွဲ့ဝင်များ မဖြစ်မနေ လိုက်နာရမည့် မှုဝါဒများ စည်းမျဉ်း စည်းကမ်းများကို ထုတ်ပြန်ခဲ့ပြီး အခြားသော နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများကလည်း စံထားစရာ အဖြစ် ကျင့်သုံးစေသည့် လက်ကိုင်ကျင့်ဝတ် အဖြစ် လက်ခံ အသုံးပြုလာ ကြသည်။ ဘက်မလိုက်ခြင်း၊ ကြားနေခြင်း၊ လူသားအရေး ဦးစားပေးမှု၊ လွတ်လပ် အမှီအခိုကင်းမှု စသည့် အခြေခံမှုများကို အခြေခံကာ လုပ်ဆောင်ကြရခြင်း ဖြစ်သည်။
ကျင့်ဝတ်များထဲတွင် –
– လူသားတို့၏ အရေးကို ရှေ့ဆုံးက ထားရမည်။
– အရေးပေါ်အကူအညီများကို လူမျိုး၊ ဘာသာ၊ နိုင်ငံသားမရွေး ပေးအပ်ရမည်။ လိုအပ်ချက်ပေါ်မှုတည်၍ အကူအညီ ပေးအပ်ရမည်။
– အရေးပေါ် အကူအညီများကို နိုင်ငံရေး ရည်ရွယ်ချက်အရ အသုံးမပြုရ။
– အရေးပေါ် အကူအညီများကို နိုင်ငံတနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒအဖြစ် အကောင်အထည် မဖော်ရ … စသည့် အလွန်ရှင်းလင်းသော အချက်များ အပါအဝင် ဖြစ်သည်။
အထက်ပါ အခြေခံမှုများ၊ ကျင့်ဝတ်များမှာ ကျယ်ပြန့်ပြီး သဘောမတူသူ မရှိသော်လည်း လက်တွေ့ အကောင်အထည် ဖော်ရာတွင် အမြင် အမျိုးမျိုးကွဲပြားသွားတတ်ကြသည်။
ကူညီသည့် အဖွဲ့အစည်းဘက်ကမူ လိုအပ်ချက်ကို တွက်ချက်၍ ပို၍ လိုအပ်သူဟု မြင်သူကို ဦးတည်ကာ ကူညီရေး လုပ်ငန်းများ လုပ်ကိုင်လေ့ရှိရာ ထိုသို့ နှိုင်းယှဉ်ချက်အရ အလိုအပ်ဆုံးဟု သတ်မှတ်ချက်ထဲ မပါဝင်သူများ၏ မကျေနပ်ခြင်း၊ ကန့်ကွက်ခြင်းကို ခံရလေ့ရှိသည်။ ကန့်ကွက်ခံရတိုင်း ထိုအဖွဲ့ကို ဘက်လိုက်သည် ဟု ပြောရန် ခက်သည်။ ပြောလည်း မပြောသင့်ပေ။
အဖွဲ့အစည်းတိုင်းသည် အစိုးရ မဟုတ်သည့် အတွက် လုပ်နိုင်သည့် နယ်ပယ်နှင့် ပမာဏမှာ အကန့်အသတ်များစွာ ရှိသည်။ ထိုအတွက် မိမိတို့ ဦးတည်ချက် ထားရာကိစ္စ (mandate) ကို အဓိက လုပ်ဆောင်ကြရသည် ဖြစ်ရာ ဒေသခံများ၏ အမြင်များနှင့် ထပ်တူ မကျသည်မှာ မထူးဆန်း ဟု ဆိုရမည်။ ဒေသခံ ကန့်ကွက်သူများဘက်က ထိုသဘောကို နားလည် သဘောပေါက်သင့်သလို၊ အဖွဲ့အစည်းများကလည်း မိမိတို့ အဖွဲ့၏ ဦးတည်ချက်နှင့် ဦးတည်ရခြင်း အကြောင်းအရင်းများကို ဒေသခံများ နားလည်အောင် လုပ်သင့်သည်။
သို့သော် ထိုသို့ ဒေသခံများ နားလည် သဘောပေါက်အောင် ပြောဆို ဆက်သွယ်ရသည့် အလုပ်မှာ အလွန်အင်မတန် စိန်ခေါ်မှု မြင့်မားသော လုပ်ငန်း ဖြစ်သည်။ မလွယ်ကူပါ။ ဆန့်ကျင်ဘက် အုပ်စု ၂ စုဆိုလျှင် ပိုဆိုးမည်။ ဥပမာ -မတည့်သည့် ရွာ ၂ ရွာတွင် ရွာတရွာကို ထောက်ပံ့မှု ပေးပြီး အခြားရွာတရွာကို မပေးလျှင် မည်မျှပင် ရှင်းပြပါစေ နားထောင်ကြမည် မဟုတ်ပါ။ လက်ရှိ ရခိုင်ဒေသခံများ၏ ခံစားချက် ပြောဆိုချက်များကို နားလည်ကြည့်နိုင်သည်။
သို့သော် ဤနေရာတွင် မြန်မာ အများစု နားလည်ထားသော ပရဟိတ လုပ်ငန်းများနှင့် မှားယွင်းကာ မြင်တတ်ကြပြန်သည်။ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (INGOs) များမှာ စနစ်တကျ ဖွဲ့စည်းထားကာ ရေရှည် ဖွံ့ဖြိုးရေး လုပ်ငန်းမှ သည် အရေးပေါ် ကယ်ဆယ်ရေး အထိ လုပ်ငန်း အမျိုးမျိုးကို အစိုးရ မလုပ်နိုင်သည့် နေရာများ၊ အားနည်းသည့် နေရာများတွင် အရပ်ဘက် အဖွဲ့အစည်းများ အသွင် လုပ်ကိုင်ကြခြင်း ဖြစ်သည်။ မိမိတို့ သတ်မှတ်ထားသည့် ဦးစားပေး နယ်ပယ်တွင်သာ အထူးပြု လုပ်ကိုင်ကြခြင်း ဖြစ်သည်။ ဥပမာ – Save the Children အဖွဲ့သည် ကလေးသူငယ်များ အရေး ကို ဦးစားပေးကာ အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းသည့် လုပ်ငန်းများကို လုပ်ကိုင်သည်။
ထုတ်ဖော်ပြောဆိုခွင့်
အရေးကြီးသည့် သမိုင်းအဖြစ်အပျက် တခုအဖြစ် ဒုတိယကမ္ဘာစစ်ကြီး အတွင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၏ လုပ်ဆောင်ချက်များကို အားမရမှုများ ပေါ်ပေါက်လာခဲ့သည်။ နာဇီ အကျဉ်းစခန်းများတွင် ဖြစ်ပျက်နေသည်များကို သိသော်လည်း စောင့်ထိန်းရမည့် ကျင့်ဝတ်အရ ထုတ်ဖော် မပြောဆိုခဲ့သောကြောင့် လူမျိုးတုံး သတ်ဖြတ်မှုကို မတားဆီးနိုင်ခဲ့ကြ ဟု ရှုမြင်ခဲ့ကြသည်။
အကယ်၍ ထုတ်ဖော်ပြောဆိုခဲ့လျှင် အကျဉ်းသားများကို ကူညီနေမှုများ လုပ်ခွင့် မရမည်ကို ကြက်ခြေနီက စိုးရိမ်ခဲ့သော ကြောင့် ဖြစ်သည်။လူသားတွေ အတိဒုက္ခ ရောက်နေလျှင်၊ ရောက်တော့မည်ကို ကြိုတင်သိလျှင် ၎င်းတို့ ကိုယ်စား ထုတ်ဖော် ပြောဆိုရမည် ဟု ယူဆသူများ ပေါ်ပေါက်လာခဲ့သည်။ ထိုအထဲမှ ပြင်သစ်ဆရာဝန် တစုက ခွဲထွက်ကာယနေ့ နာမည်ကျော် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (Medicine Sans Frontieres) ဆိုသည့် အဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက် ခဲ့ကြသည်။
၎င်းတို့၏ speak out ထုတ်ဖော်ပြောဆိုခြင်း ပေါ်လစီမှာ လူသိများလှသည်။ အမှန်တကယ် အားကိုးရာ မဲ့သူများ အတွက် အလွန်သင့်တော်သော လုပ်ဆောင်ချက် ဖြစ်သော်လည်း အမှားအမှန် မကွဲပြားတတ်သော၊ အမြင် အမျိုးမျိုး ကွဲပြားသော ကမ္ဘာ့အဖြစ်အပျက်များတွင် ဝိဝါဒကွဲပြားလှသည့် လုပ်ဆောင်ချက်လည်း ဖြစ်နေသည်။
၎င်းတို့၏ မှုဝါဒများ ထဲတွင် တိုင်းပြည်တွေရဲ့ အချုပ်အခြာကို ကျော်လွန်ကာ လုပ်ဆောင်ခြင်း၊ ဒုက္ခသည်များ၏ ဝေဒနာကို ထုတ်ဖော် ပြောဆိုခြင်း၊ အထူးသဖြင့် နိုင်ငံတနိုင်ငံက ၎င်းတို့ နယ်နိမိတ် အတွင်းရှိ အရပ်သားများကို ခွဲခြား ဆက်ဆံသည့် အခါ ဝေဖန်ပြစ်တင်ခြင်းဖြင့် လူအများ သိစေရန်နှင့် အခြားသူများလည်း ပါဝင်လုပ်ဆောင်လာရန် တွန်းအားပေးခြင်း ဆိုသည့် ၂ ချက်မှာ သိသာထင်ရှားစွာ ခွဲထွက်လာသည့် အချက်များ ဖြစ်သည်။ ယခု နိုင်ငံတကာမှ ကျယ်ကျယ်လောင် ဝေဖန်ကြခြင်းကို နားလည် သဘောပေါက်ကြည့်နိုင်မည်။
ဝင်ရောက် ကူညီခွင့်
ထို့နောက် ၁၉၆၉ ခုနှစ် နိုင်ဂျီးရီးယားနိုင်ငံ၊ Biafra ခွဲထွက်ရေး လှုပ်ရှားမှု စစ်ပွဲများကြောင့် ထိခိုက်ခံစားရသည့် အရပ်သားများကို ကူညီရန် လူသားချင်း စာနာထောက်ထားမှု ခေါင်းစဉ်အောက်မှ နေ၍ နိုင်ငံတကာ အဖွဲ့များသည် လက်နက်ကိုင် အုပ်စုများက တဆင့် ထောက်ပံ့ခဲ့ကြသည်။
အကြောင်းပြချက်မှာ စစ်တပ်က နိုင်ငံတနိုင်ငံ၏ အခြေခံ လူမှုကူညီရေးတွေကို ပိတ်ဆို့ ထားခဲ့လျှင် လူသားချင်း စာနာမှု၊ ဒုက္ခရောက်နေသူများ၏ အကျိုးကို ရှေးရှုသင့်ပြီး လိုအပ်ပါ ယင်း အနေအထားမျိုးတွင် နိုင်ငံတနိုင်ငံ၏ အချုပ်အခြာ အာဏာကို ကျော်လွန်လုပ်ဆောင်သင့်သည် ဟူသည့် အမြင်ဖြစ်ပါသည်။
အထူးသဖြင့် “အုပ်စုတစုကို နိုင်ငံတနိုင်ငံက ခွဲခြား ဆက်ဆံနေရင်” ဟူသည့် စိုးရိမ်ချက်က လာခြင်း ဖြစ်သည်။ ထို့ကြောင့် လက်နက်ကိုင် အုပ်စုဖြစ်သည့် (non-state actor) အုပ်စုဘက်ကို အားကိုးအားထား ပြုပြီး ဝင်ရောက် ကူညီရခြင်း ဖြစ်သည်။ ဒီအခြေအနေမျိုးကို interventionist ဟု ခေါ်ကြသည်။
မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ တိုက်ပွဲများကြောင့် ဒုက္ခရောက်ရသည့် သူများကို ထိုင်းနယ်စပ် ဖြတ်ကျော်ကာ အကူအညီပေးခဲ့ခြင်းမျိုး ဖြစ်သည်။ လုံးဝ မှားသည်ဟု ယတိပြတ် ပြောရန် ခက်ခဲသော်လည်း ဆင်ခြင် စဉ်းစားဖွယ်ရာ များစွာ ရှိသည့် အခြေအနေမျိုး ဖြစ်ပါသည်။ စစ်တပ်ဘက်မှ လက်နက်ကိုင် အားပေးသည့် အဖွဲ့များ အဖြစ် ရှုမြင်ခံရပြီး ရေရှည် လုပ်ငန်းများလုပ်ကိုင်ရန် အခက်အခဲ ရှိတတ်ကာ ပွတ်တိုက်မှုများ ဖြစ်ပေါ်လေ့ရှိသည်။
နိုင်ငံရေး အကြောင်းခြင်းရာ
နိုင်ငံတကာ အဖွဲ့အစည်း တော်တော်များများသည် ကိုယ်ပိုင် mandate ဖြင့် လှုပ်ရှား ဆောင်ရွက်ကြ သော်လည်း နိုင်ငံတကာ အစိုးရ အပါအဝင် အလှူရှင် အသီးသီးထံမှ အလှူငွေဖြင့် လည်ပတ် ရပ်တည်ကြခြင်း ဖြစ်သည့် အတွက် မပြေးသော်လည်း ကံရာရှိ၊ နောက်ခံ နိုင်ငံရေး သဘောတရားများ ပါလာသည် ဟု ဝေဖန်ခံရလေ့ရှိသည်။
တချို့အဖွဲ့များကတော့ ၎င်းတို့သည် မည်သည့် အစိုးရထံကမျှ အလှူငွေ လက်မခံဘဲ တသီးပုဂ္ဂလထံမှ အလှူငွေများသာ လက်ခံသည်။ (ဥပမာ HRW, MSF) ဟု ဆိုသော်ငြားလည်း သာမန် ပြည်သူများ လက်လှမ်းမီ နားလည်ရန် အတွက် ရှုပ်ထွေးလွန်းသော လုပ်ငန်းစဉ် အဖြစ်သာ ရှိနေသေးသည်။
ဒုက္ခရောက်နေသူ၊ အကူအညီ လိုအပ်သူ၊ ထိခိုက်ခံစားရသူများကို “ဘယ်လို စံနှုန်းတွေပေါ် မှုတည်ပြီး သတ်မှတ်သလဲ ဆိုသည်က တကယ့်ကို အငြင်းပွားစရာ ဖြစ်ပြီး ပြဿနာများစွာ၏ အရင်းအမြစ်” ဖြစ်နေတတ်သည်။ အထူးသဖြင့် အလှူရှင် နိုင်ငံများဟု နိုင်ငံရေး အကျိုးစီးပွား အပေါ် မှုတည်ကာ အထူးအာရုံထားသည့် လူအုပ်စုများ ရှိနေတတ်သည် မှာလည်း ငြင်းမရပေ။ ယခုနောက်ပိုင်းတွင်တော့ right based approach လူ့အခွင့်အရေး အရ လူများကို ဦးစားပေး သတ်မှတ်ကာ ကူညီခြင်းက ရှေ့တန်း ရောက်လာသည်။
အခြား တဖက်တွင်လည်း ပဋိပက္ခတို့ သဘောအရ ရှုပ်ထွေးတတ်ရာ အမှန်တကယ် အကျိုးပြု လုပ်ဆောင်လိုသည့် အဖွဲ့အစည်းများ အနေဖြင့် ပဋိပက္ခ အခြေအနေများကို နားလည်ကာ ထိထိရောက်ရောက် လုပ်ငန်းလည်ပတ်နိုင်ရန် ကလည်း လက်တွေ့ ကြီးမားသော စိန်ခေါ်မှုပင်ဖြစ်သည်။ လက်တွေ့ လုပ်ဆောင်နေသော အဖွဲ့အစည်းများစွာလည်း ရှိသည်။
ထိုသို့ ကောင်းမွန်စွာလုပ်ငန်း လည်ပတ်သော အဖွဲ့အစည်များကိုရော ဒေသခံပြည်သူများ အပါအဝင် လက်ခံရသည့် နိုင်ငံက မည်မျှ နားလည်ပေးနိုင်မည်နည်း။ မည်မျှ လူသားချင်းစာနာထောက်ထားမှု မှုဝါဒများ၊ ကျင့်ဝတ်များကို နားလည်ကာ ပူးပေါင်းဆောင်ရွက်နိုင်မည်နည်း ဆိုသည်က အရေးကြီးသော မေးခွန်းဖြစ်သည်။
ထိုသို့ မဟုတ်ပါမှု နိုင်ငံတကာ အမြင်တွင် လူသားချင်းစာနာမှုကိုပင် လက်မခံလိုသည့် (မပြေးသော်လည်း ကံရာရှိ) လူရိုင်းများပမာ ရှုမြင်ခံရမည်မှာ မဆန်း။
စဉ်းစားဖွယ်ရာများ
ဆင်းရဲသော နိုင်ငံတနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံတကာ အကူအညီများနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ငြင်းပယ်နိုင်ရန် အခွင့်အရေး အလွန်ပင် နည်းပါး ပါသည်။ ဥပမာ- ရခိုင်မှာရှိသည့် လက်ရှိ ဒုက္ခသည် တသိန်းကျော်ကို ရေရှည် ထောက်ပံ့ထားရန် ဆိုသည်မှာ နိုင်ငံတနိုင်ငံအနေဖြင့် မဖြစ်နိုင်။ နောက်ထပ် တိုးလာနိုင်မည့် အရေးအတွက်ကို တွက်ကြည့်သင့်သည်။ နိုင်ငံရေး လုပ်ငန်းစဉ်အရ လူကြိုက်များစေရန် နိုင်ငံတကာ အဖွဲ့အစည်းများကို ဝေဖန်နေနိုင် သော်လည်း ပကတိတွင် ၎င်းတို့၏ ရှိနေဦးမည့် အခန်းကဏ္ဍကို လျစ်လျူရှု၍ မရပေ။
နိုင်ငံတကာ ဖိအားများသည်လည်း ထိုအဖွဲ့အစည်များ ရှိနေဦးမည့် အကြောင်းချက် တရပ်ဖြစ်သည်။ ထို့ကြောင့် ရှဉ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာ ဖြစ်စေမည့် မှုဝါဒများ ချမှတ်ကျင့်သုံးရမည်သာ ဖြစ်သည်။ ထိုအတွက် မြန်မာအစိုးရတွင် မည်မျှ အဆင့်သင့် ဖြစ်နေပြီး လုပ်ရည်ကိုင်ရည် ရှိနေပြီ ဆိုသည်ကလည်း အရေးပါ အခရာကျသည်။
သို့မဟုတ်ဘဲ လူပြိန်းကြိုက် ဝေဖန်နေရုံမျှဖြင့် ထူးလာမည် မဟုတ်ပေ။ နိုင်ငံတကာ အဖွဲ့အစည်းများ ပွင့်လင်းမြင်သာမှု ရှိရှိဖြင့် ကျင့်ဝတ်ကို ထိန်းကျောင်းမည့် နည်းလမ်းများကို အပူတပြင်း ရှာဖွေသင့်သည်။ ဥပမာအားဖြင့် တရုတ်တွင် အဖွဲ့အစည်များသည် တင်းကျပ်သည့် စည်းကမ်းများကို လိုက်နာရသည်။ ထိုင်းနိုင်ငံတွင်လည်း သဘောတူထားသော လုပ်ငန်းများမှအပ ဘောင်ကျော် လုပ်ဆောင်၍ မရပေ။
မြန်မာနိုင်ငံအတွက်လည်း ထိုသို့ လုပ်ဆောင်ရန် ဥပဒေတရပ်နှင့် ယန္တယားတခုလိုအပ်နေသည်ဟု မြင်မိပါသည်။ လူသား အချင်းချင်းကြား လူပီသစေသော လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများကိုလည်း လုပ်စေမည်။ နိုင်ငံအတွက် လည်း မလိုလားအပ်သော ဆိုးကျိုးများ နည်းစေမည် ဟု မျှော်လင့်ကာ ကြည့်မြင်နိုင်ပါသည်။ ယခု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ဦးစားပေး လုပ်ငန်းစဉ် သတ်မှတ်ခြင်းကို များစွာ ကြိုဆိုရမည် ဖြစ်ပါသည်။ ကျနော်တို့ မရိုင်းခြင်းကို ပြသရမည့် အခွင့်အရေး ဟု ဆိုချင်ပါသည်။ ။
(လင်းငယ်သည် စစ်တွေမြို့အခြေစိုက် မြန်မာဆရာဝန်တဦးဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ် လေ့လာနေသူ ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဆက်စပ်သည့် မျက်မှောက် ရေးရာများကို သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)